Saturday, July 21, 2012

ဓါးသမားတစ်ယောက်အကြောင်း


ဓါးသမားတစ်ယောက်အကြောင်း

(မင်းစိုးစံ) 

သူဟာဓါးကိုင်ပါ
စားသောက်ဆိုင်မှာ လုပ်ပါတယ်။

စားသုံးသူအတွက်
သိပ်ထက်တဲ့ဓါးနဲ့ မြန်ဆန်သွက်လက်
ဟင်းရွက်ဟင်းသီး သားကြီးငါးကြီး
ခုတ်လှီးဖြတ်တောက်
စားပွဲပေါ်အရောက်မြန်ရေး
ဓါးကိုအပြန်အလှန်
အဖန်ဖန်သွေးတာ မဆန်းပါဘူးနော်။

သူလည်းဓါးကိုင်ပါ
တောင်ယာတောမှာ နေပါတယ်။

ရိက္ခာအတွက် သိပ်မထက်တဲ့ဓါးနဲ့
အားကိုဖျစ်ထုတ်
သစ်ငုတ်တိုရှည်ကို
ကောက်နှံပင်ပျိုကြားက
ဖယ်ရှားဘို့အရေး
အဖန်ရာထောင်ထက်ပို
အသွားသွေးဘို့လိုနေတာ
သဘာဝပါ။

သူလည်းဓါးကိုင်ပါ
ခွဲစိပ်ခန်းမှာ ထိုင်ပါတယ်။

လူနာအတွက် ဓါးထက်ထက်ကို
တစ်ချက်ဆိုတစ်ချက်
သွေးထွက်နည်းစေ
လက်ဆမလွဲ
ဖြတ်ခွဲထုတ်ချုပ်
ယုတ်လတ်မြတ်မလိုပါ
လူနာကိုကုသ
ဆရာဝန်ရဲ့ဘဝ
ကုသိုလ်လည်းရ ၀မ်းလည်းဝ
အားကျလိုက်တာ
ငါဓါးကိုင်သူတစ်ယောက် ဖြစ်ချင်တယ်။

အခုဆို
ငါလည်းဓါးကိုင်ပါ
အချုပ်ခန်းကို စောင့်ပါတယ်။

ရာဇ၀တ်သားလား
သေစားသေစေလား
မသင်္ကာသူတွေလား
သစ္စာဖေါက်တွေလား
ဓါးလျှိုဓါးလံလား
မှားသလားမှန်သလား
အပြန်ပြန်တလဲလဲ
ခွဲခြမ်းစိပ်ဖြာစဉ်းစားစရာမလို
အပိုအလိုမရှိ
ချက်ကောင်းထိဘို့
မြိနေအောင်သွေးထား နံကြားထဲထိုးသွင်း
အတိတ်က အရည်အချင်း
သီချင်းညည်းရင်းဖြတ်သန်း
အရှေ့ဘက်တောင်တန်းတစ်နေရာက
ထောင်သားများစွာရဲ့ဇီဝိန်ကို
ကာလကြာရှည်စွာ နှုတ်လာခဲ့သူပါ။

အခုတော့
ဇရာအိုခဲ့
ဘာလိုလိုနဲ့ နေညိုချိန်ရောက်
တောက်တစ်ချက်ခေါက်ကြည့်လိုက်တယ်။

သွားဆိုလို့ တစ်ချောင်းမှမကျန်တဲ့
အာခံတွင်းထဲကငါ့ရဲ့လျှာ
သွားဖုံးတွေကိုထိနိုင်ယုံသာဆိုတော့
ဘာသံကိုမျှမကြားလိုက်ရဘုး။
ငါ့ကို
ငိုယိုပြီးတောင်းပန်ခဲ့တဲ့
ထိတ်လန့်စရာ အသံတွေကိုသာ ကြားနေရတယ်။
ချက်ကောင်းမထိလို့
မချိမဆန့်အော်တဲ့ ခြောက်ခြားစရာအသံတွေနဲ့
ရောထွေးလို့ပေါ့။

ဒီလိုနဲ့
သွေးညှီနံ့လှိုင်နေတဲ့ မျက်နှာဖုံးစွပ်တစ်ခုဟာ
ငါ့ခေါင်းပေါ်ကအစပြုလာပြီး
မျက်နှာတစ်ခုလုံးကို ဖုံးချလာတယ်။

ဒါဟာ
ငါ့အာဏာတည်ဘို့အတွက်
ငါ့လုပ်ပိုင်ခွင့် မြဲဘို့အတွက်
ငါအသုံးပြုခဲ့တဲ့
မျက်နှာဖုံးအစွပ်ဆိုတော့
ညင်းဆန်ဘို့မလိုဘူးလေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)