Thursday, January 21, 2010

မြင့်မြတ်သူတို့အတွက်

မြင့်မြတ်သူတို့အတွက်
(မင်းစိုးစံ)

လေပြင်းဝင်တိုး
ယိမ်းထိုးနေတဲ့…သစ်ပင်။

ရောင်နီပျိုးလာမှ
မြူခိုးဗလာနဲ့….တောင်။

ရောင်နီအပျိုးလေအတိုးမို့
မြူခိုးဗလာနဲ့တောင်ရိုးမှာ
သစ်ပင်တွေခမျာ
ယိမ်းထိုးနေကြရ,ရှာတယ်။

ဘယ်လောက်မြင့်နေတဲ့
“တောင်” ဖြစ်ပါစေ
သစ်ပင်တွေကို မကျော်လွှားနိုင်သလို
မြင့်မားတဲ့
သစ်ပင်ဖျားတိုင်းဟာလည်း
လေပြင်းရဲ့ဒါဏ်ကို
ကွင်းမရှောင်သာပါဘူး။

အပင်မြင့်လေ
လေတိုးလေမို့
သစ်ပင်တို့ရေ…..
လေတိုးတာကို
အစိုးရိမ်မပိုပါနဲ့။

အမြင့်မှာနေရင်း
လုပ်သင့်တာလုပ်နေကြတဲ့
သစ်ပင်တွေမှန်သမျှ
လေတိုးဒါဏ်ကို
ခံနိုင်ကြပါစေ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး