Wednesday, August 1, 2012

အိုးသူကြီးဘဝ

အိုးသူကြီးဘဝ
(မင်းစိုးစံ)

ဒီနေ့တော့ မိသားစုအတွက် အချိန်ပေးတဲ့အနေနဲ့ မီးဖိုဆောင်ထဲဝင်ပြီး နေ့လည်စာအတွက် တာဝန်ယူပြီးချက်ပြုတ်
ဘို့ စိတ်ကူးရမိတာကတကြောင်း၊ ကိုယ်တိုင်ကလည်း ဟင်းကောင်းကောင်းတစ်ခွက်လောက် စားချင်တာကလည်း
တကြောင်းမို့ အခုလိုမီးဖိုခန်းထဲဝင်တာပါ။
တချို့ရုပ်ရှင်တွေထဲကလို အဖေလုပ်တဲ့လူက ဟင်းချက်တာကောင်းလို့ သားသမီးတွေ နားပူနားဆာလုပ်တာနဲ့ မီးဖို
ခန်းထဲဝင်လာတာ မဟုတ်ပါဘူး။
ကျုပ်သားသမီးတွေက သူတို့ မေါဝ်.တုင်.တုင့် ချက်တာကိုပဲ သဘောကျကြတာ။
သူတို့မွေးမိခင်ရဲ့လက်ရာက လည်း မိသားစုထမင်းဝိုင်းအတွက် ပြိုင်စံရှားကိုး။

မိသားစုအတွက်အချိန်ပေးတဲ့အနေနဲ့လို့ ကျုပ်ရေးလိုက်လို့ ဒီလူတော်တော်အလုပ်များတဲ့လူပဲ၊ ဒါမျှမဟုတ် ရုံးလုပ်
ငန်းတွေနဲ့ ဒါမျှမဟုတ်ကုမ္ပဏီပိုင်ရှင်လား ဒီလိုမျှမဟုတ်လျင်လည်း သမ္မတအကြံပေးလား စသည်စသည်ဖြင့်ထင်
နေကြမလား၊ နိုင်ငံရေးသမားလား ။

ဟို အရေးသမားလား၊ ဒီအရေးသမာလား ဘာမျှမဟုတ်ဘူး မသန်မစွမ်း ဒုက္ခိတရောဂါသည်တစ်ဦးပါ။ အလုပ်များတာတော့ပြောမနေနဲ့ အထိုင်အထ လုပ်တဲ့အခါဖြစ်ဖြစ် အပေါ့အလေးသွားတဲ့အခါဖြစ်ဖြစ်၊စားဘို့သောက်
ဘို့လှုပ်ရှားရတဲ့အခါဖြစ်ဖြစ် အကူမရှိလျင် ဘာမျှဖြစ်မလာတဲ့ ဒုက္ခိတတစ်ယောက်ပါ။
ဒါကြောင့် ကျုပ်ကိုကူညီဘို့ အစိုးရကနေပြီး PCA ဆိုတာငှားထားပေးတာ။ကြာပါပြီ လွန်ခဲ့တဲ့ငါးနှစ်လောက်ကတည်း
ကပါ။

အချိန်ဆိုတာ အပင်ကလေးပေါက်မယ် အရွက်တွေအကိုင်းအခက်တွေ စုံလာမယ် အပွင့်တွေအသီးတွေ ဝေေ၀ဆာ
ဆာနဲ့ ဖြစ်လာမယ်၊ နောက် အရွက်ကြွေမယ် နောက်ဆုံးအပင်တပင်လုံး လဲကျပျောက်ဆုံးသွားမယ်။ အဲဒါကိုအချိန်လို့ သတ်မှတ်မှာလား။
နှင်းကျတယ်။ မိုးရွာတယ်။ နေပူတယ်။ လေတိုက်တယ်။ အဲဒါကိုအချိန်လို့ပြောမလား။
ဒါဆိုလျင် အချိန်ဆိုတာကြီးကို ဘယ်သူတွေကပေးနေလို့ ဘယ်သူတွေကရပြီး ဘယ်သူတွေက သုံးနေတာလဲ။ ဖြဉ်း
နေတာလဲ။ အချိန်ဆိုတာ တန်ဘိုးရှိတယ်ဆိုတာ ဘယ်လိုလူတွေအတွက်လဲ။

Family Time လို့ခေါ်တဲ့ မိသားစုနဲ့အတူနေရတဲ့အချိန်မျိုး၊ အလည်အပတ်ထွက်တာမျိုး၊ ဒါတွေကိုတော့ နိုင်ငံအ
တော်များများက အရေးထားကြလေတော့ စီးပွါးရေးသမားတွေ၊ သိပ္ပံပညာရှင်တွေ စွန့်ဦးတည်ထွင်သူတွေ၊ အဝေး
ပြေးကားမောင်းသူတွေ၊ သင်္ဘောသားတွေ၊ ပင်လယ်ထဲ ငါးဖမ်းထွက်တဲ့ရေလုပ်သားတွေ တိုင်းပြည်တာဝန်ကို မိ
သားစုနဲ့ခွဲပြီးထမ်းဆောင်နေကြတဲ့ လူတွေ၊ သူတို့တတွေရဲ့ မိသားစုအတွက် မရှိမဖြစ်အချိန်ဆိုတာပေးရတဲ့အတွက် အဲဒါမျိုးကို အချိန်ရဲ့တန်ဘိုးလို့ ဆိုကြမှာလား။

ကဲ ကျုပ်လိုဒုက္ခိတ တစ်ယောက်နဲ့ ကျန်းမာသန်စွမ်းတဲ့ ကမ္ဘာကျော် အားကစားသမားတစ်ယောက်ရဲ့ အချိန်ကို အ
သုံးချပုံခြင်းတူနိုင်ပါ့မလား။ သူရတဲ့ဝင်ငွေနဲ့ ကျုပ်ရတဲ့ဝင်ငွေ တူနိုင်ပါ့မလား။ အဲဒီဝင်ငွေအပ်ါအခြေပြုသတ်မှတ်ပြီး
အချိန်ဆိုတာ တန်ဘိုးရှိတယ် မရှိဘူးလို့ သတ်မှတ်ကြတာလား။

ကဲ ကျုပ်အိုးသူကြီးလုပ်တော့မယ်၊ ဒီနေ့ကျုပ်ချက်မယ့် ဟင်းကောင်းတခွက်ဆိုတာက ကရင့်ရိုးရာ တါ့လါ့ဘေါ့။ ဗ
မာလို တာလပေါ ဟင်း၊ ကရင်လို တါ့လါ့ဘေါ့ ဆိုတာက ဟင်းရွက်နဲ့မျှစ်ပါတဲ့ဟင်းဖြစ်ပါတယ်။ ဗမာလို တာလပေါ ဆိုတာကတော့ ကျုပ် လည်းဘာသာ မပြန်တတ်ဘူး။ ဗမာတွေခေါ်တဲ့အဓိပ္ပါယ် ဗမာတွေပဲသိမှာပါ။

ကျုပ်က တာ့လါ့ဘော့ ကိုချက်လျင် အရိုးနဲ့ချက်တာကို ပိုကြိုက်တယ်။ အမဲရိုး၊ တရုတ်အမဲရိုး၊ ဆတ်ရိုး၊ စတဲ့နည်း
နည်းကြီးကြီးမားမားအကောင်တွေကိုကြိုက်တယ်။ ဟတ်ထိတယ်ပေါ့ဗျာ။ ကျန်တဲ့အရိုးတွေက အလုပ်မဖြစ်ဘူး၊ ကြက်ရိုး ဘဲရိုး တကယ်ကိုမကြိုက်တာ။
တရားကျဘို့ကောင်းလိုက်တာ သူများအရိုးကိုကျတော့ ကြိုက်သလေး မကြိုက်သလေး လုပ်နေလိုက်သေးတယ် ကိုယ့်အရိုးဆိုလျင်ဘယ်လိုနေမလဲမသိ။
အသားလေးနည်းနည်း ဆူးစူးမိရုံနဲ့နာလိုက်ရတာ ကိုယ်ချင်းစာတရားဆိုတာနဲ့ တော်တော်ဝေးသေးတဲ့ကျုပ်ပဲ။

ပထမဆုံး အရိုးတွေကို ရေစင်အောင်ဆေး၊ အတုံးသင့်ရုံလေးတွေတုံး၊ အိုးထဲရေထည့်ဆန်ထည့်၊မီးပြင်းပြင်းနဲ့တည်
ထားလိုက် အရိုးတွေကို ခုတ်ထစ်ပြီးမှရေဆေးလျင် ဘာအရသာမှမရှိတော့ဘူး၊ဒါကြောင့်မခုတ်ခင်မှာရေစင်စင်ဆေး
ခိုင်းတာ၊ ခုတ်တဲ့ဓါးက မထက်လို့မဖြစ်ဘူးနော်၊ ကျိုးပဲ့လာတဲ့အရိုးတွေက ခင်ဗျားအစာအိမ်ထဲရောက်သွားလျင် စား
ရတာနဲ့တန်မှာမဟုတ်ဘူး။
ဖြစ်နိုင်လို့ရှိလျင် သားသတ်ရုံမှာ တခါတည်းအပြီးဖြတ်ခဲ့လိုက်။

လွန်ခဲ့တဲ့စနေနေ့က ကျုပ်ဇနီးဈေးသွားတော့ ကြက်ဟင်းခါးညွန့်ဝယ်ခဲ့တာ။ အတော်ပဲ။ ဒီနေရာမှာ တာ့လါ့ဘော့ ဆိုတာ ပူပူစပ်စပ် နဲ့ခါးခါးလေးမျှ သဘာဝကျတာဗျ။ ကျုပ်တို့ကရင့်ဘ၀နဲ့ ပိုပြီးအပ်စပ်တယ်။ ကရင်တွေအားလုံး ယုတ် လတ် မြတ် မရွေးကျုပ်ပြောတဲ့အတိုင်း ချက်စားကြည့်ဗျာ။ မျက်ရည်မလည်လျင် အဲဒီဟင်းခွက်ကို ထသွန်ပစ်
လိုက်။ ခင်ဗျားရဲ့ရင်ထဲမှာ ဗလောင်ဆူသွားစေရမယ်။
ကရင့်ဘ၀ကို စာနာသွားလို့မဟုတ်ဘူး ပူစပ်ပူလောင်ဖြစ်လွန်းလို့ မျက်ရည်လည်မှာ နှာရည်ယိုမှာ။

တါ့လါ့ဘေါ့ မှာ အရည်မပျစ်မကျဲ နဲ့ နံရံကိုပစ်ပေါက်လျင် နံရံမှာကပ်တဲ့ ချက်နည်းထဲက ကြိုက်သလိုချက်စားနိုင်
တယ်။ ငါး၊ ဖါး၊ ခရု၊ ကဏန်း၊ ပုဇွန်၊ ရေပိုးကောင်၊ကြိုက်တာထည့်။
နံရံကိုကပ်တဲ့ တာ့လါ့ဘေါ့ ဆိုလျင် ဆန်များများသာထည့်ပေတော့။ ရေမများစေနဲ့။

ငါးဆိုလိုက်လို့ ပေါက်တတ် ကရ ငါးတွေမထည့်နဲ့ပေါ့ဗျာ။ ငါးသလဲထိုး၊ ငါးခုံးမ၊ ငါးပဲဖြူ၊ငါးမြွေထိုး၊ ငါးပြေမ၊ ငါးရံ့၊ ငါးခူ၊ ငါးသေးသေး လေးတွေဆို ဘာမျှ မဖြစ်ပါဘူး။ ငါးဖယ်နဲ့ ငါးသလောက်ကိုသာ ထည့်ချက်မိလို့ကတော့များ
လား။
ချက်ကြည့် မှသိမှာပါ။ (မိမိဝမ်းဗိုက်မှ ချက်ကို ဆိုလိုခြင်းမဟုတ်)

ကျုပ်က ကျုပ်မိသားစုအတွက် အချိန်ပေးတယ်ဆိုတာ မိသားစုအတွက်ဘာမျှလုပ်မပေးနိုင်ခဲ့တာအတော်ကြာပြီဆိုေ
တော့ ငါဟာ ငါ့မိသားစုအတွက် ဟင်းချက်ပေးနိုင်သေးတာပဲ ဆိုတဲ့စိတ်ကလေးမွေးနိုင်အောင်လို့ပါ။

အလုပ်အကိုင်မရှိတဲ့လူ၊ အထူးသဖြင့် ကျုပ်လို ကျန်းမာရေးညံ့ပြီး ဒုက္ခိတဖြစ်နေတဲ့လူတစ်ယောက် ဘယ်လိုလုပ်ပြီး အသက်ရှူရမလဲ အဲလေ အသက်ရှင်ရမလဲ။ အဆင်မပြေမှုတွေ မကြေနပ်မှုတွေ နာကျည်းချက်တွေ ဒေါသတွေ အားငယ်တာတွေ စိတ်ဓါတ်ကျတာတွေ မချင့်မရဲဖြစ်ရတာတွေ သိမ်ငယ်မှုတွေ အားမလိုအားမရဖြစ်နေတာတွေ ကျန်းကျန်းမာမာနဲ့ အားကောင်းမောင်းသန်တဲ့အချိန်မှာ အဲဒါတွေက ဘာမှန်းကိုမသိတာ။

အခုလို အားနည်းတဲ့အချိန်မျိုးရောက်လာတော့ ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိဘူး၊ ဒီတော့ ကျုပ် ရဲ့ မိသားစုဆရာဝန်ရဲ့ ညွှန်ကြားချက်အရ စိတ်ရောဂါကုဆေးရုံကို တပတ်တခါသွားပြီး အထူးကုဆရာဝန်နဲ့သွားတွေ့ရ
တာ ဒီကနေ့အထိပါပဲ။
တကယ်တော့ဗျာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ တေးသံရှင် လွှမ်းမိုး သီချင်းလိုပါပဲ ပုထုဇနော ဥမ္မတ္တကော ဆိုတာလို
ပေါ့ လူတိုင်းဟာ အရူးတွေပါ။
တစ်ယောက်တစ်မျိုး ရူးနေကြတာ၊ ဘာကြောင့်လဲဆိုတော့ အရူးဆိုတာ ကိုယ့်ကိုယ်ကို ရူးမှန်းမသိကြဘူးတဲ့ ငါဟာ
ရူးနေတဲ့လူ တစ်ယောက်လို့ကိုယ့်ကိုယ်ကို သိတဲ့လူဟာ အရူးမဟုတ်ဘူးတဲ့။

အဲဒီတော့ ကျုပ်ကိုယ်ကို အရူးလို့ပြောရအခက် မပြောရအခက်နဲ့။ ကရင်တွေပြောစမှတ်ပြုတာ တစ်ခုတော့ရှိတယ် ငါ့ကိုအရူးလို့ ပြောရအောင် ဘယ်သူ့ကောက်ရိုး ပုံကို ငါမီးရှို့ခဲ့လို့လဲ ဆိုတာလိုပေါ့ ကျုပ် ဘယ်သူ့ကောက်ရိုးပုံကိုမျှ မီးမရှို့ခဲ့ပါဘူး။ စိတ်ရောဂါအထူးကုဆေးရုံက ဆရာဝန်နဲ့ သွားတွေ့ရတယ်ဆိုတာ အချိန်ကိုလေးစားလို့ဖြစ်မှာ ပါ
လေ။
ဘာကြောင့်လဲဆိုတော့ ဆရာဝန်ကို ကျုပ်သွားတွေ့တယ်၊ ဆရာဝန်က ကျုပ်ကိုကုသတယ်။
ဘယ်သူက ဒီအချိန် ဆိုတာကိုပေးတာလဲ ဆရာဝန်နဲ့တွေ့ဘို့ Appointment လုပ်ပေးတဲ့ သူလား၊ ဆရာဝန်လား၊ ကျုပ်လား၊ ဘယ်သူက အချိန်ကိုယူသလဲ ဒီလိုထိတွေ့ဆက်ဆံရာမှာ ဘယ်သူ့ရဲ့အချိန်က တန်ဘိုးပိုရှိသလဲ။ ဘာကြောင့်လဲ။

ကျုပ်တည်ထားတဲ့ တာ့လာ့ဘော့ အိုးကြီးဆူပွက်လာပြီဗျို့။
ကဲ အိုးထဲကို ဆား၊ ငါးပိ၊ နံနွင်းမှုန့် ထည့်ချလိုက်ပြီ ဆန်ကမကြေ သေးဘူး၊ အရိုးလည်း မနူးသေးဘူး၊ ဒီဟင်းအိုး
ထဲမှာ ဘယ်အရာက ပိုပြီးအဓိကကျသလဲ၊ အရိုးလား၊ ဆန်လား၊ ငါးပိလား၊ ဆားလား၊ နံနွင်းမှုန့်လား။ ဆန်နဲ့အရိုးကို ကြည့်ကြပါစို့ အရိုးနူးဘို့ အရေးကြီးသလား ဆန်ကြေဘို့အရေးကြီးသလား။

အရိုးနဲ့ဆန် ဘယ်အရာက အဓိကကျသလဲ။ ကဲဗျာခင်ဗျားစဉ်းစားနေတုန်းကျူပ်လည်းဟင်းရွက်တွေချွေလိုက်ဦးမယ်၊ ဟင်းရွက်ကို Farmer market က ၀ယ်
လာတာ ဈေး နည်းနည်းချိုတယ်၊ ပိုလတ်ဆတ်တယ်၊ အရလည်းများတယ်၊ ၀ယ်စားရတာ တန်တယ်။ ဒီနေရာမှာတန်တယ် မတန်ဘူးဆိုတာ ဘယ်အပေါ်မှာ ဆုံးဖြတ်ကြပါသလဲ။ ဈေးချိုတာက တန်တာလား၊ လတ်ဆတ်တာက တန်တာလား၊ အရများတာက တန်တာ လား၊ စားရတာက တန်တာလား။ ကျုပ်တို့နေတဲ့ ပြည်ထောင်စုဗမာပြည်ထဲက တောထဲမှာ ကြက်ဟင်းခါးညွန့် ၀ယ်စားစရာမလိုဘူး။
ဒါဆို ဒီကြက်ဟင်းခါးညွန့်ဆိုတဲ့ အရွက်ကို ဒီနေရာမှာ ဘာ့ကြောင့်တန်တယ်လို့ပြောတာလဲ။
မရှိလို့တန်တာလား၊ ရှားပါးလို့ တန်နေတာလား။
တစည်းကို ၂ဒေါ်လာပေးရတယ်၊ ဆိုင်တွေမှာဆို ၃ဒေါ်လာ။ ကဲ ကျုပ်တို့တောထဲမှာက အလကား။ ဒါဆိုလျင် ဒေါ်လာ က တန်နေတာလား။ ဒေါ်လာက တန်ဘိုးဖြတ်တာလား၊ ကျုပ်က တန်ဘိုးသတ်မှတ်ပြီး
တန်တယ်မတန်ဘူးပြောတာ လား၊ စားရလို့တန်၏မတန်၏ သတ်မှတ်တာလား။ အဲဒီတန်တယ်မတန်ဘူးဆို
တာ ဘယ်အပေါ်မူတည်သလဲ၊ ငွေကြေးလား၊ ထုတ်လုပ်တဲ့ကုန်ပစ္စည်းလား၊ စားသုံးသူလား။

ဒီမှာ တါ့လါ့ဘေါ့ ဆိုတဲ့အတိုင်း အရွက်နဲ့မျှစ်လို့ဆိုထားတော့ ကျုပ်အခု မျှစ်လိုနေတယ်၊ ၀ယ်မစားနိုင်ဘူး၊ဒါဆို မျှစ်ကိုတန်ဘိုး ထားမလား၊ ဘယ်လိုတန်ဘိုးထားကြမလဲ။ ၀ယ်မစားနိုင်တာကို တန်ဘိုးရှိတယ်လို့ပြောမလား။ ဒီတော့ ၀ယ်စားနိုင်တဲ့အပေါ် အခြေခံပြီး တန်တယ် မတန်ဘူးဆိုတာ သတ်မှတ်လို့ရနိုင်သလား။
ကျုပ်တို့ဆီမှာ မျှစ်ဆိုလျင် အိမ်နားက ၀ါးရုံပင်လေးမှာ ချိုးလိုက်ရုံပဲ ရေခဲရိုက်ထားတာမဟုတ်ဘူး၊
 စောစောတုန်းက ကြက်ဟင်းခါးညွန့်လတ်ဆတ်တယ်ဆိုတာတကယ်လတ်ဆတ်ရဲ့လား။
 ရေခဲသေတ္တာထဲထည့်ထားတာလေ။
ထည့်မထားဘူးဆိုလျင်အခုလောက်ဆို ခြောက်ကပ်နေပြီ ဒီတော့ လတ်ဆတ်တယ်၊ တန်တယ်၊ အချိန်ပေးတယ်၊ ဆိုတာတွေကို ဘယ်လိုနားလည်ရမှာလဲ။ တါ့လါ့ဘေါ့ ဆိုတာကို ငရုပ်အစိမ်းထောင်းလေးနဲ့စားရတာ၊ ကဲငရုပ်
အစိမ်းထောင်းဘို့ ကျုပ်ပြင်လိုက်ဦးမယ်၊

ကျုပ်တို့ဆီမှာဆို အိမ်နောက်ဖြေးမှာ ငရုပ်ပင်ရှိတယ်၊ စပါးလင်ရတယ်၊ ပင်စိမ်းပင်ပူစရာမလိုဘူး၊ ရှမ်းနံနံ ပေါမှ
ပေါ။ ကြက်သွန်ဖြူဥ၊ ကြက်သွန်နီ ဥ၊ ကြက်သွန်မိတ် အားလုံးရတယ်။ ဒီမှာလည်းရတာပေါ့ဗျ၊ ရေခဲသေတ္တာထဲ
မှာအလျှံပယ်လို့။
ဒါဆိုလျင် ဘယ်ဟာက ပိုပြီးတန်ဘိုးရှိသလဲ၊ ရေခဲသေတ္တာထဲက အသီးအရွက်တွေလား၊ အိမ်နောက်ဖြေးက အသီးအရွက်တွေလား၊ ဘာကြောင့်လဲ။

ကျုပ်တည်ထားတဲ့ တါ့လါ့ဘေါ့ အိုးထဲကဆန်တွေအားလုံးကြေသွားပြီဗျို့၊ အရိုးထဲကချဉ်ဆီတွေနဲ့ ဆန်တွေအားလုံး
သမသွားပြီမို့ ကျုပ်လည်း စပါးလင်ကိုရေစင်အောင်ဆေး ခြေလိန်ရစ်ပတ်အသေအခြာစည်း ပြီးတော့ပွက်ပွက်ဆူနေ
တဲ့အိုးထဲထည့်လိုက်ပါတယ်၊ခြွေထားတဲ့ ကြက်ဟင်းခါးညွန့်ကိုပါတခါတည်းထည့်ပြီးမွှေချရင်းကြက်သားနဲ့လုပ်ထား
တဲ့ဟင်းခတ်မှုန့်ကိုထည့်ပြီး မီးအရှိန်ကို နည်းနည်းလျှော့လိုက်ပါတယ်။

ကျုပ်တို့မိသားစု Ajinomoto လို့ခေါ်တဲ့ ဟင်းချိုမှုန့်မသုံးတာအတော်ကြာပြီဗျ၊ မကြိုက်လို့မဟုတ်ဘူး၊ ကြောက်လို့။ အဲဒီဟင်းချို မှုန့်ဟာ သွေးထဲကို၅%လောက်ရောက်သွားမယ်ဆိုလျင် ရူးတတ်တယ်ဆိုပဲ။ ကြွက်တွေကိုစမ်းသပ်ရာ
ကနေ ထွက်လာတဲ့အဖြေကို ပြည်ထောင်စုမြန်မာနိုင်ငံ ကထုတ်တဲ့စာစောင်တခုမှာဖတ်လိုက်ရတာပါ။
တါ့လါ့ဘေါ့ ဆိုတာ မီးပြင်းပြင်းနဲ့ချက်ရပါတယ်၊ ခရမ်းသီးနှပ်လို ချက်လို့မရပါဘူး၊ ပြီးတော့ တချိန်လုံးနီးပါး မွှေပေး
ရပါတယ်၊ ဟင်းအိုးမွှေရတာ စိတ်မရှည်လျင် တါ့လါ့ဘေါ့ ကောင်းတခွက်မရနိုင်ပါဘူး၊

တါ့လါ့ဘေါ့ ဆိုတာကို ကျုပ်တို့ KNU တပ် သားတွေ အရမ်းကြောက်ပါတယ်၊ ခေါင်းဆောင်တွေက တာဝန်ပါ့ေ
လျော့တဲ့ရဲဘော်တွေတိုင်းကို တါ့လါ့ဘေါ့ ကျွေးပါတယ်။ ဆူမယ် ဆဲမယ် စစ်ဆေးမယ် မွှေနှောက်မယ် သတိပေး
မယ်။ အခန့်မသင့်လျင် ရင်ဘတ်တွေပူမယ်၊ နားရင်းတွေအူမယ်၊ ချွေးဆူမယ်၊ ကျုပ်တို့ပြောပြောနေတဲ့တါ့လါ့ဘေါ့
စားရတယ်ဆိုတဲ့ အဓိပ္ပါယ်။

ကျုပ်လည်း တါ့လါ့ဘေါ့ စားခဲ့ရပါတယ်။ အမှားမရှိပဲစားခဲ့ရတယ်လို့ ကျုပ်ကိုယ်ကျုပ် ဒီကနေ့အထိ အခိုင်အမာ
ယုံကြည်ခံယူထားနေတုန်းပါ။ ပြီးတာတွေလည်းပြီးခဲ့ပါပြီ စောစောကပြောခဲ့တဲ့ မကြေနပ်မှု ခံပြင်းမှု နာကျည်းမှု အလိုမကျမှု စိတ်ဓါတ်ကျဆင်းမှု ဆိုတာတွေကတော့ မပြီးပြတ်နိုင်သေးပါဘူး။
အဲဒီအတွက် အခုကျုပ်ရေးနေတဲ့ ဘလေါ့ဂ် ဆိုတာက ကျုပ်ရဲ့စိတ်ကို ထွက်ပေါက် ပေးတဲ့ နေရာလေးဖြစ်ခဲ့ပါပြီ၊ ဒီလိုဖြစ်ဘို့ အကြံပေးသူကတော့ ကျုပ်ရဲ့ စိတ်ရောဂါအထူးကု ဆရာဝန်ပါ။

အခုလို ဘလေါ့ဂ် ရေးဖြစ်အောင် ကိုယ်ပိုင် ဘလေါ့ဂ် လေးဖြစ်လာအောင် အစစအရာရာ ဖန်တည်းပေးတဲ့ ဆရာ
များဖြစ်ကြတဲ့ အဲခေါင်သောင့်၊ စောလင်းနက်စ်၊ ဆုတောင်း၊ စောအောင်သိန်း(မူ.ယံ့င်ဖါန်)စောကျော်ခွီး တို့ အား
လုံးကို ကျေးဇူးတင်ပါတယ်။
ဒီလိုကူညီလိုက်လို့ ဆရာတွေအားလုံး အကောင်းအပြောမခံရလျင်တောင်မှ နောင်တမရစေရပါဘူး လို့ပြောပါရစေ။

တါ့လါ့ဘေါ့ အတွက်ငရုပ်အစိမ်းထောင်းလေးထောင်းလိုက်မယ်၊ ပထမဦးဆုံး စပါးလင်ကို ခပ်ပါးပါးလေးလှီးချ၊ ကြက်သွန်ဖြူ ကြက်သွန်နီပုဇွန်ခြောက်မှုန့်တွေနဲ့ဆုံထဲရောထည့်ပြီး ထောင်း၊ ညက်သွားလျင်ကင်ထားတဲ့ ငရုပ်
သီးစိမ်းကိုဆုံထဲထည့် ဆားသင့် ရုံထည့်ထောင်း၊ပြီးတာနဲ့ သံပုရာသီးညှစ်ချ ကျည်ပွေ့နဲ့မွှေပစ်လိုက်။

အားဟား ငရုပ်သီးထောင်းလို့ကောင်းတုန်း တါ့လါ့ဘေါ့အိုးကြီး ဝေကျကုန်ပြီ၊ ဟိုက် ပူလိုက်တာဗျာ၊ အဖုံးကို လက်ခုမကိုင်ပဲ ဆွဲဖွင့်မိလို့၊ လက်ခုကို လက်နှီးလို့ခေါ်ကြသလို ပူကယ်လို့လည်းခေါ်တယ်တဲ့ဗျို့၊ အပူမလောင်
အောင် ကယ်တာဆိုတော့ ပူကယ် လို့ခေါ်တာဆိုပဲ။

ကျုပ်လည်း ထမင်းဆာပြီဗျာ ကလေးတွေခေါ်ပြီး ထမင်းစားခုံပေါ်ကို အစားအသောက်တွေချ၊ ကဲ ကျုပ်တို့မိသားစု ထမင်းစလို့ စားကြပါပြီ၊ သားအငယ်က စပြောပါတယ် ဝေးပါ့ နင့်တါ့လါ့ဘေါ့က မျှစ်လည်းမပါဘူး၊ အင်ဥလည်းမ
တွေ့ဘူး၊ မေါဝ်.တုင့်ချက်တာနဲ့လည်းမတူဘူး၊
သမီးကတော့ ဝေးပါ့ နင့်တါ့လါ့ဘေါ့ ကဆားပေါ့တယ်၊ ပြီးတော့ ငရုပ်ကောင်းများတယ်၊ ခါးလိုက်တာ လွန်ရော၊
ကျုပ်အဖေကို မေးကြည့်တယ် ဘယ်လိုနေသလဲအပါး။ တော်တော်ကိုကောင်းတာပဲကွ ပူပူခါးခါးလေး ဆိုတော့ ကျုပ်အဖေ စကားဆက်မပြောတော့ပါဘူး ဘာဖြစ်သွားပါလိမ့်လို့စိတ်ပူနေတုန်း မင်းတို့အမေကိုသိပ်သတိရတာပဲ
ကွာ တဲ့။
အော် ဟုတ်သားပဲ အမေဆုံးတာ နှစ်လပြည့်တော့မှာပါလား။
သွားတွေမရှိတော့တဲ့ အမေလည်း ဒီလို တါ့လါ့ဘေါ့ ပူပူခါးခါးလေးဆို ခေါင်းမဖေါ်တမ်းစားနေတာများ မြင်ယောင်
မိသေးတော့။ အော် အမေရယ်။

ကဲ တါ့လါ့ဘေါ့ ထမင်းဝိုင်းလေးတော့ ပြီးသွားပြီလို့ပဲထားလိုက်ပါ။ အိုးသူကြီးဘ၀ကို မြင်အောင်မရေးပြတတ်တာကိုတော့ နား လည်ပေးကြပါ၊
အခု ကရင်ဘလော့ဂ် လောကထဲက ဘလေါ့ဂါတယောက်ကို အိုးသူကြီးတယောက်ရဲ့ အဖြစ်နဲ့နှိုင်းကြည့်ကြပါစို့ ကရင်ဘလော့ဂ် လောကထဲမှာ မန်းကိုကို ရဲ့သူ့အရေးအသားနဲ့ တင်ပြပုံကို ဖတ်ဘူးကြမှာပါ။
အရေးအသားတွေက ရှင်းတယ်၊ အကျိုးအကြောင်းတွေက ခိုင်မာတယ်၊ အတွေးအခေါ်တွေက မျှမျှတတရှိတယ်။
လူတစ်ရာ ၀ါးတစ်ရာဆိုတော့ သူ့ရဲ့အရေးအသားတွေ တင်ပြပုံတွေကို အချို့လည်းကြိုက်ကြမယ် အနည်းစုကတော့ မကြိုက်နိုင်ကြရှာဘူး။ ဒါကလည်း သူတို့အကြောင်းနဲ့ သူတို့ပါ။
ကျုပ်ကတော့ ဆရာမန်းကိုကိုရဲ့ အရေးအသားတွေကို ကြိုက်တယ်၊ ဟုတ်ပါပြီ ဘာကြောင့်ကြိုက်တာလဲ၊ သူများ
ကြိုက်လို့ ကြိုက်တာပါ ဆိုလျင်တော့ ကျုပ် တါ့လါ့ဘေါ့ အကြောင်းရေးမနေဘူး။

ဆရာမန်းကိုကို ရဲ့အရေးအသားဟာ ကရင်အမျိုးသား တခုတည်းကို ပစ်မှတ်ထားတာမဟုတ်ဘူး၊ အားလုံးအ
တွက်ရည်ရွယ်ပြီး ရေးသားထားတာပါ၊ စကားကြီးစကားကျယ်နဲ့ပြောရလျင် ဒီမိုကရေစီခေတ်သစ်ကိုချီတက်ကြ
မယ်ဆိုတဲ့ လူကြီးလူငယ်ကျားမ မရွေး တိုင်းရင်းသားတွေအားလုံး အထူးသဖြင့် ကရင်လူမျိုးတွေရဲ့အတွေးအခေါ်
ပိုင်းဆိုင်ရာကို မြှင့်တင်ပေးနေတာပါ။

မြင့်တဲ့သစ်ပင်ဟာ လေတိုးတာကို ပိုခံရတတ်ပါတယ်၊ သူ့စီဘောက်ထဲကို ၀င်ကြည့်လိုက်ပါ၊ အဲဒါပဲဗျ၊ အိုးသူ
ကြီးဆိုတာ ကိုယ်ကတော့ စေတနာသန့်သန့်ထားပေမယ့် စားသုံးသူတွေရဲ့ ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့ သ
ဘာထားအမြင်အားလုံးကို လက်ခံနိုင်ရမယ်၊ ဒါဟာ အိုးသူကြီးကောင်းတွေရဲ့ စိတ်ဓါတ်ပဲ။

ကျုပ်ကတော့ ဆိုင်လေးတစ်ဆိုင်နဲ့ဥပမာထပ်ပေးချင်တယ်၊ လ္ဘက်ရည်ဆိုင်ဆိုပါစို့၊
ကျုပ်လည်း ဒုက္ခသည်စခန်းမှာနေခဲ့တုန်းက မင်းစိုးစံ ဆိုတဲ့နာမည်တပ်ပြီး လ္ဘက်ရည်ဆိုင်ဖွင့်ခဲ့ဘူးတယ်၊ ဆိုင်အ
သစ်ဆိုတော့ သောက်မယ့်သူမရှိဘူး၊ ကြာလာတော့ ဆိုင်ကို ဖွင့်ချိန်ထက်နောက်ကျပြီးဖွင့်တာတို့ ပိတ်ရမယ့်အချိန်
မဟုတ်ပဲ ပိတ်ပစ်တာတို့၊ လ္ဘက်ရည်သောက်မယ့်သူရောက်လာချိန်မှာ အ ဆင်သင့်ဖြစ်မနေတာတို့ လုပ်လုပ်လာ
လိုက်တာ ဆိုင်လေးပြုတ်သွားတယ်။
ပိုဆိုးတာက စားသုံးသူတွေကတစ်ယောက်တစ်မျိုးလေ၊ နို့ဆီများများထည့်ပေးပါ၊ ကော်ဖီမစ်လေးထပ်ထည့်ပါလား၊ အဖန်ရည်အိုးထဲက လ္ဘက်ခြောက်ကို အကောင်းစား ထည့်သုံးလျင် လူတွေပိုအားပေးလာကြမှာ နောက်ဆုံးဗျာ ခင်ဗျားအချိုခြောက်နှပ်တဲ့အခါ ဟင်းချိုမှုန့်လေးထည့်ရတယ်၊ ဆိုတာအထိ အကြံတွေပေးကြတာ။
အဲဒီလိုနဲ့ လ္ဘက်ရည်ဆိုင်လေးပြုတ်သွားတော့ ဗဒိုလိုလို ငတိုလိုလိုနဲ့ နိုင်ငံရေးဒုက္ခသည်ဖြစ်သွားပါရော။

ကျုပ်နောက်မှာမှ ဆိုင်ဖွင့်တဲ့လူကျတော့ ကြီးပွါးချမ်းသာသွားတယ်၊ သူကတော့ကျုပ်လိုမဟုတ်ဘူး၊ သူ့ဆိုင်ရဲ့အပြင်အဆင်ကအစ သမားရိုးကျ လ္ဘက်ရည်ဆိုင်တွေနဲ့မတူအောင် ခင်းကျင်းပြင်ဆင်တယ်၊ဖျော်တဲ့အခါ
မှာလဲ ဟိုလူပြောတာ ဒီလူပြောတာ ဟိုဆိုင် ကနည်း ဒီဆိုင်ကနည်း နားမထောင်ဘူး နားမထောင်တာထက်နားမေ
ယောင်ဘူးဆိုလျင်ပိုမှန်မယ်၊

သူတတ်သလိုသူဖျော်တယ်၊ စားသုံးသူတွေရဲ့အသံကိုနားစွင့်တယ်၊ မကြာပါဘူး သူဖျော်တဲ့အရသာကိုကြိုက်လို့ တခြားနာမည်ကြီးဆိုင်က ဆိုင်ရှင်တွေ တောင် သူ့လ္ဘက်ရည်ကို ခိုးဝယ်ခိုင်းပြီးသောက်ကြည့်ကြတာတဲ့ဗျို့။

ထားလိုက်ပါတော့ လူတစ်ယောက်ရဲ့ လုပ်ရပ်ကို ကြေနပ်အားရတယ်ဆိုလျင် တတ်နိုင်တဲ့ဘက်က အသိအမှတ်
ပြုသင့်တယ် ဒါကကျုပ်ရဲ့ဆန္ဒပါ၊ ဒါကြောင့် ကျုပ်ကိုယ်တိုင် မဖန်တည်းနိုင်ပေမယ့် ကျုပ်ခံစားရတဲ့တေးတပုဒ်ကို ဆရာမန်းကိုကိုနဲ့ ကရင်ဘလော့ဂါ သမားတွေအားလုံးအတွက် ဂုဏ်ပြုတေးလေးအဖြစ် ကူးယူတင်ဆက်လိုက်ပါရစေ။

ကျန်းမာချမ်းသာကြပါစေ။
 


မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)