Friday, March 1, 2013

ခေတ်သစ်သင်ပုန်းကြီး


မြန်မာအစိုးရနှင့် ကေအဲန်ယူတို့၏ ထာဝရငြိမ်းချမ်းရေး တည်ဆောက်မှု ကြိုဆိုထောက်ခံပွဲ မှတ်တမ်းပုံ။
(Photo-KIC)

ခေတ်သစ်သင်ပုန်းကြီး

By ပြောင်းဖူးရိုး
ဖေဖော်ဝါရီ ၂၈၊ ၂ဝ၁၃

စပွန်ဆာခင်းသည့် ငြိမ်းချမ်းရေးလမ်းကလည်း
မဖြောင့်မတန်းဖြင့် ဒန်တန့်တန်ဖြစ်နေဆဲ
သံသယတွေ ကဲစရာ
မြေဇာပင်တပ်သားများခမျာတော့
တိုက်ရင်လည်း သေနိုင်
မတိုက်ရင်လည်း ဘေခံရနိုင်
စိတ်တွေ ယိုင်လဲသော်လည်း
သေနတ်တော့ ဆွဲထားရဆဲပါတကား။

ငြိမ်းချမ်းရေးအကျိုးဆောင်များကတော့
ဘယ်အခါများ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို
အမှန်တကယ် လူစုံတက်စုံ ကျင်းပနိုင်မည်ဟု
အာမခံ မပြောနိုင်သေးသော်လည်း
မိုဘိုင်းဖုန်းဆင်းမ်ကဒ် လျော့ပေးမည့်ဈေးနှင့်
အချိန်ကို ထုတ်ပြောလို ပြော
ဆက်သွယ်ရေးဝန်ကြီးက မောနေသဖြင့်
တာဝန်ကူပြောပေးလေသလား မသိ
ဖြစ်ရသည့် ဘဝတွေမှာ
တောင်မင်းက မြောက်အကြောင်း ဆိုကာ
မြောက်မင်းက အနောက်အကြောင်း ငိုပြဆိုသလို ဖြစ်
အံ့သြရပါသည်။

လွှတ်တော်ကိုယ်စားလှယ်ကြီးကလည်း အမျှော်အမြင်ကြီး
ကျည်ကာဇိမ်ခံကားများ ဝယ်လျှင်
နိုင်ငံတော်ဘတ်ဂျက်ကြီး လုံးပါးပါးမှာ စိုးသဖြင့်
သူတို့ကိုယ်စားလှယ်များကိုသာ သိန်း ၁ဝဝ တန်
တစ်ယောက်တစ်စီး ဝယ်ပေးလျှင်ပင်
ထိုဘတ်ဂျက်ထက် သက်သာနည်း ဖြစ်မည်ဆို
အို တော်ကြပါပေ့ မောင်မင်းကြီးသားများ
အံ့ကြီးများ သြရပါသည်။

ပေါက်ဖော်များ၏ ဈေးကွက်ကလည်း
သဘာဝသယံဇာတသော
တိရိစ္ဆာန်သယံဇာတသော
လူသယံဇာတသော ဘာကိုမျှ မရှောင်
မြွေအကောင် ၅ဝဝဝ နီးပါးကို ခိုးသွင်းရန် ကြံသတဲ့
နွားအချင်း၊ မျောက်ဦးနှောက်
ပေါက်ပေါက်ရှာရှာ အကုန်စား၊ အကုန်ဝယ်
သည်နှယ်သာ သိမ်းကျုံးကဲ့လျှင်ဖြင့်
မြန်မာပိုင်ဟု ကျန်နိုင်စရာမှာ လေဟာနယ်ပင် ဖြစ်ပေလိမ့်
တသိမ့်သိမ့် ကြောက်စရာပါတကား။
အံ့သြရပါ၏။

မြန်မာ့ဂုဏ်ဆောင်မည့် အလှမယ်များ ရွေးပွဲကလည်း
နိုင်ငံသားများအတွက် အားတက်ဖွယ်ရာ
ဆံပင်ကို ဆန်းပေ့ထူးပေ့ ခြယ်ကာသသော်လည်း
ဦးနှောက်က ပါပုံ မရကြ
ဗဟုသုတက နဂိုကမှ မရှိရသည့်အထဲ
မေးခွန်းက ဘာလာလာ ကြက်တူရွေးကျင့်အတိုင်း
ကျက်ထားဖူးသမျှကိုသာ တုံ့ပြန်ရန် ပြင်ဆင်
အော်ဂလီဆန်ချင်စရာ အရည်အသွေးရှင်က အများစု
ဘာသာစကားစွမ်းရည်ကလည်း အံ့ဘနန်း
စခန်းသွင်းကျင့်သည့်တိုင် ကမ္ဘာ့မယ်များကို ယှဉ်နိုင်ရေး
တွေးလေလေ မောရပါသည်။
အံ့သြရပါ၏။

မည်သို့ပင်ဖြစ်စေ နိုင်ငံသားများအားလုံး
တရားဝင်ခေါင်းဆောင်ကြီးများ၏
ကောလာဟလစကားကို တရားဝင်အဖြစ် မှတ်ယူကြရခြင်းဘေးမှ
ကင်းဝေးကြပါစေ။ ။

ပြောင်းဖူးရိုး
Copy from http://www.myanmarij.com