Sunday, July 22, 2012

အသေချောင်တယ်ဆိုတာ ဘာလဲ

အသေချောင်တယ်ဆိုတာ ဘာလဲ 

By မင်းစိုးစံ

ဟေ့ လူ၊ ခင်ဗျားပို့စ်တွေမတင်တာကြာလှပြီ ဘာဖြစ်လို့လဲ နေမကောင်းလို့လား။
သူများရေးထာတာတွေ တင်ပေးထားတယ်လေ။ 

ခင်ဗျားကိုယ်တိုင်ရေးတာပဲတင်မယ်ဆို ခင်ဗျားမှာကုန်ကြမ်းတွေ အများကြီးရှိနေတယ်ဆို ခင်ဗျားပဲပြောခဲ့တာလေ၊ စကားဆိုတာ ကြည့်ပြောရတယ်။
လုပ်နိုင်တာထက် လျှော့ပြောရတယ် လုပ်နိုင်သလောက်မပြောရဘူး။
လုပ်နိုင်သလောက်ပြောပြီး မလုပ်ဖြစ်ဘူးဆိုလျင် ခင်ဗျားဟာ ပြောပြီးမလုပ်တဲ့ လေပေါကြီး ဖြစ်သွားမှာပေါ့။ ကရင်သင်ပုန်းကြီးကို အသံနဲ့တင်မယ်၊ ရုပ်သံဖြစ်အောင်ဖန်တည်းမယ်ဆို ဘယ်မှာတုန်း အသံလည်းမကြား စာ
သားလည်းမတွေ့နဲ့။ 
ခုခေတ် ကရင်လေးတွေက စာဖတ်အားနည်းကြတယ်လေ၊ ဗမာစာနဲ့ရေးထားတာတောင် ဖတ်တဲ့သူမရှိတာဗျာ၊ ကရင်လိုရေးတော့ ပိုဆိုးမှာပေါ့၊ ဒါကြောင့်အချိန်ကုန်ပြီး လူအများစုစိတ်မ၀င်စားတဲ့ အလုပ်မျိုးမလုပ်ဘူးဗျာ။

ခင်ဗျားရဲ့ ဆင်ခြေက ခိုင်လုံမှုမရှိပါဘူး၊ ထားလိုက်ပါတော့ ကရင်လူငယ်တွေက စာဖတ်အားနည်းတယ်ဆိုပေမယ့် ခင်ဗျားမရေးခင်တုန်းက ဒီအချက်ကို ဘာပြုလို့မစဉ်းစားခဲ့တာတုန်း၊ 
ဘာလဲ ခင်ဗျားအခုလို ပို့စ်တွေတင်နေတာက ပိုက်ဆံရလို့တင်နေတာလား။ 
ခင်ဗျားသိပါတယ်ဗျာ ၀ါသနာရှိလို့ရေးတာပါ ပြီးတော့ မှတ်တမ်းလေးဘာလေးအဖြစ်နဲ့ရေးနေတာပါ။

ဒီလိုပြောတယ်ဆိုကတည်းကိုက ခင်ဗျားစောစောက ပြောခဲ့တဲ့ ကရင်လူငယ်တွေ စာဖတ်အားနည်းတယ်၊ စိတ်ပါ
ဝင်စားမှုနည်းတယ် ဆိုတဲ့ ခင်ဗျားရဲ့အကြောင်းပြချက်က လုံးဝကိုမခိုင်လုံဘူး။
လူတွေဟာ ကိုယ့်အားနည်းချက်ကို ကိုယ်ကိုယ်တိုင်သိနေပေမယ့် ကိုယ့်ကိုယ်ကိုလျှော့ပေါ့ပြီးသုံးသပ်တတ်ကြတာ ဓမ္မတာပဲဗျ။ 
နောက်ပြီးတော့ ကိုယ်လုပ်နိုင်တာတွေ လုပ်သင့်တာတွေကိုသိနေလျက်သားနဲ့ ဟိုအကြောင်းပြ ဒီအကြောင်းပြပြီး မလုပ်ပဲနေတတ်ကြသူတွေက အများကြီး။ 
အထူးသဖြင့် ခင်ဗျားလို အဆီတွေအများကြီးနဲ့ ၀ဖိုင့်ဖိုင့်ကိုယ်ခန္ဓာတည်ဆောက်ထားတဲ့လူုတွေဟာ အင်မတန်
ဖင့်နှေးနေတတ်ကြတာဗျို့။ 
ကဲကဲ ရေးဗျာ သူများတွေ ဖတ်မယ်မဖတ်ဘူးဆိုတာ ကျုပ်အတိအကျမပြောနိုင်ပေမယ့် ကျုပ်ကိုယ်တိုင်ကတော့ ခင်ဗျားရဲ့အရေးအသားကို သဘောကျတယ်။ 
တခါတလေကလွဲလျင်ပေါ့။ 

ဟုတ်ပြီ ဘာအကြောင်းရေးမလဲ၊ သူများအကြောင်းတွေရေးမှာလား၊ သူများအကြောင်းရေးလျင် ကိုယ်ရေးချင် တဲ့သူရဲ့ကြောင်းကို စာရေးမယ့်ကျုပ်ကဘယ်လောက်သိလို့လဲ။
ကျုပ်အကြောင်းကိုရေးမယ်ဆိုလျင် ကျုပ်ကိုယ်တိုင်လျှောက်လာခဲ့တဲ့လမ်းက ဘယ်လောက်မှန်ကန်လို့လဲ၊ မှတ်
သားအတုယူစရာကောင်းတဲ့ အချက်တွေဘယ်လောက်ရှိလို့လဲ၊ သဘာဝအကြောင်းရေးမယ်ဆိုလျင် သဘာဝတ
ရားကို ကျုပ်ဘယ်လောက်နှိုက်နှိုက်ချွတ်ချွတ် သိနားလည်ထားသလဲ။

တစ်ခုတော့ရှိတယ် အဲဒါက သဘာဝအကြောင်းရပ်ပေါ်ခံစားရတဲ့ ကျုပ်ရဲ့ခံစားချက်ကိုရေးမယ်ဆိုလျင်တော့ ရေး
လို့ရမယ်ထင်တယ်၊ ခံစားချက်ဆိုတော့ တစ်ယောက်တမျိုးစီလေ။
ကောင်းပြီ သဘာဝဆိုတဲ့နေရာမှာ သက်ရှိသဘာဝ သက်မဲ့သဘာဝ ဆိုပြီးနှစ်မျိုးရှိ တယ်ပဲဆိုပါစို့။
ဒါက ကျုပ် တစ်ယောက်ထဲ အမြင်ပါ။
သက်ရှိဆိုတဲ့နေရာမှာ ဘယ်လိုအရာတွေကို သက်ရှိလို့ သတ်မှတ်သလဲဆိုတဲ့ မေး ခွန်းကရှိလာပြန်ပါတယ်။ အဲဒါတွေကိုတော့ကျုပ်မရေးပြတတ်ဘူး၊ ကျုပ်မှနှိုက်နှိုက်ချွတ်ချွတ်တိတိ ကျကျမသိ တဲ့ဥစ္စာ။
လူကတော့ သက်ရှိသတ္တ၀ါဆိုတာ သေခြာတယ်၊ အဲဒီတော့ လူ့သဘာဝနဲ့ပတ်သက်တဲ့ ကျုပ်ရဲ့ခံစား ချက်ကိုရေး
ကြည့်မယ်။

လူ့သဘာဝအရ မွေးမယ် သေမယ်။ လူ့ဘ၀ဆိုတာ မွေးရာ ကနေ သေတဲ့အထိ လူ့ဘ၀ လို့သတ်မှတ်တတ်ကြသလို အသက်ရှူသွင်း ရှူထုတ်လုပ်တဲ့ကြားကာလတစ်ခုကို လူ့ဘ၀လို့ သတ်မှတ်ပြန် ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် လူဖြစ်လာတယ်ဆိုကတည်းက သေဘို့ပါ၊ နေဘို့မဟုတ်ပါဘူး သေမယ့်နေ့တနေ့ ဆိုတာ လူတိုင်း
အတွက်ဆုလဒ်ဖြစ်ပါတယ်။
အသက်ရှင်နေတဲ့အချိန်မှာ ဘယ်လိုနေထိုင် ကျင့်ကြံရမယ်ဆိုတာ ကို လေ့လာမှတ်သားထားခြင်း အားဖြင့်သေခြင်း
တရားကိုဘယ်လို ဖြတ်သန်းမလဲဆိုတာ တွေးကြည့်မိပါတယ်။ အနေချောင်လျင် အသေကြပ်မယ်ဆိုပဲ။

ဘယ်လိုအနေချောင်လို့ ဘယ်လိုအသေကြပ်မှာလဲ ကျုပ်မတွေးတတ်ဘူး လူ့လောကကြီးမှာ ရုန်းကန်လှုပ်ရှားနေရ
တာ ချောင်တယ်ဆိုတာဘာမှန်းကိုမသိတာ ဒါကတော့ ကျုပ်ဖြတ်သန်းလာတဲ့ဘ၀တစ်လျှောက် ခံစားရတာကိုပြော
တာ၊ ရောက်လိုက်တဲ့ဒုက္ခ၊ ခံစားလိုက်ရ တဲ့ဝေဒနာ၊ ဖြစ်လိုက်ရတဲ့ဒေါသ၊ ကြိတ်ခံနေရတဲ့မကြေနပ်မှု၊ကျလိုက်တဲ့
မျက်ရည်၊ လုပ်လိုက်ရတဲ့ဒုစရိုက်၊ ဖြစ်လိုက်တဲ့ အကုသိုလ် ဘယ်မှာချောင်လို့လဲ။
ဒါဆို အသေမှာချောင်မယ်လို့ထင်သလား၊ ဝေးသေး။

ကျုပ်အမေ June 06 2012 Tuesday 2:00 PM မှာဆုံးတယ်။
သူအသက်ရှူတာကိုကြည့်လိုက်မြင်လိုက်တော့ မချောင်ပါဘူး။
ရင်ဘတ်တစ်ခုလုံးဟာ ပန်းပဲမှာသုံးတဲ့ ဖိုလိုပါ။
မြင့်လာလိုက် နိမ့်သွားလိုက်၊နောက်ဆုံး နိမ့်လာတာမရှိတော့ပဲ မြင့်သွားလိုက်တာ မျက်ဖြူလန်ပြီးငြိမ်ကျသွားပါ
တယ်။

ကျုပ်အမေလည်း သူ့ဘ၀တစ်လျှောက် နေထိုင်စားသောက်လာတာ ချောင်တယ်ရယ်လို့မရှိရှာပါဘူး။ တစ်လုပ်တစ်ဆုပ်စားရဘို့အရေး အပြေးအလွှားပဲ သေတဲ့အခါကျတော့လည်း အသက်ကိုပြင်းပြင်းထန်ထန် အလု အယက်ရှူရှိုက်ရတာပါ ဘယ်မှာချောင်လို့တုန်း၊ ကဲ အနေချောင်လျင်အသေကြပ်မယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ကျုပ်မသိဘူး။

လူရယ်လို့ဖြစ်လာတဲ့နောက်တော့ ချမ်းသာသူပဲဖြစ်ဖြစ် ဆင်းရဲသားပဲဖြစ်ဖြစ် ကလေးဖြစ်ဖြစ် လူကြီးဖြစ်ဖြစ် မိန်းမ
ဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် အားလုံးအားလုံး တစ်ယောက်မကျန် အင်မတန်ကိုအနေကြပ်လှပါတယ်။
သေတော့ကော အသေချောင်တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။

ကျုပ်လူသေတာ အများကြီးတွေ့ဘူးတယ်၊ AIDS HIV စတဲ့ရောဂါနဲ့သေတဲ့သူ၊ ကားတိုက်ပြီးသေတဲ့လူ၊ သေနတ်
မှန်ပြီးသေတဲ့လူ၊ ဓါးထိုးခံရလို့သေတဲ့လူ၊ ကိုယ့်ကိုယ်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး သတ်သေသူ၊ ရေနစ်တဲ့လူ မီး
လောင်ပြီးသေတဲ့လူ အဲဒီလူတွေအားလုံးဟာ မသေခင်မှာ မျက်ရည်ကျတဲ့လူရှိတယ်၊ အော်ဟစ်တဲ့လူရှိတယ်၊
ကယောင်ဂတမ်းပြောဆိုတဲ့လူ၊ရုန်းကန်နေတဲ့ လူတွေ၊ အဲဒီထဲက မှတ်မှတ်ရရနှစ်ခုလောက်ရေးပြမယ်။

ထိုင်းနိုင်ငံထဲမှာ ၀ါးခုတ်တဲ့အလုပ်နဲ့ အသက်မွေးရတဲ့ ကရင်အမျိုးသမီးငယ်လေး အကြောင်းရေးပြမယ်။
ထိုင်းနိုင်ငံထဲမှာ ၀ါးခုတ်တယ်ဆိုတော့ ထိုင်းနိုင်ငံထဲက ၀ါး တွေလို့ မထင်လိုက်ပါနဲ့၊ ကျုပ်တို့ပြည်ထောင်စုဗမာနိုင်ငံ
တော်(ပြည်ထောင်စုမြန်မာနိုင်ငံတော်)ထဲက ၀ါးတွေကို ခုတ်တာပါ။ ရှင်းတယ်နော်။
ဟိုအကြောင်းကြောင့် ဒီအကြောင်းကြောင့်ဆိုတာ ရေးမပြတော့ဘူး၊ အားလုံးသိကြမှာပါ။

အင်မတန်ပင်ပမ်းပါတယ်၊ ကြောက်ရပါတယ်၊ ခင်ပွန်းသည်ဝါးခုတ်တဲ့ဆီကို ဇနီးသည်လိုက်လို့မဖြစ်ပါဘူး။ ထိုင်းနိုင်ငံထဲက တောတွေထဲမှာပုန်းအောင်းပြီး ခင်ပွန်းသည်ပြန်လာမယ့်ရက်ကိုစောင့်ရပါတယ်။
အဲဒီတော့ အမျိုးသမီးတွေအတွက် ဘယ်လောက်စိုးရိမ်စရာအခြေအနေမျိုးလဲဆိုတာ ခန့်မှန်းနိုင်ပါလိမ့်မယ်။ အဲဒီတောထဲက ဇာတ်လမ်းတွေ အဖြစ်အပျက်တွေဆိုတာကလည်း ကြားချင်စရာ ကြားရက်စရာတောင်မရှိပါဘူး၊ နာကျည်းစရာ ကြေကွဲစရာ ပူလောင်စရာတွေအပြည့်ပါ။

တစ်နေ့တော့ လသားအရွယ်ကလေးငယ်တစ်ဦးရဲ့မိခင်(မိခင်ဆိုပေမယ့် အသက်က ၁၉နှစ်ဝန်းကျင်လောက်ပါ)
မကျန်းမမာဖြစ်ပြီးရောက်လာပါတယ်၊ဒုက္ခသည်စခန်းတစ်ခုကိုပါ၊ သူတို့က ဒုက္ခသည်စခန်းထဲမှာ စာရင်းမ၀င်လို့
ဆိုပြီး ဆေးကုသခွင့်မရကြပါဘူး။
အဲဒီတော့ စခန်းပြင်ပက တတ်ယောင်ကား ဆေးဆရာနဲ့ကုပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အသုံးအနှုံးအရဆို လျင် အပ်ပုန်းပေါ့လေ။
မိခင်ရဲ့တတောင်ဆစ်အကွေးမှာက ဆားရည်ပုလင်းကကြိုးတန်းလန်း၊ လသားသမီးလေး က မိခင်ရင်ခွင်ထဲမှာနို့
ဆို့ရင်းတန်းလန်း၊ အဲဒီအချိန်မှာ စကားတခွန်းမှမပြောနိုင်ရှာတော့တဲ့ မိခင်ဟာ သူ့သမီးလေးကိုကြည့်ပြီး တခုခု
ပြောဘို့အသက်ကိုပြင်းပြင်းရှူနေပါပြီ၊ မျက်ရည်တွေပဲကျလာပါတယ်။
နောက်ဆုံးတော့ မိခင်ဟာ သူ့သမီးလေးကို မျက်ရည်တွေကြားက အပြီးအပိုင်စွန့်ခွါသွားရှာပါတယ်၊ ဘာမျှမသိတဲ့ သမီးငယ်လေးဟာ မိခင်ရဲ့နို့ရည်ကို အငမ်းမရ စို့နေတုန်းပါ။
ကဲ ဘယ်မှာလဲ အနေချောင်လျင်အသေကြပ်မယ်ဆိုတာ။
လူဆိုတာသေတဲ့အခါမှာ တစ်ယောက်မကျန် ဆိုးရွားကြပ်တည်းလှတဲ့ အခြေအနေမျိုးကိုဖြတ်ကျော်ကြရတာချည်း
ပါ။ လူ့လောကထဲမှာ နေထိုင်တဲ့အချိန်မှာကော ဘယ်နှစ်ယောက်များ သက်သက်သာသာချောင်ချောင်ချိနေကြရ
လို့လဲ။

နောက်အဖြစ်အပျက်တစ်ခုက မဲဆောက်နဲ့ မယ်တန်အဝေးပြေးလမ်းမပေါ်က ကားတိုက်မှုတစ်ခုကိုရေးပြပါ့မယ်၊ အချိန်က ကျောင်းဆင်းချိန်။ အဝေးပြေးကားလမ်းမ ကြီးပေါ်မှာ မိုင်ကုန်မောင်းနှင်နေတဲ့ ကားတချို့ကလွဲပြီး လူ
သွားလူလာမရှိတဲ့လမ်းမ ကြီးပါ။

လမ်းဘေးတဘက်တချက်မှာတော့ လူတရပ်ကျော်ကျော် ၀ါးရုံပင်လေးတွေရှိပါတယ်။(အခုတော့ မပြောတတ်) တနေရာကိုရောက်တော့ ကျုပ်မှတ်မိသလောက် Mae Ramat နဲ့ Huai Bon ရွာအကြား (Huai Bon) ဂိတ်မ
ရောက်ခင်မှာ ကျောင်းသူလေးတစ်ယောက် (ရှစ်နှစ်အရွယ်) အင်ဖက်နဲ့ထုပ်ထားတဲ့ မျှစ်ထုပ်ကလေးကို ကိုင်ပြီး အဝေးပြေးကားလမ်းမကြီးဘေးမှာ ရပ်လျှက်အနေအထားနဲ့ ငိုနေတာတွေ့ရတယ်။
ကားလမ်းမကြီးပေါ်မှာတော့ အသေအခြာအခွံသင်ထားတဲ့မျှစ်စို့လေးတွေ ပြန့်ကျဲနေပါတယ်၊ နံဘေးမှာတော့ ဆယ်
နှစ်အရွယ်ကျောင်းသားလေးတစ်ယောက် သွေးအိုင်ကြားထဲ ပုံပျက်ပမ်းပျက် လဲကျနေတာတွေ့ရတာမို့ ကားမောင်း
တဲ့သူကို ခဏရပ်ခိုင်းလိုက်ပါတယ်။
ယောက်ျားလေးရဲ့ ဦးခေါင်းမှာကွဲရှဒါဏ်ရာနဲ့ပါ။ အသက်ကိုလုပြီးရှူနေရှာပါတယ်၊ သတိလျှစ်နေပါပြီ ဘာကြောင့်
ကျောင်းသားကျောင်းသူလေးတွေလို့ပြောနိုင်သလဲဆိုတော့ မိန်းကလေးရဲ့အပေါ်ပိုင်းအ၀တ်က အဖြူရောင်ဖြစ်သ
လို ယောက်ျားလေးရဲ့ အ၀တ်အပေါ်ပိုင်းကလည်း အဖြူရောင်နဲ့မို့ပါ။ မိန်းကလေးရဲ့ဂါဝန်လေးက အပြာရင့်ရောင်
ပါ၊ ယောက်ျားလေးရဲ့ ဘောင်းဘီတိုလေးကတော့ စစ်သမီးရောင် ကျုပ်တို့ခေတ်တုန်းကခေါ်တာကတော့(ကာကီ
ရောင်)လို့ခေါ်ပါတယ်။ (အစိမ်းပုပ်ရောင်)လို့ပြောမလား။

ကားဆရာကို ဒီကလေးလေးကို ဆေးရုံတင်ပေးဘို့ ကျုပ်ပြောပါတယ်။
ထိုင်းကားမောင်းသမားက ကျုပ်ကိုဘာပြန်ပြောသလဲဆိုတော့
မတင်ပေးနိုင်ပါဘူး၊ ကလေးကိုဆေးရုံတင်လိုက်တာက ပြဿနာမရှိပေမယ့် ရုံးချိန်းတွေ သွားနေရမှာနဲ့ ဘာမျှ လုပ်စားလို့မအားဘူး၊ 
အမှုမှန်ပေါ်တဲ့အထိဆိုတော့ မလွယ်ဘူးဗျ။ ဟောအနောက်မှာ ကား တစ်စီးလာနေပြီ လစ်စို့။ 

ဆိုပြီး အမြန်မောင်းခဲ့ပါတယ်၊ ကားလမ်းဘေးက ကျောင်းသူလေးခမျာမှာတော့ ခြေကလေးဆောင့်ပြီး ပြင်းထန်တဲ့ ငယ်သံပါတဲ့ငိုသံတွေနဲ့ ကျန်ရစ်ခဲ့ပါတော့တယ်။
ကားပေါ်ကနေ အောက်ကိုတောင်မဆင်းဖြစ်ခဲ့တဲ့ ကျုပ်ရဲ့ရင်ထဲမှာ တစ်သက်လုံး မေ့မရနိုင်တဲ့ အဖြစ်ပါ။

ကဲ အားလုံးကို ကျုပ်တတ်သလောက်သုံးသပ်ကြည့်ပါ့မယ်။
သားသည်မိခင်ဟာ လူမမယ်သူ့သမီးလေးကို ဘယ်လောက်အထိချစ်ရှာလိုက်မလဲ၊ သူ့သမီးလေးအတွက် ဘယ်
လောက်ပူပင်ရှာလိုက်မလဲ၊ မျက်ရည်နဲ့ပဲနှုတ်ဆက်နိုင်တယ်။ သူ့သမီးအတွက် တောထဲတောင်ထဲမှာ တွေ့ကြုံခံစားခဲ့ရတဲ့ ဒုက္ခ၊ သောက၊ အပူတွေအပြင် သူသေခါနီး ဘာမျှ
မတတ်နိုင်ရှာဘူး၊ သူ့အသက်ကို သူလုပြီးရှူနေရတယ်၊ ဘယ်လောက်အထိ ဆိုးရွားခက်ခဲသလဲ ဆိုလိုချင်တာ ကတော့ မချာင်ဘူးပေါ့၊ သေရတာမချောင်ဘူးပေါ့နော်။

ကျောင်းသားလေးကိုကြည့်လိုက် သူချိုးထားတဲ့မျှစ် သူမစားလိုက်ရရှာဘူး၊ ကျောင်းအပြန် အိမ်ကမိသားစုတွေ စားဘို့သောက်ဘို့ ဟင်းတစ်ခွက်စာမျှစ်တွေကို ပင်ပမ်းခြင်းကြီးစွာနဲ့ရှာခဲ့ရသလို သေတော့လည်း အသက်ကိုအ လုအယက်ရှူရပြန်တယ်၊ ဘယ်မှာချောင်လို့တုန်း။

အခုလက်ရှိ ခင်ဗျား အသက်ရှင်နေတယ်၊ ကျုပ် အသက်ရှင်နေတယ် သူ အသက်ရှင်နေတယ်၊ တနေ့မှာ ကျုပ် တို့ သေဆုံးခြင်းဆိုတာကိုမရောက်ခင်မှာ ကြားကာလကို ဘယ်လိုဖြတ်ကြမလဲ။
သက်တောင့်သက်သာနဲ့ သေဆုံးနိုင်တဲ့ သေဆုံးရမယ့်နည်းလမ်းတွေ ဆိုတာဘာတွေလဲ၊စဉ်းစားကြည့်လိုက်တော့ ဆရာဝန်ကိုမေ့ဆေးပေးခိုင်းပြီး သေကြမလား။
ကောင်းပြီ ကျုပ်တို့တတွေ ဆေးရုံပေါ်မှာဆိုလျင်တော့ ဖြစ်နိုင်တယ်ပဲထားလိုက်၊ တကယ်ပဲသက်တောင့်သက်သာ ရှိရဲ့လား၊ ဘာကိုကြည့်ပြီး သက်တောင့်သက်သာရှိတယ်လို့ ဆုံးဖြတ်မှာလဲ။

စဉ်းစားချင်တဲ့လူ ဆက်ပြီးစဉ်းစားကြ ကျုပ်ကတော့ စဉ်းစားလို့မရတော့ဘူး၊ စဉ်းစားလို့ရတယ်ဆိုလျင် ကျုပ်ကို လည်းအသိပေးကြပါ၊ လူတွေအားလုံး သေဆုံးခြင်းဆိုတဲ့ ဆုလဒ်ကိုမဆွတ်ခူးခင်လေး သက်တောင့်သက်သာ
ဖြစ်ဘို့ ကူညီနိုင်တဲ့ခင်ဗျားကို လူသားတွေအားလုံးက ကျေးဇူးတင်နေမှာပါ။
ကျုပ်ကတော့ အဓိကကျေးဇူးတင်မယ့်သူပေါ့။

မေ့သွားတော့မလို့ ကျုပ်ကို ပို့စ်တင်ခိုင်းတဲ့ ဆရာကြီးလည်း ခင်ဗျားပြောတဲ့အတိုင်း ဖတ်ဖြစ်အောင်ဖတ်၊ ပြီးတော့ စဉ်းစားပေး၊ ဖတ်ပြီးပြီးရောတော့မလုပ်နဲ့။ ကျုပ်ရေးတဲ့ စာတခုတည်းကိုပြောတာမဟုတ်ဘူး၊ ခင်ဗျားဖတ်တဲ့စာတွေ
အားလုံးကိုပြောနေတာ။
ကျုပ်ရေးထားတာကိုဖတ်ပြီး စဉ်းစားလို့ရတဲ့အရာမှန်သမျှ ကျုပ်ဆီကို E-mailနဲ့ပို့ပေးလိုက်ပါ။
လိပ်စာကတော့ minsoesan09@gmail.com အဲဒါပဲ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)