Hmong Cultural Center, INC. Executive Director Txong Pao Lee, giving a speach on
Thanks Giving Event
Thanks Giving Event
တိမ်မတောက်တဲ့ နေ၀င်ချိန်
By မင်းစိုးစံ
November 22, 2012 Thursday
ဒီနေ့မနက် အိပ်ယာထ နည်းနည်းနောက်ကျသွားတယ်။
အလုပ်ရုံတွေ ကျောင်းတွေ ဆေးခန်း ဆေးရုံ အစိုးရရုံးတွေ ဈေးဆိုင်တွေ အားလုံးပိတ်တဲ့နေ့လေ။
ဘာတဲ့ ဗမာလိုခေါ်တော့ကျေးဇူးတော်နေ့ဆိုလား။
အင်္ဂလိပ်လိုကတော့ Thanks giving ဆိုတဲ့နေ့ပေါ့။
အင်္ဂလိပ်တွေ အခုအမေရိကန်ပြည်ထောင်စုလို့ခေါ်တဲ့ ဒီဒေသကိုရောက်လာပြီး တခုသော အေးခဲတဲ့နိုဝင်္ဘာလမှာ အစား
အစာငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံကြိုက်ချိန်မှာ ဒေသခံNative Indian လူမျိုးတွေထဲ က တစ်ယောက်သောသူက အစားအ
သောက်တွေကို ပေးကမ်းစွန့်ကျဲခဲ့တာကို အမှတ်ရသတိရတဲ့နေ့လို့ပြောတာပဲ။
အဲဒီနေ့က အခုကျုပ်စာရေးနေတဲ့နေ့ပေါ့။
ဒါပေမယ့် မနေ့ကတည်းက ကြိုတင်ကျင်းပတဲ့နေ့လေးကို ကျုပ်သူငယ်ချင်း Hmong အမျိုးသားတစ်ယောက်က သူတို့
ကျောင်းမှာလုပ်တဲ့ပွဲကိုတက်ဘို့ ခေါ်တာနဲ့ကျုပ်လိုက်သွားခဲ့ပါတယ်။ လူသိပ်မများပါဘူး။
ကျောင်းဆရာ ကျောင်းဆရာမ ကျောင်းသူကျောင်းသားအချို့ ရုံးဝန်ထမ်းအချို့နဲ့ ဧည့်သည်အချို့။
ဆိုတော့။
စုစုပေါင်း အယောက် ၃၀နီးပါးလောက်ပဲရှိပါတယ်။
သူတို့တတွေကျင်းပတဲ့နေရာလေးက Hmong Cultural Center မှာဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ သက်ဆိုင်တဲ့ သူတွေကိုစောင့်နေကြတုန်းမှာ သူတို့ Hmong music တွေ ဖွင့်ပြတယ်ဗျ။ ထိုင်းသီချင်းနဲ့ခပ်ဆင်ဆင်တူနေတဲ့အတွက် ကျုပ်ကမေးကြည့်တော့ ထိုင်းတွေက သူတို့ယဉ်ကျေးမှုကို တုတယ်ဆိုပဲ။
ဒီလိုနဲ့ပေါ့ဗျာ လူတွေစုံသလောက်ရှိတော့ ကြက်ဥလား ဘဲဥလားလို့မသိရတဲ့ ဥတွေတစ်ယောက်တစ်လုံးဝေပေးတယ်ဗျ။ တချို့ဥတွေက ကျက်ပြီးသားဖြစ်ပေမယ့် အများစုဥတွေက အစိမ်းတွေဖြစ်တာကြောင့် ကံကောင်းတဲ့လူဆိုလျင် ကျက်ပြီး
သားဥကိုရမှာ ဖြစ်ပါတယ်ဆိုပြီး ဥဝေတဲ့လူက ပြောပြီးတာနဲ့လိုက်ဝေတော့တာပဲ။
ကျုပ်နားကလူက ဥကိုအကျက်လား၊အစိမ်းလားဆိုတာသူသိတယ်ပြောပြီး ဥတွေကိုဒေါင်လိုက်ထောင်ပြီး လည်နေအောင် လှည့်လိုက်ရင်း မလည်တဲ့ဥကိုပြန်ပေးပြီးလည်တဲ့ဥကို ရွေးတာတွေ့ရတယ်။
ကျုပ်အလှည့်ရောက်တော့ ကျုပ်က ဥတွေကိုကြည့်ပြီး နည်းနည်းလေး အရောင်ရင့်နေတဲ့ဥကိုရွေးယူလိုက်တယ်။
အဲဒီမှာ ကိုယ်ရွေးတဲ့ဥကို ဖေါက်ကြတာပေါ့ဗျာ။
အစိမ်းရတဲ့လူတွေကျတော့ သိတဲ့အတိုင်းစားပွဲတွေပေကုန်တာပေါ့။
ကျုပ်ကတော့ ကံကောင်းတယ်ပြောမလား အကျက်ဆိုတော့ စားရုံပဲ။
ကျုပ်ဘေးနားက ဥလှည့်တဲ့ဆရာကြီးလည်း အကျက်ပဲ။
ကျုပ်ကြားဘူးတာက ကြက်ဥကို စားပွဲပေါ်ထောင်နေအောင်လုပ်တာပဲကြားဘူးတယ်၊ အခုတော့ ဥအစိမ်းနဲ့ အကျက်ကို စားပွဲပေါ်လှည့်ပြီး ရွေးတာကိုတော့ မနေ့ကမှသိရတယ်ဗျ။
ဒီနေရာမှာ ရွေးတဲ့နည်းလမ်းတွေမတူပေမယ့် အဓိက,အချက်က ကိုယ်လိုချင်တဲ့ အနေအထားကိုရဘို့ပဲဆိုတာ သိလာရ
တယ်။
သူရွေးတဲ့နည်းက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုပြီးဝေဘန်နေလို့ ထူးတာမှမဟုတ်ပဲ။
ကိုယ်ရွေးတဲ့နည်းကမှ မှန်တယ်ဆိုပြီးတော့လည်း မယူဆ,သင့်ဘူးပေါ့နော။
Hmong အမျိုးသားတွေရဲ့ ရိုးရာလွယ်အိပ်
စာရေးနေတုန်း ဖုန်းတစ်လုံးဝင်လာလို့ ကောက်ကိုင်လိုက်တော့ လူတစ်ယောက်က
ဟေ့လူ ခင်ဗျားဒီကနေ့ ခြေလှမ်းပေါင်း ၁၀၀၀၀(တသောင်း)ပြည့်အောင် လမ်းလျှောက်ပြီးပြီလား
လို့မေးတော့မှ ဟုတ်သားပဲ ကျန်းမာရေးအတွက် လမ်းလျှောက်ပေးရမယ်။
ခုရက်ပိုင်းအတွင်း နေလေးကလည်းသာသဗျို့။
ရာသီဥတုကလည်း မနွေးတနွေးလေးဆိုတော့ လမ်းလျှေက်လို့သိပ်ကောင်းတာပေါ့။
အဲဒါနဲ့ ဖုန်းဆက်လာတဲ့မိတ်ဆွေကိုနှုတ်ဆက်ပြီး လမ်းလျှောက်ဘို့ပြင်လိုက်တယ်။
Hmong ရိုးရာ လက်ဝတ်ရတနာ
Hmong ရိုးရာ လက်ဝတ်ရတနာ
ကျုပ်က လမ်းလျှောက်ထွက်လျင် လက်စွဲတော် ဓါတ်ပုံကင်မရာပါချင်ပါ၊ မပါချင်လျင် ရုပ်သံကင်မရာပါမှ အပြင်လေးဘာ
လေးထွက်တာဆိုတော့ နည်းနည်းလေးနွေးတဲ့ အ၀တ်တွေကိုဝတ်ပြီးထွက်မယ်လုပ်တော့ ကင်မရာက မနေ့ကတည်းက ဓါတ်ခဲကုန်နေသလို၊ ရုပ်သံကင်မရာကလည်း မီးကြိုးပါမသွားလို့ မနေ့ကတည်းက ဓါတ်အားပြတ်နေတယ်။
အဲဒီပွဲမှာ ကျုပ်အတွက် စိတ်ဝင်စားစရာပုံတွေကအတော်များတာကိုး။
ဒီလိုနဲ့ဗျာ အ၀တ်တွေလဲပြုပြီးမှ ရေအိမ်တက်ချင်လာတာနဲ့ ရေအိမ်ဝင်ထိုင်လိုက်တယ်။
ပြီးတော့စဉ်းစားကြည့်မိတယ်။
သွားရင်းလာရင်း ကြိုက်တဲ့ရိုက်ကွင်းရိုက်ကွက်ကလေးတွေတွေ့လျင်ရိုက်ဘို့ ကင်မရာကို ဓါတ်အားဖြည့်ရမယ်ဆိုတော့။
အချိန်နည်းနည်းကြာမယ်၊ အဲဒီအတွက်အချိန်ယူရမယ်။
နောက်တခုက ကျုပ်လျှောက်နေကျလမ်းမှာ ထူးထူးခြားခြားဘာမျှရှိတာမဟုတ်ပဲနဲ့များ၊ တကယ်မလိုတဲ့ကင်မရာအတွက် အချိန်ကုန်ခံတာက အဓိပ္ပါယ်မဲ့လွန်းတယ်လို့ ထင်တယ်။
အခန်းအနားတက်ရောက်လာကြသူများ
ညတုန်းကလည်း တညလုံးအချိန်ရှိနေသားပဲ ဓါတ်အအားသွင်းဘို့ဘာကြောင့် ကျုပ်သတိမရတာလဲ၊ အခုတော့ မလို
အပ်ပဲနဲ့အချိန်ကုန်တော့မယ်။
ဝမ်းနည်းနည်းရစ်လာတယ်ဗျ၊ ၀မ်းမရစ်ပဲခံနိုင်မလား။
မနေ့က,စားခဲ့တဲ့အစာ တွေကို စဉ်းစားကြည့်လိုက်တော့ အသားအစိမ်းကော၊ ထိုင်းသင်္ဘောသီးထောင်း၊ ဖါကဖေါင်းလို့
ခေါ်တဲ့ အသားကိုငရုပ်သီးစိမ်းနဲ့ကြော်ထားတဲ့ ဟင်း။
ပြီးတော့ တုန့်ယမ်းလို့ခေါ်တဲ့ ဟင်းရည်သောက်၊ ကံကောင်းလို့ဆိုပြီး ဥတွေကိုလည်း သုံးလုံးလောက်စားခဲ့တာဆိုတော့၊ ဒါကြောင့်လူကြီးတွေပြောစမှတ်ပြုခဲ့တာနေမှာ အစားစုံမက် ၀မ်းပမ်းပျက် အသက်လည်းဆုံး လူလည်းမုန်း ဆိုတာလေ။
ကံကောင်းခြင်း ကံမကောင်းခြင်း စမ်းသပ်သည့်အနေဖြင့် ဥများဝေငှနေစဉ်
အသက်တော့ မစိုးရိမ်ရပေမယ့် လမ်းလျှောက်တဲ့အလုပ်တော့ ဖြစ်မယ်မထင်တော့ဘူး။ လမ်းတ၀က်လောက်မှာ ရေအိမ်
တက်ချင်လျင် မခက်လား၊ တလောတုန်းကပဲ မထိန်းနိုင်လို့ ပြဿနာတက်ခဲ့သေး။
သားကြီး မင်းပြီးပြီလား ဆိုတဲ့ ကျုပ်အဖေရဲ့အသံက ပုံမှန်မဟုတ်မှန်းကျုပ်သိတယ်၊ သူ အတော်ထိန်းထား နေရပုံပဲ။
ကိုယ့်အဖေဆိုတော့ တ၀က်တပျက်နဲ့ ရေအိမ်ထဲက မထွက်ချင်ပဲထွက်လိုက်ရတယ်၊ သိပ်တော့အဆင်မပြေသေးဘူး။
ကျုပ်ပြန်စဉ်းစားကြည့်တယ်၊ လူကြီးတွေပြောပြောနေတာ၊ ထိုင်,သတိ၊ ထ,သတိ၊ စား,သတိ၊သွား,သတိ၊ လာ,သတိ၊
လှမ်း,သတိ၊ သတိဆိုတာအရေးအကြီးဆုံး။
သတိမမူ ဂူမမြင်၊ သတိမူလျင် မြူမြင်တယ် ဆိုတာ။ အခုတော့ ကျုပ်က သတိတရားတွေ လျော့နည်းလွန်းလှတယ်။
စားတဲ့အခါမှာလည်း သတိမရှိဘူး၊ စားကောင်းတိုင်း စားပစ်လိုက်တာပဲ။
စားတဲ့အခါမှာသတိရှိခဲ့လျင် ကျုပ်အခုလိုဒုက္ခရောက်မှာမဟုတ်ဘူး။
ကျုပ်အတွက်လိုအပ်တဲ့ လမ်းလျှောက်တဲ့ကိစ္စ ထိခိုက်စရာအကြောင်းပေါ်လာစရာမရှိဘူး။
ပြီးတော့ ကင်မရာဓါတ်အားဖြည့်တဲ့ကိစ္စလည်း ဒီအတိုင်းပဲ။
မနေ့ညကတည်းက သတိရှိနေမယ်ဆိုလျင် အခုလို ကြန့်ကြာစရာဖြစ်လာမှာမဟုတ်ဘူး။
တခုပြန်စဉ်းစားကြည့်ပြန်တဲ့အခါ လမ်းလျှောက်တာက အဓိက,အလုပ်လား။
ဓါတ်ပုံရိုက်တဲ့အလုပ်က အဓိက,အလုပ်လား။ ဆိုတာ။
အဲဒါပဲ။
ကျုပ်အသက်က ခြောက်ဆယ်ကျော်လာပြီ အခုထက်ထိ သတိမရှိသေးဘူး။
အဲဒါအပြင်ကို အဓိက,နဲ့ သာမည ဆိုတာကိုလည်း မခွဲနိုင်သေးဘူး။
ပြီးတော့ နောင်တ,တရားဆိုတာလည်း ကျုပ်မှာမရှိသေးဘူး၊ သင်္ခန်း စာတွေကိုလည်း မယူတတ်သေးဘူး။ မိုက်လို့ကောင်းတုန်း၊ ဘယ်လောက်အထိမိုက်သလဲဆိုလျင် ကိုယ့်အမှား ကိုထောက်ပြသူတိုင်းကို မိုက်မိုက်ရိုင်းရိုင်းကို ဆဲပစ်တာ။
ကျုပ်ကို မြှောက်ပြောလို့ကတော့ ကပ်ပယ်အိပ် တက်အောင်က,တတ်တာ။ အခုတော့ ကျုပ်ဟာ ကိုယ့်ကိုယ်ကို ငါဟာ ကြီးမိုက်ကြီးတယောက်ပါလား ဆိုတာ သိနေပေမယ့်။
မြူတွေဆိုင်းနေတဲ့ ကောင်းကင်ပေါ်မှာ နေလုံး ရှိနေသလား၊ မရှိတော့ဘူးလားဆိုတာ မပြောတတ်ပေမယ့် ဒီနေ့လေးဟာ ဆိုလျင်ဖြင့် ခါတိုင်းနေ့တွေထက် နေ၀င်စောမယ်ထင်တာပဲ။
ဟောပြောရင်းဆိုရင်း တဖြည်းဖြည်းမှောင်လာနေပြီ။
အော် တိမ်မတောက်နိုင်တဲ့ နေ၀င်ချိန်လေးပါလား။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)