Sunday, November 18, 2012

သင်္ခါရကို မျိုချနေရသော နေ့စွဲများ


သင်္ခါရကို မျိုချနေရသော နေ့စွဲများ

By လွမ်းနောင်
နိုဝင်ဘာ 18, 2012

ခုတလော ကျုပ်ရင်ထဲမှာ ပိုးတစ်မျိုးထနေတယ်။ တခြားဟုတ်ရိုးလားဗျာ။ အိမ်ရှေ့က အသစ်စက်စက် အုတ်တိုက်
လေးကို ကြည့်ပြီး အိမ်အသစ် ဆောက်ချင်တဲ့ပိုးပေါ့။ဟိုတုန်းက ကျုပ်အိမ်ကို စုတ်တယ် ချာတယ်.ပြောကြတုန်းက ကျုပ် သိပ်အရေးလုပ်ခဲ့တာ မဟုတ်ဘူး။ ကျုပ်က ကြယ်မြင်လမြင် လောကဓံကိုပဲ ဖက်တွယ်ပြီး နေခဲ့တာ။ ဒီတုန်းကလည်း အိမ်ရှေ့မှာက အခုရှိနေတဲ့တိုက်သစ်လေး မရှိသေးဘူး။ မြေကွက်လပ်ကြီးပဲ ရှိတာ။
ပြီးခဲ့တဲ့နှစ်လလောက်ကမှ အုတ်တွေ သဲတွေ လာချ ။ မြက်ရိုင်းတွေ ရှင်းပြီး လုပ်သွားလိုက်တာ အခုလို တိုက်လေး
ဖြစ်လာတာပဲ။ အခုတော့ ရှေ့က တိုက်သစ်လေးကို ကြည့်ပြီး ကျုပ်ရင်ထဲမှာ ကလိ ကလိ ဖြစ်နေတယ်။
ဖြစ်ဆို ကျုပ်မှာကလည်း လုံလောက်တဲ့အကြောင်းက ရှိနေတာကိုး။ ဟိုတုန်းက ကျုပ်တစ်ယောက်တည်းဆိုတော့ ဘယ်လိုပဲ ဖြစ်နေနေ ဘာအရေးလဲ။ အခုက ကျုပ်နဲ့ မမြစိန်နဲ့က ရှေ့တစ်ပတ်ဆို မင်္ဂလာဆောင်တော့မှာလေ။

မမြစိန်ဆိုလို့ ပြောရဦးမယ်။ သူက အရင်တုန်းက ပဲပြုတ်ရောင်းပြီး သူ့အမေကြီးကို လုပ်ကျွေးနေတာ။ သူတို့သားအမိက ဒီဇာတိတွေ မဟုတ်ဘူး။ ပြီးခဲ့တဲ့ တစ်နှစ်လောက်မှ ဒီကိုပြောင်းလာတာ။
ဒါပေမယ့် အိုးပိုင် အိမ်ပိုင်တော့မရှိရှာဘူး။ သူများအိမ်ကို လပေးနဲ့ငှားနေကြတာ။
မနက်မနက် မမြစိန်ရဲ့  ဟောဒီက ပဲပြုတ်  ဆိုတဲ့ အသံက ကျုပ်အတွက်တော့ နှိုးစက်ပေါ့။
တကယ်က သူ့အသံမကြားခင်ကတည်းက ကျုပ်က နိုးနေပြီးသားပါ။
ဒါပေမယ့် ကျုပ်က အိပ်ယာထဲမှာပဲ မှိန်းနေတယ်။ လုံးဝ မထဘူး။
မမြစိန်ရဲ့  ဟောဒီက ပဲပြုတ်  ဆိုတဲ့အသံကြားမှ ကျုပ်က ဇလုံလေးဆွဲပြီး အိမ်ပေါက်ကို အပြေးထွက်စောင့်တာ။
ပြီးရင် ကျုပ်ဆီက ဇလုံလေးကို ယူပြီး ပဲပြုတ် ထည့်ပေးနေတဲ့မမြစိန်ရဲ့ မနက်ခင်းအလှကို ကျုပ်က တ၀ကြီး ရှုစား
တာပေါ့။
သူ ထွက်သွားတာ ကျုပ်မျက်စိအောက်က ပျောက်မှ အိမ်ထဲဝင်၊ သွားတိုက် မျက်နှာသစ်ပြီး ညကျန်ထမင်းကြမ်းနဲ့ မမြစိန်ရဲ့ ပဲပြုတ်ကို သမပြီး လွေးတာ။ ဒါ ကျုပ်ရဲ့ မနက်ခင်းသံစဉ်။

မမြစိန်က အသက်သုံးဆယ်ကျော်ပြီသာ ပြောတာ မသိတဲ့သူဆိုရင် အလွန်ဆုံးမှန်းမှ ၂၇ပဲ။ အဲ့လောက်ထိ သူက နုပျိုတာ။ ရပ်ကွက်ထဲမှာလည်း မမြစိန်ကို ကြိုက်တဲ့ကာလသားတွေ မရှိတာမဟုတ်ဘူး။ ရှိကြတယ်။ ဒီထဲကမှ ကျုပ်က ကံထူးသူပေါ့။ ဒါပေမယ့် မမြစိန်က ကျုပ်အချစ်ကို လက်ခံတုန့်ပြန်ပြီးတော့ ပြောတယ်။

ကိုဘသောင်းရယ် အိမ်လေးကို ပြန်ပြင်ပါဦးတော် ၀င်းကလည်း ကျယ်ရဲ့သားနဲ့။
အခုလို ပစ်စလက်ခတ်ကြီးနေတာ မကောင်းပါဘူး။
ရှေ့ကတိုက်လေးဆို ကြည့်စမ်းပါဦး။ 
ဘယ်လောက်နေချင်သဖွယ် ကောင်းလဲ။ 
ကျုပ်က တိုက်နဲ့ တာနဲ့ နေချင်လို့ ပြောတာမဟုတ်ပါဘူး။ 
အိမ်လေးကို သပ်သပ်ရပ်ရပ်လေး ဖြစ်စေချင်လို့ပါ။

သူ့ဆီက ဒီလိုစကားဆိုလာတာကြောင့်လည်း ကျုပ် ဒီပိုး ထရတာပေါ့။ အလုပ်ကို ဆတိုး ကြိုးစားတယ်။ ကျုပ်အလုပ်က မြင်းလှည်းမောင်းတာလေ။ ကျုပ်ကိုယ်ပိုင်တော့ မဟုတ်ပါဘူး။ သူများမြင်းလှည်းပါ။
ကျုပ်က အငှားနဲ့မောင်းတာ။
မနက်ခင်း အိမ်ကနေ ထွက်ပြီး ညနေမှ ၊ တစ်ခါ တစ်ခါ ညမှောင်မှသာ ပြန်ရောက်တာ။
ဒီတော့ မမြစိန်လေးကို ကျုပ် စိတ်မချနိုင်ဘူး။ ဒီကြားထဲ သူ့အမေကြီး ဆုံးသွားတော့ မမြစိန် တစ်ယောက်တည်းနေ
တာကို ကျုပ် ဘယ်လိုမှ စိတ်မချနိုင်ဘူးလေ.။
ဒါကြောင့် အမြန်ဆုံး မင်္ဂလာဆောင်ဖို့ လောရတာပေါ့။ လောသာ လောရတာပါ။
အိမ်ပြင်ဖို့က အဆင်သင့် မဖြစ်သေးဘူး။ စုထားတဲ့ ငွေကလေးတွေကလည်း မမြစိန် အမေကြီး ဆေးရုံတက်တုန်း
က ကူညီလိုက်လို့ ပြောင်ခမန်းပဲ။ ဒီကျေးဇူးတွေကို ထောက်သလား မပြောတက်ပါဘူး။
မမြစိန်က အိမ်ပြန်ဆောက်ဖို့ ဘာမှမပြောပဲ ကျုပ်နဲ့ မင်္ဂလာဆောင်ဖို့ သဘောတူရှာတယ်။
သူမပြောပေမယ့် ကျုပ်ကတော့ အိမ်ပြင်ဆောက်ဖို့အားခဲတုန်းပဲ ။ ရှေ့က တိုက်သစ်လေးကို အားကျတယ်လေ။ အုတ်နံရံလေးတွေနဲ့ သပ်သပ်ရပ်ရပ် ခိုင်ခိုင်ခန့်ခန့်။ ဘယ်လောက် နေချင်စရာကောင်းလဲ။

ရှင်လိင်ပြန်တဲ့နေ့ ၊ မင်္ဂလာဆောင်တဲ့နေ့ ၊ ထောင်က လွတ်တဲ့နေ့ ဆိုပြီး အပျော်ဆုံးနေ့ သုံးရက်ရှိတယ်လို့ ဆိုရိုးစ
ကားရှိတယ်။ ဒါကြောင့်မို့လား မသိဘူး။ ဒီနေ့ ကျုပ်တော်တော်ပျော်နေတယ်။ ပျော်ဆို ဒီနေ့က ကျုပ်မင်္ဂလာဆောင်
တဲ့နေ့လေ။ ဘုရားစူးရစေ့ဗျာ။ ဟိုတုန်းက ပပ၀တီတို့ ဥမ္မာဒန္တီတို့ ဘယ်လောက်လှလဲဆိုတာတော့ ကျုပ်မသိဘူး။ ဒါပေမယ့် ဒီနေ့ မမြစိန်ရဲ့ အလှနဲ့ ယှဉ်လိုက်ရင်. သူတို့က မသာနိုင်ဘူးလို့ ကျုပ်တော့ ထင်တယ်။
တကယ်လှတဲ့ အလှ။ ကျုပ်က စာမဖွဲ့တတ်လို့သာရယ်။ စာသာ ဖွဲ့တတ်ရင် ဟိုတုန်းကနာမည်ကြီး ရတုဆရာတွေ
လို ဖွဲ့ပြလိုက်ချင်တာ။ ကိုယ့်မိန်းမမို့ ပြောတာမဟုတ်ဘူး။ အဟုတ် လှတာ။ တချို့ကလည်း ပြောကြတယ်။

 ကိုဘသောင်းရာ ကိုယ်ထင်ရင် ကုတင် ရွှေနန်းပါတဲ့

သူတို့ ဘယ်လိုပြောပြော ကျုပ်က နားမ၀င်ပါဘူး။ သိသားပဲ ။သူတို့ မနာလို လို့ပြောတယ်ဆိုတာ။
သူတို့မှ မမြစိန်ကို မရတော့တာကိုး။ ကျုပ်တို့ လင်မယားနှစ်ယောက်ကတော့ ဘယ်သူဘာပြောပြော အေးအေး
ဆေးဆေးပါပဲ။ ကျုပ်နဲ့ ရပြီးတော့ မမြစိန်ကို ပဲပြုတ် မရောင်းခိုင်းတော့ဘူး။ မမြစိန် ပေးတဲ့အကြံအတိုင်း ကျုပ်မှာ စုထားတဲ့ ငွေလေးနဲ့ မမြစိန်ကို အိမ်ဆိုင်လေး ထောင်ပေးလိုက်တယ်။ ၀င်ငွေ မဆိုးပါဘူး။
ဒီဆိုင်က ရတဲ့ဝင်ငွေလေးနဲ့ ကျုပ်တို့လင်မယားနှစ်ယောက် စားလောက်ရုံတင် မဟုတ်ပဲ အပိုငွေ စုနိုင်အာင်ထိ
ရောင်းကောင်းခဲ့တယ်။ဒါပေမယ့် ကံကြမ္မာ ဆိုတာကြီးက ကျုပ်ကို မျက်နှာသာ မပေးခဲ့ဘူး။
ကျုပ်နဲ့ ညားပြီး တစ်နှစ်ခွဲလောက်မှာ ကျုပ်ဘ၀ထဲကနေ မမြစိန်ကို ဆွဲထုတ်သွားခဲ့တယ်။
ဖြစ်ပုံက မမြစိန် ကိုယ်ဝန်ရှိပြီး.. ကလေးမွေးရာမှာ မီးဖွားခန်းထဲက ကလေးရော လူကြီးပါ ဆုံးသွားခဲ့တယ်။ ကျုပ်ဖြင့် အရူးမီးဝိုင်းပေါ့။

ကိုဘသောင်း ရှေ့လျှောက် ရှင် ကလေးအဖေ ဖြစ်တော့မှာနော် အရင်လို အပေါင်းအသင်းတွေနဲ့ လေတာတွေ
လျှော့တော့

ကိုယ်ဝန် ရစက ပြောတဲ့ မမြစိန်ရဲ့ စကားတွေကိုလည်း ကျုပ်နားထဲမှာ အကြိမ်ကြိမ် ပဲ့တင်နေတယ်။
စားစား သွားသွား မမြစိန်ပုံရိပ်တွေကသာ ကျုပ်ကို လွှမ်းမိုးနေတယ်။
ရပ်ကွက်ထဲက ဘုရားဒကာကြီး ဦးအောင်မောင်းကတော့ ဆိုရှာပါတယ်။

ဘသောင်းရေ ပစ္စည်းသင်္ခါရလူသင်္ခါရတဲ့ လောကမှာဘယ်အရာမှမတည်မြဲဘူး တစ်နေ့ ပျက်ရမယ့်အရာတွေကြီးပဲ

သူက ဘုရားဒကာပီပီ တရားပြကောင်းတာ ကျုပ်သိပါတယ်။
ဒါပေမယ့် သူဘယ်လိုတရားပြပြ ကျုပ်တော့ တရားမရနိုင်ပါဘူး။
အေးချမ်းတဲ့ မိသားစုဘ၀လေး ရတော့မယ်ဆိုပြီး ကျုပ်ဖြင့်ပျော်နေရတာ။ အခုတော့အားလုံးကသဲထဲရေသွန်။
ကျုပ် ဘယ်လိုလုပ် တရားရနိုင်မှာလဲ။

မြင်နေရတာတွေက မယုံနိုင်စရာ။ အိပ်မက်ပင် မက်နေသလားလို့ ကျုပ်တွေးနေမိတယ်။
ဒါပေမယ့် အိပ်မက်မဟုတ်ဘူးဆိုတာလည်း ကျုပ်ကိုယ်တိုင် သိနေတယ်။
ကျုပ်မျက်စိအောက်မှာ အလဲလဲအပြိုပြိုကျုပ်ရဲ့ကြယ်မြင်လမြင် လောကဓံလေး။
နောက် ကျုပ်အိမ်ရှေ့က ခိုင်ခန့်ပါတယ်ဆိုတဲ့ တိုက်သစ်လေးရဲ့အေးချမ်းမေ သီချင်း။
အားလုံးက တစ်စဆီ တစ်စဆီ။
ဖြစ်ပုံက ဒီနေ့မနက်စောစောပဲ တ၀ုန်းဝုန်းတဝေါဝေါ ညာသံတွေနဲ့ကျုပ်တို့ မြို့ထဲကို မကောင်းဆိုးဝါး ၀င်တာလေ။
ရှေ့က မြင်ကွင်းကို ကြည့်ပြီး ကျုပ်ရင်ထဲမှာ တနင့်နင့်။

 ဘသောင်း ငါတို့နဲ့ လိုက်ခဲ့ဦး

လှည့်ကြည့်လိုက်တော့ ဘုရားဒကာကြီးနဲ့ရပ်ကွက်လူကြီး။ ကျွန်တော်ကို လှမ်းခေါ်တာက ဘုရားဒကာကြီး။ ကျုပ်လည်း မျက်စိအောက်က အနိဋ္ဌာရုံတွေကို ကျောခိုင်းပြီး သူ့နောက်က လိုက်ခဲ့တယ်။
သူတို့အမူအရာက နည်းနည်းအရေးကြီးတဲ့ဟန်ပေါက်နေလို့လည်း ကျုပ်ဘာမှ မမေးပဲ သူတို့နောက်ကနေ အသာ
လိုက်လာတယ်။
သွားနေရင်း သူတို့တတွေ ကျောင်းဆီကို ဦးတည်သွားမှန်း ကျုပ်သိလိုက်တယ်။
ကျောင်းပေါက်ဝ ရောက်တော့ မြင်ရတဲ့ ကျုပ်မျက်လုံးကိုတောင် ကျုပ် မယုံချင်တော့ဘူး။ ဘုရားဝင်းထဲက စေတီတွေစိန်ဖူးတော်တွေ ပဲ့လို့ပဲ့ အက်ကြောင်းရာတွေ ထင်လို့ထင်။ ဘုရားဝင်း မုခ်ဦးကလည်း အလဲလဲ အပြိုပြို ကျုပ်ရင်ထဲမှာ နင့်ကနဲ.။ခံစားမှုတွေက အရောင်စုံ အသွေးစုံ ။
ကျုပ်ရင်ထဲမှာလည်း ဖိုတလှိုက်လှိုက်.။ ကျုပ် အိမ် ဆုံးရှုံးတာထက် ဘုရား ကျောင်းကန်က စေတီတွေ ၊ မုခ်တွေ ပြို
လဲတာကို ကျုပ် ပိုပြီး နှမြောနေမိတယ်။

ဘယ်သူ့ကိုမှလည်း အပြစ်တင်လို့မရ။ အပြစ်တင်လို့ရရင်တောင် ဒါတွေက အပြစ်တင်နေရုံနဲ့ ပြီးမယ့် အရာမဟုတ်။ ဒီမကောင်းဆိုးဝါးသာ သက်ရှိဖြစ်လို့ကတော့ လက်ရုံးခြင်းသာယှဉ်လိုက်ချင်ရဲ့။ တစ်ယောက်တည်း..ကြိတ်မနိုင် ခဲ
မရ ဖြစ်နေရင်းမှ တစ်ဆက်တည်း ကျုပ်တွေးမိတာက ဒါတွေကို ကြည့်ပြီး ဘုရားဒကာကြီး ဘယ်လိုနေမလဲ..။

ဘသောင်းရေ ပစ္စည်းသင်္ခါရလူသင်္ခါရတဲ့ လောကမှာဘယ်အရာမှမတည်မြဲဘူး တစ်နေ့ပျက်ရမယ့်အရာတွေကြီးပဲ လို့ ပြောဦးလေမလား။

အတွေးနဲ့ဘုရားဒကာကြီးဘက် လှည့်ကြည့်လိုက်တော့သူ့ခမျာ အံတင်းတင်းကြိတ်ပြီး ပြိုကျထားတဲ့ မုခ်ဦးကြီးကို ကြည့်လို့။

ကြိုးစားပါဦးမည်။

ဆန္ဒမွန်ဖြင့်
လွမ်းနောင်..။

Copy from http://satekuupuyar.blogspot.com/2012/11/blog-post_6414.html