Friday, March 1, 2013

စင်တော်ဖွင့် အမီ

 

စင်တော်ဖွင့် အမီ

By ကိုကြည်နိုင်

ကြည့်စမ်းပ,လေ
မြို့ကလေးပေါ်
ချယ်ရီတွေ ကြွေကျ ..လှနေလိုက်တာများ
ကော်ဇောနီခင်းထားတဲ့ မင်းခမ်းမင်းနားအတိုင်း

ကြည့်စမ်းပ,လေ
နေရောင်ခြည်က တိမ်အထုထုကို ထိုးဖေါက်
အနူးညံ့ဆုံး ပြိုကျနေလိုက်တာများ
မြို့ကလေးဟာ ၀င်းရှင်းတောက်ပ
ရွှေရည်နဲ့ သ,ထားတဲ့အတိုင်း

ကြည့်စမ်းပ,လေ
ကြယ်လေးတွေ တစ်စင်းပြီးတစ်စင်း ခုန်ချ
ပင်လယ်မှာ စံပယ်တွေ ပွင့်ပွင့်နေလိုက်တာများ
ရင်ထဲ ဒုတ်ဒုတ်ထိ မွှေးတော့မယ့်အတိုင်း

ကျွန်တော့် စိတ်ကူးထဲက ဒီမြို့ကလေး
ကျွန်တော့် ညီအစ်ကိုတွေဆီထိ
ကောင်းကင်ယံကို ချဉ်းနင်းထိုးဖေါက်
လက်ဆောင်ထုပ်အဖြစ် ရောက်သွားစေချင်လိုက်တာ

သူတို့ … ကျောင်းမတက်ရဘူးတဲ့
သူတို့ … အစား မှန်မှန်မစားရဘူးတဲ့
သူတို့ … မကျန်းမာလည်း ဆေးမရှိဘူးတဲ့ .

မေမေရယ် လောက,ကြီးတစ်ခုလုံး
ရွှေဖြစ်အောင် မပြုံးနိုင်တဲ့အဆုံး
နေလုံး မကွယ်အောင်လေးတော့
ကြိုးစားပေးသင့်တယ်မဟုတ်လား။ . .

ကိုကြည်နိုင် (၁. ၃. ၂၀၁၃) .

Copy from http://kopaelay.blogspot.com/2013/03/blog-post_1828.html#.UTE0rlexX_h