Tuesday, April 17, 2012

သင်္ကြန်အတွင်း မထွက်ဖြစ်ခဲ့သော ဒေါသများ


သင်္ကြန်အတွင်း မထွက်ဖြစ်ခဲ့သော ဒေါသများ 

by (မင်းစိုးစံ)

April 18 2012 Wednesday

ဒေါသဆိုတာ ကိုယ့်ကိုယ်ကိုလောင်ကြွမ်းစေတဲ့ မီးတမျိုးဖြစ်တယ်လို့ ဆုံးမစကားတွေမှာ ကြားနေရလို့ ဒေါသ မဖြစ်ချင်တဲ့ကျုပ်ဟာ သင်္ကြန်အတွင်းမှာ ကိုယ့်ကိုဒေါသမီးတွေ မလောင်နိုင်အောင် အတတ်နိုင်ဆုံးစိတ်ထိန်း
နေတဲ့ကြားကနေ ဒေါသတွေက ပိုပြီးထကြွသောင်းကျန်းနေပါတော့တယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်အောင်ဆန်းကိုလေးစားတယ်ဆိုတဲ့ အကြောင်းတွေ့ဆုံမေးမြန်းခန်းတခုမှာ ကြားလိုက်ရလို့ပါ။
 တရားကျဘို့ကောင်းလိုက်တာနော်၊ လေးစားတယ်လို့ပြောပြီး အပြောနဲ့အလုပ်ကတော့ နံ့သာ နဲ့ မစင်လိုပါပဲဗျာ၊ ဟိုဒင်းပါးစပ်က နတ်စကားထွက်တယ်ဆိုလား ဘာဆိုလား။

လေးစားတယ်ဆိုလျင် လိုက်နာရမယ် မပြီးသေးဘူး ကျင့်ကြံအားထုတ်ရတယ်၊ အခုလုပ်ပုံက ဗိုလ်ချုပ်အောင် ဆန်းကို လေးစားတယ်ပြောပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဖျောက်ဖျက်နေ လိုက်တာ သူအနားမယူခင်အထိမဟုတ်လား၊ အနားယူပြီးသွားတာတောင် ဇန်န၀ါရီလအတွင်းက လွတ်လာ
တဲ့နိုင်ငံရေးအကျဉ်းသား ဗိုလ်ကြီးဟောင်း နေမျိုးဇင်ကို ဗိုလ်ချုပ်အောင်ဆန်းပုံပါ တီရှပ်ဝတ်ဆင်မှုနဲ့ ထောင်
တွင်းတရားရုံးကနေ တရားစွဲသေးတာပဲ။

ဘာဖြစ်လို့ အခုကျမှ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားတယ်လို့ပြောနေရတာပါလိမ့်၊ ဒီကြားထဲ ဒေါ်အောင်ဆန်း စုကြည်ကို နှမလေးတစ်ယောက်လို သဘောထားသလေးဘာလေးနဲ့၊ မင်းအောင်လှိုင်ဆိုတဲ့ အကြီးအကဲက လွမ်း
ပြနေလိုက်သေးတယ်။
နောက်တစ်ယောက်ရှိသေးတယ် ၀န်ကြီးချုပ်ဟောင်းခင်ညွန့်ဆိုတဲ့ ပုဂ္ဂိုလ်က ဒီပဲယင်းအရေးအခင်းကာလမှာ
တုန်းကဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်ကို ကယ်ခဲ့တယ်ဆိုလား ဘာဆိုလား။

ဘဘဦးတင်ဦးကတော့ ရယ်(ရီ)သလားမမေးနဲ့ ကျုပ်တို့ငယ်ငယ်တုန်းက သင်္ကြန်ရေကစားကြတော့ ခွက်စုတ် ကလေးနဲ့ပက်တာလောက်တော့ ရယ်(ရီ)တာပေါ့ ရယ်(ရီ)တာပေါ့ ဆိုတဲ့အတိုင်းပဲ။ ကျုပ်တို့ရပ်ကွက်က ပိုက်
စုတ်လေးတောင်မတတ်နိုင်တဲ့ ရပ်ကွက်ဆိုတော့ ရှိတဲ့ခွက်နဲ့ပဲလောင်းရတာကိုးဗျ။

အားလုံးကို ခြုံငုံကြည့်လိုက်တော့ မသိလျင်တော့ စေတနာတွေကောင်းနေတယ်လို့ ထင်ယောင်ထင်မှားဖြစ် သွားနိုင်တာပေါ့၊ သူတို့အချင်းချင်းကြားထဲမှာ အစာမကြေတာတွေ ဖြစ်နေတယ်ဆိုတာ ဖေါ်ပြနေတာဗျို့၊ အ
ဆောင်အယောင်တွေ အသိမ်းခံလိုက်ရတော့ ဘယ်သူမဆို ဘယ်လိုလုပ်ပြီးမုဒိတာပွါးနိုင်ပါ့မလဲဗျာ အားမတန် လို့သာမာန်ကိုလျှော့နေကြရတာလေ။

ဖြစ်နိုင်ခြေရှိတာနောက်တခုက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေနဲ့ နောက်ဆုံးမှာ သူ့သမိုင်းလေးကောင်းလာလိမ့်
နိုးနဲ့ လူထုသွေးအိုင်ထဲမျောပြီးနစ်နေတုန်း ဂယောင်ဂတန်းနဲ့ ရွတ်မိရွတ်ရာ ကမူးရှူးထိုး ရေရွတ်တာမျိုးလည်း
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သံဝေဂပေါ့ဗျာ သံဝေဂဆိုတာက ထိတ်လန့်တာလေဗျာ၊ ထိတ်လန့်နေလိုက်တာများ ဟန်တောင်မဆောင်နိုင် ကြရှာဘူး၊ နှမလေးလို သဘောထားပါတယ်လို့ပြောတဲ့လူနဲ့ အသက်ကယ်ခဲ့ပါတယ် လို့ပြောတဲ့လူကပြောနဲ့
ရေနစ်တဲ့လူဆိုတာမျိုးက ရရာမိရာကို လိုက်ပြီးဆွဲကိုင်တတ်တာမျိုးမဟုတ်ပါလား။

သူတို့အချင်းချင်း စာခွက်လုတာက အကြောင်းမဟုတ်ဘူးပေါ့ဗျာ ဒါပေမယ့် ပြည်သူလူထုခမျာမှာတော့ သူတို့ ရဲ့ဆင်ခြင်တုံတရား ခေါင်းပါးမှုကြောင့် နာလန်မထူနိုင်တာကို ဘယ်လိုလုပ်ပြီး အဖတ်ဆည်ကြမှာတုန်း၊ တိုင်း
ပြည်တခုလုံး လမစေ့ခင်ဇီးလျှောတဲ့ မိန်းကလေးလိုကိုဖြစ်လို့ လူထုတွေကျပြန်တော့ ဆန်ကောထဲက ဇီးဖြူသီး
လို လူးလှိမ့်နေကြရ ဘ၀တွေပျက်ကြ ငတ်ကြပြတ်ကြ သောကတွေ ဗလပွနဲ့ရှင်သန်ရပ်တည်နေခဲ့ကြရတာ နည်းတဲ့နှစ်မှမဟုတ် တာဗျာ။


မင်းတို့လုပ်ချင်တာလုပ်ကြ ငါတို့အကျိုးကို မထိခိုက်လျင် အားလုံးအေးဆေးပဲ၊ ငါတို့အကျိုးကိုထိခိုက်လာလို့ ကတြော့ဖင့် ကမ္ဘာပေါ်မှာမကြားဘူးတဲ့ ထောင်ဒါဏ်တွေ အချခံရပြီသာမှတ် ဆိုတဲ့အခြေအနေဆိုးတရပ်ကို လူကြီးမင်းတို့ အကောင်အထည်ဖေါ်လာခဲ့တာတွေကို မဟုတ်ဘူးလို့ ငြင်းမလို့လား။

အဲဒါကို ကုစားဘို့အတွက် နှမလေးလိုသဘောထားပါတယ် ဆိုတဲ့စကားလေး၊ ဗိုလ်ချုပ်အောင်ဆန်းကိုအလေး စားဆုံးဆိုတဲ့ လေသံလေး၊ ဆိုတာတွေက တကယ့်ထိရောက်တဲ့ ကုထုံးလို့များယူဆနေကြသလားမသိပါဘူး၊ တတ်လည်းတတ်နိုင်ပါပေ့ မြန်မာနိုင်ငံ စစ်အာဏာရှင် အကြီးအကဲများတို့ရယ်။

အခုမှ ကြောက်တတ်နေလို့ မရဘူးလေ၊ အာဏာရှိနေတဲ့အချိန်တုန်းကတော့ လူစိတ်ပျောက်နေပြီး အာဏာမဲ့
တော့မယ့် ကာလကို ရောက်တော့မှ ပါးစပ်ကပေါက်တတ်ကရ ပြောနေတာ တော်တော်ကိုသောက်ရှက်မရှိတဲ့ လူတွေပဲ။

တူဖြစ်တုန်းက နှံခဲ့ပြီး ပေဖြစ်တော့ခံရမှာ ကြောက်နေပြီလား။
ပေဖြစ်တုန်း ခံနေခဲ့ကြရတဲ့ လူထုက တူဖြစ်လျင် နှံဘို့ ခင်ဗျားကြီးတို့ကို စောင့်နေကြတယ်၊ စောစောစီးစီး
လူ့လောက ထဲကနေ ထွက်မသွားနိုင်အောင်လို့ မရဏမင်းဆီမှာ ခင်ဗျားတို့အတွက် ဆိုင်းငံ့ထားရေး အိတ် ဖွင့်ပေးစာတွေ ပေးနေကြလေရဲ့၊
ခင်ဗျားကြီးတို့နဲ့ စာရင်းရှင်းမလို့တဲ့ဗျား။

ကျန်းမာချမ်းသာကြပါစေ။ (စစ်အာဏာရှင်များ မပါ)

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး