ကျေးလက်တောရွာက ရောင်ပြန်ဟပ်မှုများကို
ခံစားနေရသူ
ခံစားနေရသူ
ရေးသားသူ - မော်တခဲ သောကြာနေ့, 16 ဇူလိုင်လ 2010 12:14
နေတတ်ရင် ပျော်စရာကောင်းတဲ့ ကျမတို့ရဲ့ချစ်စရာ့ ကရင်နီမြေလေးကို ရှုမျှော်ကြည့်ရင်း ခံစားနိုင်ပါတယ်။ဘယ်လောက်ပဲ ခေတ်နဲ့အညီ နောက်ကျကျန်နေခဲ့ပါစေ သဘာဝတရား အလှအပက သူ့အလှလေးနဲ့တူ ရှိနေသေးတာကြောင့် ဘယ်လောက်ပဲ ဆင်းရဲဒုက္ခ ရောက်နေပါစေ သူတို့တွေနဲ့ တစ်သားတည်း နေထိုင် တတ်လာတဲ့အခါ ပျော်စရာကောင်းပါတယ်။
စိတ်ညစ်စရာမရှိပဲ ရှိတာလေးနဲ့စား ရှိတာလေးနဲ့ဝတ် ဘာအပူအပင်မှ မရှိပါဘူး။
ရေရှားပါးတဲ့အပြင် တစ်မိုင်လောက်ဝေးတဲ့ ရေထွက်ပေါက်ကို တောင်တက်ပြီးခြေလျှင်ရေသွားခပ်ယူရပါတယ်။ တောင်တက်လမ်းလျှောက် နေကြရလို့လည်း လေ့ကျင့်ခန်း တစ်မျိုးပါပဲ။
ဝါးလုံးတွေနဲ့ ရေထမ်းပြီးတက်လာတဲ့ ညီငယ်ညီမလေးတွေမှာ ငယ်ငယ်လေးကတည်းက ရေခပ်တဲ့ အကျင့်သားရနေလို့ မမောမပန်းတမ်း လျှောက်လာလိုက်ကြ တာ ကျမမှာ မောပန်းတယ်လို့လည်း မထင်ရပါဘူး။
ရေးသွားချိုး အပြန်ဆိုရင်တော့ အဟာရဓာတ် အပြည့်ရှိတဲ့ တောင်ယာစပါးကို ထောင်းပြီး ချက်ပေးထားလေ့ရှိတဲ့ အဒေါ်ကြီးက ညကရွာသားတွေ တောလိုက်လို့ ရတဲ့ ဂျီသားနဲ့ ထမင်းခေါ်စားလေ့ရှိတယ်။
ထမင်းကို အတောက်လိုက်မျိုချပြီး အားရှိပါးရှိစားရမျိုရလို့လည်း အစာအိမ်မှာ မာတောက်နေတဲ့ တောင်ယာထမင်းကို ခံနိုင်ရည်ရှိရှိနဲ့ အဟာရကိုစုပ်ယူနေလို့ ကျန်းမာဝဖြိုးလို့ပါပဲ။
အိမ်သာလည်း မရှိသေးတဲ့ရွာပါ။ ရွာလေးကလည်း တောတောင်တွေ ထူထပ်တဲ့ နေရာလေးဆိုတော့ တောထိုင်ကြတာပေါ့။ စစချင်း ရောက်တော့ ကျောင်းဆရာ အိမ်ကလွဲရင် အိမ်သာမရှိဘူး။ အခုတော့ အိမ်တိုင်းလိုလို အိမ်သာဆောက်လာကြပါပြီ။
အိမ်သာဆောက်ဖို့ သူတို့မှာ ၀ါး၊ သက်ကယ် အရင်းအမြစ်တွေ ပေါပါတယ်။ ကလေးငယ်တွေမှာလည်း ခြေ၊ လက်၊ မျက်နှာမှာ ညစ်ထေးနေတဲ့ချေးတွေကို အကြည့်နဲ့ခွာချပြီး ကြည့်မယ်ဆိုရင်တော့ သနားစရာကောင်းပြီး အရမ်းကို ချစ်စရာကောင်းတဲ့ အပြစ်မဲ့ကလေးလေးကို ရင်ထဲနှလုံးသားထဲ အသွေးထဲ အသားထဲထိ ဂရုဏာသက်မိစွာ တွေ့ရပါတယ်။
ကျန်းမာရေး အသိပညာ နည်းပါးတယ်ဆိုပေမဲ့လို့ ကျမတို့ရဲ့ ကျေးလက်တောင်သူ လယ်သမားတွေမှာ နေ့တဓူဝ ကျန်းမားရေးနဲ့ ညီညွတ်တဲ့ ကိုယ်လက်လှုပ်ရှား မှုတွေ ရှိတယ်။ စိမ်းစိုသာယာနေတဲ့ တောအုပ်လေးတွေ ရှိတဲ့ကြားထဲမှာ နေရလို့လည်း လေကောင်းလေသန့်တွေ ရှုရှိုက်ရတယ်။
ကြည်နူးစရာကောင်းတဲ့ မိသားစုလေးတွေလည်းရှိတယ်။ သဘာဝဆေးမြစ်တွေနဲ့ သဘာဝတရားကပေးလိုက်တဲ့ ကိုယ်ခံစွမ်းအားတွေ ဟာလည်း ပြည့်ဝနေကြလို့ မြို့နေလူသားတွေထက်တောင် အသက်ရှည်ပါသေးတယ်။
အသည်းအသန်ဖြစ်တဲ့ ရောဂါတွေဆိုရင်တော့ ဆေးအချိန်မှီမကုနိုင်ရင် အသက်ဆုံးရှုံးကြတာပေါ့။ နေတတ်ရင် ကျန်းမာရေးလည်း ညီညွတ်ပါတယ်။ လူငယ်တွေ ဟာလည်း ဘယ်လိုပဲဖြစ်ဖြစ် မြို့ထဲက ခေတ်ပညာတတ် လူငယ်များတွေလို သွက်သွက်လက်လက် စကားပြောတာ ဆွေးနွေးတာမပြောတတ်၊ မဆိုတတ်ပေမဲ့လို့။ ရိုးသားကြတယ်။
မိရိုးဖလာယဉ်ကျေးမှုတွေ၊ ရိုးရာတွေကိုလည်း စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်တယ်။ သဘာဝကပေးတဲ့ လူဦးရေ တိုးတက်ဖို့လည်း မြန်မြန်ဆောင်ရွက် နိုင်ကြပါတယ်။ ရွာကအိမ်ခြေနည်းတယ်။ တခြားရွာနဲ့လည်း သိပ်ပြီးကူးလူး ဆက်သွယ်ကြတာမရှိဘူး။
မြို့ပေါ်လည်း ၀ယ်စရာရှိမှ ၁၇ မိုင် တောင်တက်လမ်းခရီးကို ခြေလျှင်လျှောက် ဈေးသွားကြပါတယ်။
ဒေသဖွံ့ဖြိုးတိုးတက်ဖို့ အတူအကွလုပ်ဆောင်ဖို့ကို တတ်နိုင်တဲ့ဘက်မှ ပါဝင်ဆောင်ရွက်လာအောင် စွမ်းဆောင်ရတာလည်း မလွယ်တဲ့ဒုက္ခပါပဲ။ ရင်းနှီးမှုကို အရင်ဦးဆုံး တည်ဆောက်ရတဲ့ နည်းလမ်းနဲ့ပဲ တဖြည့်ဖြည်းနဲ့ ပါဝင်ဆောင်ရွက်လာအောင် ဦးဆောင်ရပါတယ်။
ကျေးရွာလူထုတွေရဲ့ ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာပွဲတော်ကို သူတို့နဲ့အတူ လိုက်လုပ်ဖြစ်တယ်။ အသိအမှတ်ပြုတယ်။ လေးစားတယ်။ သူတို့နဲ့အတူ တစ်သားတည်းနေထိုင်တယ်။ အဲဒီနည်းလမ်းနဲ့ပဲ ပိုမိုပြီးတော့ ရင်းနှီးမှုကို ရရှိစေခဲ့ပါတယ်။
ရေရှည်မှာ ဒေသဖွံ့ဖြိုးတိုးတက်ဖို့က ကျမတစ်ယောက်တည်းနဲ့ မစွမ်းဆောင်နိုင်ပါဘူး။ ဒေသခံကျေးရွာလူထုနဲ့ ပူးပေါင်းပါဝင် နိုင်မှသာလျှင် ဖွံ့ဖြိုးရေးရဲ့ရလဒ်အသီးအပွင့်ကို ခူးဆွတ်နိုင်မှာပါ။
လှပတဲ့သဘာဝ တောင်တန်းကြီးကလည်း ပတ်ပတ်လည်မှာ ကာရံထားတယ်။ အသိပညာကိုတော့ တောင်တန်းကြီးက ကာရံထားတာတော့ မဟုတ်ပါဘူး။ အခြေအနေတစ်ခုအရ အသိပညာတွေကို ကာရံထားခြင်း ခံနေရတာပါ။
ချစ်စရာအပြစ်ကင်းစင်တဲ့ ကလေးတွေနဲ့ ရှု့မျှော်ငေးမောကြည့်ဖို့ တောင်တန်းတွေရှိတဲ့ ကျေးရွာကို အလည်လာခဲ့ဖို့ ကျေးဇူးရှင်မိဘ၊ ဆရာသမားများနှင့် ခင်မင်ရသော မိတ်ဆွေအပေါင်းများအားလုံးကို ဖိတ်ခေါ်ပါတယ်။
http://www.ktimes.org/news မှ ကူးယူဖေါ်ပြပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
အဝေးရောက် ကရင်ဒုက္ခသည်တဦး