Thursday, February 14, 2013

ဗဒို မန်းရှားလာဖန်း သို့ တောင်းပန်ခြင်း

 

February 14, 2013
Thursday

ဗဒို မန်းရှားလာဖန်း သို့ တောင်းပန်ခြင်း

By (မင်းစိုးစံ)

ဗဒို…… 
ငါတို့ကို 
နင်…..ထာဝစဉ်အမြဲ ခွဲထားရစ်ခဲ့ပြီ။

ဗဒို……. 
နင်ချန်ရစ်ခဲ့တဲ့
ပင်စည်နဲ့အရွက် 
အခက်နဲ့အကိုင်း
အခေါက်နဲ့အမြစ်
အပွင့်နဲ့အသီး
သီးပြီးပွင့် ပွင့်ပြီးသီး
သီးပြီးတခါ ပြန်ပွင့်
ပွင့်ပြီးတခါ ပြန်သီး
ငါတို့အသင့်စား
အတွေးအခေါ်တွေ ကြီးပွါး
အသိတရားတွေ မြင့်မားလာခဲ့ရ,တယ်။

ပဒို
တချို့လူတွေများကျတော့
နင်….ချန်ထားရစ်တဲ့
အသီးအပွင့်အများအပြားကို
ဘယ်လိုလုပ်ပြီး စားရမှန်းမသိ
ဘယ်လိုချူပြီး ပန်ရမှန်းမသိ
ဘယ်လိုလုပ်ပြီး သုံးရမှန်းမစဉ်းစား
လွယ်လွယ်စား
လွယ်လွယ်ပြော
လွယ်လွယ်လုပ်
ကိုယ့်အထုပ်ကို ကိုယ်တိုင်ဖြည်ပြနေကြတယ်။

အဲဒီလူတွေဟာ
စာမတတ်ပေမယ့် လက်ရေးလှကြတယ်။
အဲဒီလူတွေဟာ
ပညာမထည်ဝါပေမယ့် အပြောမှာ သာကြတယ်။
အဲဒီလူတွေဟာ
အဆင်ခြင်မဲ့စွာနဲ့ ကရင်အချင်းချင်း ဖဲ့ချင်ကြတယ်။
အဲဒီလူတွေဟာ
ရန်သူကို မယှဉ်ရဲပေမယ့် ကရင်အချင်းချင်း ရန်ပွဲဆင်ကြတယ်။
အဲဒီလူတွေဟာ
ထင်သာမြင်သာ မလေ့လာပဲ ကရင်အချင်းချင်း ခွဲနေကြတယ်။
အဲဒီလူတွေဟာ
သစ်နဲ့ဝါးကို တွဲခင်းထားတဲ့ တံတားပေါ်လျှောက်ရင်း
ကြည်းစည်ကို ဆန်ကောနဲ့ တဗျင်းဗျင်းခတ်
အတင်းအဖျင်းတွေရေးပြ
အချင်းချင်းအပုတ်ချနေတာတွေ
တခုတ်တရ လုပ်နေကြတုန်းပါ။

ဗဒို
ငါတို့မှာ အချိန်နည်းနေတာ
သူတို့သိကြမှာပါ
ငါတို့ ဘာလုပ်ရမယ်ဆိုတာ
သူတို့သိမှာပါ။

ဒါပေမယ့်
အသိခေါက်ခက် အ၀င်နက်
ဆန်ကောလောက်မှ စောက်(ဇောက်)မနက်
သူခိုးလက် ဓါးရိုးကမ်း
ဆင်ကန်းတောတိုး
ငါ့လှေငါထိုး ပဲခိုးရောက်ရောက်
အဆန်မရှိတဲ့ သင်္ကြန်အမြောက်နဲ့ ပေါက်တတ်ကရဖြီးဖျမ်း
ပရမ်းပတားကြမ်း အကွပ်မရှိသမို့
သူတို့ပါးစပ်တွေ သရမ်းနေကြတယ်။

ဗဒို
မဖြစ်နိုင်တာကိုသိပေမယ့်
သူတို့လုပ်ရပ်တွေရပ်ပစ်ပါလို့
တမလွန်ဘ၀,က ထ,ပြောပေးပါ။

အမျိုးကိုတွယ်တာတဲ့ ကရင်တွေရဲ့ကိုယ်စား
ငါ........
ဦးညွှတ်ပန်ကြားလိုက်ပါတယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)