Saturday, April 14, 2012

ကျုပ် အမေရဲ့အကြောင်း(၁)

ကျုပ်ရဲ့ မိဘနှစ်ပါးရဲ့ ပုံဖြစ်ပါတယ်။ ဒီနေ့ပဲရိုက်ထားတဲ့ ဓါတ်ပုံပါ။
ကျုပ်အမေ နေမကောင်းဘူးဗျ။ 

ကျုပ် အမေရဲ့အကြောင်း(၁) 

(မင်းစိုးစံ)

April 14 2012 Saturday

အိမ်ပြန်ချင်တယ် ဟူး ငြိမ်းချမ်းတဲ့အမေ့အိမ် အိပ်မရတဲ့ညများစွာထဲ ရထားဥသြသံများကြားလျင် အိမ်ပြန်ချင် တဲ့စိတ်ကလေး တားမရပြီ။ 

ထူးအိမ်သင်ရဲ့ အမေ့အိမ်ကိုတမ်းတမ်းတတဖြစ်နေရတဲ့ သားတစ်ယောက်ရဲ့ ရင်ထဲကစကားစုတွေ
ကျုပ်မခံစားတတ်ဘူး၊ ဘာကြောင့်လဲဆိုလျင် ကျုပ်ဟာ အမေနဲ့ဝေးနေတဲ့ သားတစ်ယောက်မဟုတ်
လို့ပါ၊

ကျုပ်လူ စ ဖြစ်တဲ့အချိန်ကစလို့ ဒီကနေ့အထိ ကျုပ်အမေနဲ့ ခွဲနေခဲ့တာဆိုလို့ ကရင်ဒုက္ခသည်စခန်း
ထဲကနေ အသက်လု ထွက်ပြေးခဲ့ပြီး ဘန်ကောက်က UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒက္ခသည်များဆိုင်
ရာကော်မီရှင်နာရုံးမှာ ဒုက္ခသည်ဖြစ်ရေးအတွက် လျှောက်လွှာတင်တဲ့အချိန် ၃လလောက်အကြာဆုံး
 ခွဲနေခဲ့ဘူးတာပဲ ရှိခဲ့ဘူးပါတယ်။
 အခုထက်ထိကျုပ်အမေရယ် ကျုပ်အဖေရယ် ကျုပ်မိသားစုရယ် အားလုံးတအိမ်ထဲမှာအတူနေကြ ပါတယ်၊ဒါကြောင့် ထူးအိမ်သင်ရဲ့ အမေနဲ့ပတ်သက်တဲ့သီချင်းကို ကျုပ်မခံစားတတ်တာနေမှာပါ။

ဘ၀ရှေ့ရေးတွေးလို့သာတကယ် အတတ်အသိပညာရှာရင်း သားသဘောက ကျောင်းစာသာခင်တွယ် မြို့မှာ အနေကြွမ်းပေမယ့် ကျနော့စိတ်က ရေဝေးပန်းနှယ် အမေနဲ့ရွာကို လွမ်းတယ်။ 

ဟင်္သာတထွန်းရင်သီချင်းလဲ ကျုပ်ရင်ကိုကိုင်မလှုပ်နိုင်ခဲ့ပါဘူး၊ ပညာရေးကြောင့် ကျုပ်မိဘကိုခွဲရတာ ဆိုလို့ မှတ်မိသလောက်ဆို ကမ္ဘာ့ကုလသမ္မဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်အရေးအခင်းကာ
လမှာ ၇ရက် လောက်ပဲ ခွဲခဲ့ဘူးတာဆိုတော့ ဒီသီချင်းကလဲ ကျုပ်ကို ဘာခံစားမှုမျိုးမျှ မပေးခဲ့တာအ
မှန်ပါ။

ကျုပ်အမေက ကျုပ်ကို ကျောင်းထားပေးတယ်ဆိုတာ လူတကာတွေလို ငွေကြေးဥစ္စာ ဖူဖူလုံလုံနဲ့ထား
နိုင်ခဲ့တာမဟုတ်လေတော့ အမေ့အပေါ် မုန့်ဘိုးနဲ့ပတ်သက်လို့ ဆိုးနွဲ့ပြီးတောင်းခဲ့ဘူးတာလဲ မရှိခဲ့တဲ့အ တွက် အမေ့ရင်ခွင်ထဲခေါင်းဝှေ့ပြီးမုန့်ဘိုးမတောင်းနိုင်ခဲ့ပါဘူး၊ အဲဒီအတွက် ကျုပ်နောင်တလည်း မရပါ
ဘူး။

ကျုပ်ကျောင်းမတက်ခင် အမေနဲ့အတူ မျှစ်ချိုးရပါတယ်၊ ကြက်ခတ်ဝါးရုံအောက်မှာ အမေနဲ့အတူ ကျွတ် တွယ် တာခံရင်း မျှစ်ချိုးခဲ့ပါတယ်၊ဆီးသီးလေးတွေကို ကျောင်းကိုယူသွားပြီး ကျောင်းမတက်ခင်အချိန်
လေးမှာရောင်းပါတယ်၊ ညနေကျောင်းဆင်းလျင် အိမ်ရှေ့က ဇီဇ၀ါပန်းရုံတွေက ပန်းတွေကိုခူးထားရ သလို နေ့လည်ကရှာချိုးထားတဲ့ မျှစ်တွေကို မျှစ်ပေါက်ကလေးတွေလုပ်ထားရပါတယ်။

မနက်မိုးလင်းတာနဲ့ ကျုပ်တို့မိသားစု ငါးထပ်ကြီးဈေးမှာ သွားရောင်းကြပါတယ်၊ မျှစ်ပေါက်ရယ်၊ ဇီဇ၀ါ ပန်းတွေ ရယ်ကို ရောင်းပြီး အိမ်ပြန်ရောက်တာနဲ့ ကြက်ခတ်ဝါးရုံတွေဘက် အလျင်လှည့်ပြီး မျှစ်ချိုးပါ
တယ်၊ ပြီးမှ ရေမိုးချိုးပြီး ကျောင်းသွားဘို့ပြင်ရင်း ဆီးသီးခြင်းကလေးနဲ့ ကျောင်းတက်ပါတယ်။ ကလေးဘ၀ကို ကျုပ်ဒီလိုဖြတ်သန်းခဲ့ပါတယ်။
နွဲ့ဆိုးဆိုးချိန်မရှိခဲ့ပါဘူး၊ ကျုပ်လိုကလေးတွေ အများကြီးရှိနေခဲ့လိမ့်မယ်ဆိုတာ ကျုပ်သိပါတယ်။

အမေ့ဧရိပ်သာပြန်ခဲ့ပြီဆိုတဲ့ စိုင်းအောင်ထီးခမ်းလိုလည်း ကျုပ်က အမေ့ကိုစိတ်ဆိုးပြီး အိမ်ကနေထွက်
ပြေးဘူးတာလည်း မရှိခဲ့လေတော့ သားမိုက်စာရင်းထဲကျုပ်မပါဘူးလို့ ထင်တာပဲ။

တခုတော့ရှိပါတယ် အိမ်ကနေ အမေမသိအောင်တခါတော့ ထွက်ပြေးခဲ့ဘူးပါတယ်၊ အမေ့ကိုစိတ်ဆိုး
လို့မဟုတ်ပါဘူး၊ စီးပွါးရှာဘို့လည်းမဟုတ်ပါဘူး၊ ရည်းစားပူမိလို့ပါ၊ ရည်းစားပူမိတာကို ပြန်ရေးပြချင်လို့တော့ မဟုတ်ပါဘူး၊ ကျုပ်ကမိန်းကလေးတွေ ကျလောက်တဲ့ ရုပ်
ရည်ရူပကာရှိတဲ့ ယောက်ျားတစ်ယောက်မဟုတ်ဘူးဆိုတာ ကျုပ်ကိုယ်ကျုပ်အသိဆုံးပါ။

လူငယ်သဘာဝ မိန်းကလေးတယောက်ကို ချစ်ရေးဆိုခဲ့ဘူးပါတယ်၊ သူကလက်ထပ်ဘို့အထိအကြတ်
ကိုင်တာနဲ့ ရန်ကုန်ဆိုတဲ့မြို့ကြီးကို ကျုပ်ထွက်ပြေးခဲ့ပါတယ်။
အမေက ကျုပ်ကို ရန်ကုန်အထိလာခေါ်ပါတယ် ကျုပ်မှာရန်ကုန်လိုနေရာမျိုးရောက်တော့ အလုပ်အ
ကိုင်ကမရှိတော့အတိုးနဲ့ငွေချေးပြီး ရပ်တည်ပါတယ်၊ တလကို ငွေတရာ အတိုးနှစ်ဆယ်နဲ့ပါ။ အဲဒီတုန်းက ရွှေတကျပ်သားကို ဘတ်ငွေ ၃၀၀၀ဘတ်ခေတ်ဖြစ်ပါတယ်။

ကျုပ်အကြွေး၂၀၀၀ကျပ်တက်ခဲ့ပါတယ်၊ အတိုးနဲ့ပါဆိုတော့ ကျပ်ငွေ ၃၀၀၀ကျပ်လောက်ဖြစ်သွားပါ
တယ်၊ အဲဒီခေတ် အဲဒီအခါတုန်းက ဗမာငွေ ၁၀၀ကျပ်(တစ်ရာ)ကို ထိုင်းဘတ် ၂၂၀ဘတ်(နှစ်ရာနှစ်
ဆယ်)ဖြစ်ပါတယ်၊ အဲဒီအကြွေးတွေအားလုံးကို ကျုပ်အမေကိုယ်တိုင်ဆပ်ပြီး ကျုပ်ကိုရန်ကုန်ကနေ
ပြန်ခေါ်လာခဲ့ပါတယ်။

မော်လမြိုင်နဲ့ ကျုံဒိုးအကြား ရေလမ်းမှာ ဗမာစစ်အစိုးရတပ်က ပေါ်တာဖမ်းတော့ကျုပ်အတော်ကိုခေါင်း
နားပန်းကြီးသွားပါတယ်၊ ကော့ဘိန်း မှာသတင်းကြားလို့ ကမ်းနီမှာ သင်္ဘောကပ်ပေးတာနဲ့ လူအချို့မြစ်
ထဲ ခုန်ဆင်းကူးခတ်ပြီး ကမ်းစပ်ကိုအရောက် ကမ်းပေါ်အတက် ပြည်သူ့စစ်နဲ့ ကောင်စီလူကြီးတွေက ဆီးပြီးထပ်ဖမ်းပါတယ်၊ မြစ်ထဲမှာကတော့ ဗမာ့တပ်မတော်သားကြီးတွေက စက်လှေတွေနဲ့ သင်္ဘော
ပေါ်တက်ပြီး လူတွေကို စစ်ခါးပတ်တွေနဲ့ရိုက်ရုံမက မကြားဝံ့မနာသာတဲ့ စကားလုံးတွေနဲ့ ဆဲဆိုငေါက် ငမ်းရင်း စက်လှေထဲကို ဆောင့်ကန်ချပါတယ်။

ဒီလိုအချိန်မှာ အမေဟာ သားဖြစ်သူအတွက် ဘယ်လောက်အထိပူပင်သောက ရောက်ရှာမလဲဆိုတာ အမေ လုပ်နေတဲ့သူတွေသိကြမှာပါ၊ အဲဒီမှာ ကျုပ်လည်း ရေထဲပဲဆင်းရတော့မလိုလို သင်္ဘောပေါ်မှာ ပဲနေရတော့ မလိုလိုဖြစ်နေတုန်း သင်္ဘောပေါ်က တာဝန်ရှိတဲ့လူကြီးတစ်ယောက်က လူလေးဒီအင်္ကျီကို ၀တ်ထား ဒီအခန်းထဲမှာနေပြီးတော့ ဒီစာရွက်ပေါ်မှာ ဟိုရေးဒီရေးလုပ်နေလိုက် တကယ်လို့ သူတို့က မသင်္ကာလို့ မင်းကိုမေးလာ လျင် ဒီအပေါ်မှာရေးထားတဲ့ ကိုယ်ပိုင်နံပါတ်ကိုပြော ကြားလား စိတ်မပူနဲ့ အဲလိုပြောပြီးကျုပ်ကို ၀န်ထမ်းတွေ နေတဲ့အခန်းထဲမှာထားပြီး သူကတော့ စွပ်ကျယ်လက်တိုတထည်နဲ့ သင်္ဘောပေါ်မှာ လိုက်လှည့်နေပါတယ်။

ကျုပ်သိတာကတော့ သင်္ဘောစီးတဲ့လူတိုင်း လက်မှတ်ဝယ်ရတဲ့ လက်မှတ်ရောင်းတဲ့အခန်းလေးဖြစ်ပါ တယ်၊ ဒီလိုနဲ့ ပေါ်တာရန်ကနေ ကျုပ်လွတ်ခဲ့ပါတယ်၊ ဒီလိုအချိန်မျိုးမှာ အမေသာကျုပ်နဲ့အတူရှိမနေခဲ့
ဘူးဆိုလျင် ကျုပ် သေမလား ရှင်မလားဆိုတာ ချိန်ဆကြည့်လိုက်တော့ သေဘို့ကပိုများပါတယ်။

ကျုပ်ရေးတာ နည်းနည်းကျော်သွားတယ်ဗျ၊ ကျုပ်က ရန်ကုန်လိုနေရာကို ရောက်နေတာတောင် ထိုင်း ဘတ်ကို ဘာကြောင့်ထည့်ရေးနေရသလဲဆိုတော့ ကျုပ်က ကော်မူးရာကနေ ရန်ကုန်ကိုရောက်သွား တာကိုးဗျ ဒီတော့ ထိုင်းဘတ်အကြောင်းထည့်ရေးတာပေါ့။

ကျုပ်ရဲ့ ရည်းစားက ကျုပ်ကိုအတင်းအကြတ်လက်ထပ်ခိုင်းရ တဲ့အကြောင်းရင်းကို ထည့်မရေးလိုက်ပြန် လျင်လည်း စားပြီးနားမလည်လုပ်တာလို့ ထင်နေကြဦးမယ်၊ ကျုပ် ဟာ မိကောင်းဖခင်သားသမီးပါ၊ ကျုပ်လက်မထပ်ပဲနဲ့ သမီးရည်းစားလည်း မက လင်မယားလည်းမကျတဲ့ အ လုပ်မျိုးမလုပ်ပါဘူး၊ အမှန်အတိုင်းပြောကြေးဆိုလျင် သူ့ရဲ့လက်မောင်းလေးကို နမ်းဘူးတာပဲရှိပါတယ်၊ ဟိုကိုင် ဒီကိုင် ဟိုဒင်းဟိုဝှာတွေမရှိပါဘူး။
ဘာဖြစ်လို့ဒီလိုရှင်းပြရသလဲဆိုတော့ လူမှုရေးနဲ့ပတ်သက်တဲ့ မဖွယ်မရာဖြစ်ခဲ့တဲ့လူတစ်ယောက်လို့ အထင်မှားမှာစိုးလို့ပါ။

ခုခေတ်မှာကတော့ အဲဒါမျိုးတွေကို ယဉ်ကျေးမှုတခုလို မြင်နေကြတာလားတော့မသိဘူး၊ ကဲပစ်လိုက် တာများ အဆုံးစွန်အထိကခပ်များများ မဟုတ်လား၊ ကျုပ်နဲ့သူနဲ့က လူရှေ့သူရှေ့ တွဲသွားတွဲလာလုပ်
နေတာကို အဝေးက သူ့မိဘတွေက စိတ် ပူပြီးလက်ထပ်ဘို့ လုပ်ခိုင်းတာလေဗျာ။

ကျုပ်သူ့ကို ချစ်ပါတယ်၊ လက်ထပ်ဘို့အထိလည်း ရည်ရွယ်ထားပါတယ်၊ ခက်နေတာက ငွေဗျငွေ။ ကျုပ်ကသူနဲ့ ရည်းစားထားပြီးမကြာဘူး လမ်းခရီးတခုမှာ ဓါးပြအတိုက်ခံရတယ်ဗျ၊ အကြွေးတင်တာပေါ့ဗျာ ငွေက ဗမာငွေ ခြောက်သောင်းကျပ်ပါ (၆၀၀၀၀)။ ရွှေဈေးက တဘတ်သားကို ဘတ်ငွေ ၃၀၀၀။ ဘမာငွေကျပ်တရာကို ဘတ် ငွေ နှစ်ရာနှစ်ဆယ် (၂၂၀) အဲဒီခေတ်တုန်းက မနည်း ဘူးနော်။

အဲဒါကြောင့် လက်ထပ်ဘို့နားပူနားဆာလုပ်လွန်းတဲ့ သူ့ကို ကျုပ်ကော်မူးရာမှာထားခဲ့ပြီး ကျုပ်အမေမသိ
အောင် ထွက်ပြေးခဲ့တာပါ။ အမေနဲ့လည်း ခွဲမနေဘူးခဲ့ဘူး(ကာလကြာကြာ) အမေ့အပေါ်မှာလည်း ဆိုး မိုက်ခဲ့တဲ့ သားတစ်ယောက်လည်းမဟုတ်ဘူး အမေ့ကိုဆိုးနွဲ့အနိုင်ယူခဲ့တာလည်း မရှိခဲ့တဲ့ကျုပ်မှာ ပြဿ
နာတခုရှိနေတယ်ဗျ၊ အဲဒါကဘာလဲဆိုလျင် အမေတွေအကြောင်းရေးတဲ့ ကဗျာတွေ စာတွေ တေးသီ ချင်းတွေ ရုပ်ရှင်ဇာတ်လမ်းတွေကို ကျုပ်လုံးဝ မကြည့်ရဲဘူး မကြည့်ချင်ဘူး မကြားချင်ဘူး ဖြစ်နေတာ ဒီနေ့အထိပါပဲ။

ငယ်ငယ်လေးထဲက အမေနဲ့အဖေနဲ့ အတူနေလာခဲ့လေတော့ အမေတို့ အဖေတို့နဲ့ခွဲရမှာ သေရမှာထက်ကို ပိုကြောက်နေလို့များလားဆိုတဲ့ မေးခွန်းမျိုးကို ကျုပ်ကိုယ်ကို ခဏခဏပြန်ပြန်မေးနေမိခဲ့တာ အတော်ကြာ
ခဲ့ပါပြီ။
တိကျတဲ့အဖြေကိုမရသေးပါဘူး၊ ကျုပ်အမနဲ့ ကျုပ်အဖေတို့ကို လက်လွှတ်ဆုံးရှုံးရမယ့် အဖြစ်ကို ကျုပ်မခံ စားရဲဘူးဗျာ။ အဲဒါတော့ အမှန်ကန်ဆုံး သစ္စာစကားပါ။

ဘန်ကောက်ကို ကျုပ်ရောက်နေတုန်း အမေနဲ့ပတ်သက်တဲ့ သီချင်းဆိုလို့ ဒီသီချင်းကတော့ ကျုပ်ရင်ကို အထိခိုက်ဆုံး အနာကျင်ဆုံး အခံစားရဆုံး ဖြစ်ခဲ့တဲ့တေးသီချင်းပဲဖြစ်ပါတယ်။
သောတနားဆင်ကြည့်ကြပါခင်ဗျား။


ကျုပ်သိနေတာကတော့ တနေ့နေ့ တချိန်ချိန်မှာ ကျုပ်မိဘနှစ်ပါးကို လက်လွှတ်ဆုံးရှုံးရမယ်ဆိုတာကို တတ်အပ် သိနေတဲ့အတွက် အဲဒီနေ့တနေ့ကိုရောက်လာခဲ့လျင် ခါးဆီးခံနိုင်အောင် ဘယ်လိုကြိုတင်ပြင် ဆင်ထားရမယ်ဆိုတာကို အကြံပြုပေးစေလိုပါတယ်။

ကျုပ်အမေနဲ့ ကျုပ်က အသက်နှစ်ဆယ်ကွာတယ်ဗျာ၊ အမေက အသက်ရှစ်ဆယ်ဆိုတော့ ကျုပ်အသက်ကို ခန့်မှန်းနိုင်ပါလိမ့်မယ်၊ ကျုပ်ကို အကြံပေးကြပါ၊ ကျုပ်အရမ်းကို စိတ်တွေဂဏှာမငြိမ်ဖြစ်နေလို့ပါ။
ကျေးဇူးတင်ပါတယ်။

ဆက်သွယ်ရမယ့် လိပ်စာက minsoesan09@gmail.com ဖြစ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)