• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, May 30, 2012

မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း အပိုင်း(၁)


မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း 

အပိုင်း(၁) 

နိဒါန်း

မာနယ်ပလောမှ မီးတောက်မီးလျှံများ 

မာနယ်ပလောသည် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးကြီး၏ အမာခံ အခြေစိုက်စခန်းကြီးဖြစ်၏။
ကေအဲန်ယူ၏ ဗဟိုဌာနချုပ် ဖြစ်သည်သာမက၊ မြန်မာနိုင်ငံအစိုးရအား အတိုက်အခံပြု ဆန့်ကျင်လျှက်ရှိသော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများ၏ (N.D.F)တပ်ပေါင်းစုဗဟိုဌာနချုပ်အဖြစ် ထယ်ဝါစွာရပ်တည်နိုင်ခဲ့သော စခန်းကြီးလည်း ဖြစ်၏။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(A.B.S.D.F)။
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ(N.C.G.U.B)။
မြန်မာနိုင်ငံလုံးဆိုင်ရာရဟန်းပျိုသမဂ္ဂ(A.B.Y.M.U)။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွတ်မြောက်နယ်မြေ(N.L.D.L.A)။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(D.P.N.S)။
ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(P.L.F)။
ပြည်သူ့ပြည်ချစ်ပါတီ(P.P.P)။
မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်များအစည်း အရုံး(A.B.M.U)။
အစရှိသော ပြည်တွင်းပြည်ပ လူထုထောက်ခံမှုကို ရရှိနေသည့် တော်လှန်ရေးအဖွဲ့အစည်းများ၏ လွတ်မြောက်နယ်မြေလည်း ဖြစ်၏။

ဒီမိုကရေစီကိုလိုလားကြသောလူထုကြီး၏ ယုံကြည်လေးစားရာ၊ အမျိုးသားလွတ်မြောက်ရေးကို တောင့်တကြ
သော တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်အားထားရာ၊ ကမ္ဘာ့လူထုအများစုလက်မခံသည့် န၀တ စစ်အုပ်စု၏ မုန်းတီး ကြောက်ရွံ့ အပုပ်ချရာဖြစ်သော၊ ထို မာနယ်ပလောစခန်းကြီးအား တော်လှန်ရေးအဖွဲ့အစည်းများအနေ
ဖြင့် ဆက်လက်ချုပ်ကိုင်ထားရန် မဖြစ်နိုင်တော့သည့်အခြေအနေသို့ ဆိုက်ရောက်လာရသောကြောင့် ၁၉၉၅ ခုနှစ် ဇန်န၀ါရီလ(၂၆)ရက်နေ့တွင် မီးရှို့ဖျက်ဆီး စွန့်ခွာခဲ့ရလေသည်။

တော်လှန်စနစ်ကို ဆင်နွှဲရာ၌ ခံစစ်သေစခန်းသည် မည်မျှပင် တောင့်တင်းခိုင်မာစေကာမူ တချိန်မဟုတ် တချိန် တွင် ကျဆုံးရမည်ဆိုသည်ကို တော်လှန်ရေးသမားတိုင်းက သဘောပေါက် နားလည်ကြသည်။
ကေအဲန်ယူ၏ ခေါင်းဆောင်ပိုင်းတို့သည်လည်း ထိုအချက်ကို သိနားလည်ကြပြီး ဖြစ်သည်။
သို့ရာတွင် မာနယ်ပလောကို ထိုမျှ တိုတောင်းသောအချိန်အတွင်း ထိုကဲ့သို့သော စွန့်လွှတ်မှုမျိုးဖြင့် စွန့်လွှတ်
ကြရလိမ့်မည်ဟူ၍မူ မည်သည်ကမျှ မမျှော်လင့်ခဲ့ကြချေ။ မာနယ်ပလော၏ ပထ၀ီအနေအထားမှာ ရန်သူများ လွယ်ကူစွာထိုးဖေါက်၍ မရနိုင်သည့် သဘာဝပတ်ဝန်းကျင် ရှိနေသည်။
ထိုင်းနိုင်ငံဘက်မှမကူးနိုင်လျှင် မာနယ်ပလောကို လွယ်လွင့်ဖြင့် ရရှိနိုင်မည်မဟုတ်။ ထိုင်နိုင်ငံကလည်း ကူးခွင့် မပေး။
န၀တ အုပ်စုထံမှ အကျိုးအမြတ်ကိုမျှော်ကိုးပြီး အပြုသဘောဆက်ဆံရေးပေါ်လစီကို ကိုင်စွဲထားသော်လည်း
ကေအဲန်ယူနှင့် ကမ္ဘာ့လူထုအပေါ်တွင်မူ ထိုမျှလောက်အထိ မျက်နှာပြောင် မတိုက်ရဲကြ။

န၀တ အုပ်စုသည် မဆလ အုပ်စု ဘ၀တည်းကပင် ဖလူး၊ ဝေါ်လေ၊ သေဘောဘိုး၊ မယ်လ၊ မယ်သဝေါ၊ ကော့မူး
ရာ စသည့်စခန်းများကို အကြိမ်ကြိမ် အဖန်ဖန် တိုက်ခိုက်ခဲ့ကြ၏။
အကြိမ်ကြိမ် အခါခါလည်း သိမ်းပိုက်နိုင်ခဲ့၏။
သို့ရာတွင် မာနယ်ပလောစခန်းသို့မူ အနားပင် မသီနိုင်ခဲ့။

မြစ်ဆုံအရေးခင်းကာလ DKBA နှင့်ဆွေးနွေးညှိနှိုင်းခဲ့သည့် ဗိုလ်မှူးတူးတူးလေး

မဆလ၊ န၀တ သည် မာနယ်ပလောကို စစ်ရေးအရ ချေမှုန်းရန် ကာလ ကြာရှည်စွာကပင် ကြိုးစားခဲ့သော်လည်း မာနယ်ပလောနှင့် များစွာကွာလှမ်းသေးသော နေရာများမှပင် ရှုံးနိမ့်သူများစွာဖြင့် ပြန်လည်ဆုတ်ခွါခဲ့ရသည် ချည်း ဖြစ်သည်။

၁၉၉၁ ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့မှ အစပြုခဲ့သော နဂါးမင်းစစ်ဆင်ရေးသည် အကြီးကျယ်ဆုံး ဖြစ်သည်။
 လူအင်အား၊ လက်နက်အင်အား မီးကုန်ယမ်းကုန် အကြီးအကျယ်သွန်၍သုံး၏။ အကြီးအကျယ်ဆုံးဖြစ်သည့်အလျောက် အကြီးအကျယ် ဆုံးရှုံးရသည့်ုပြင် တပ်သားများ စိတ်ဓာတ်ပျက်ပြားကာ အထက် အောက် အဆင့်ဆင့်အမိန့်ဖီဆန်မှုများဖြင့် တပ်တွင်းပဋိပက္ခဖြစ်သည့် အခြေအနေမျိုးပေါ်ပေါက်လာပြီး ကမ္ဘာ့နိုင်ငံများက ရှုံ့ချပြစ်တင်ဖိအားပေးလာခြင်းတို့ကြောင့် ၁၉၉၂ ခုနှစ် ဧပြီလ(၂၈)ရက်သို့အရောက်၊ တိုင်းရင်း
သားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသားချင်းပြန်လည်သင့်မြတ်ရေးကို ရှေးရှု၍ ကရင်ပြည်နယ်ထိုးစစ်ကို(တဘက်
သတ်)ရပ်ဆိုင်းလိုက်ကြောင်း အသေးနုတ်ဆုံးကြေငြာချက်ကလေးကိုထုတ်ပြန်ပြီး ပြန်လည်ဆုတ်ခွါခဲ့ရလေသည်။

၎င်းတို့၏ မတရားမှုနှင့် ရှုံးနိမ့်မှုကို မလုံမလဲ ဖြစ်သောကြောင့် သတင်းစာ မျက်နှာဖုံးတွင် စာလုံးမဲကြီးများဖြင့် ထင်
ထင်ရှားရှား မကြေငြာရဲကြ။
သတင်းစာ ကျောဘက်တွင် ခပ်သေးသေး ဘောင်ကလေးဖြင့်၊ ဗိုလ်ချုပ်မောင်လှ ဖားအံတပ်အတွင်း၌ ပြောကြား ခဲ့သည်ဆိုသော ထိုကြေငြာချက် သတင်းကလေးကို မ၀ံ့မရဲဖေါ်ပြခဲ့ရလေသည်။

သတင်း ကြေငြာချက်သာ ထုတ်ပြန်ခဲ့သော်လည်း န၀တ သည် ၎င်း၏ထိုးစစ်ကို မည်သည့်အခါမျှမရပ်ဆိုင်းခဲ့ချေ။
မာနယ်ပလောမှ လွဲ၍ ကရင်ပြည်နယ်အတွင်း နေရာများစွာ၌ အခွင့်အရေးရလျှင်ရသလို ကြိုကြားကြိုကြား တိုက်
ခိုက်နေခဲ့သည်။ 
၎င်းတို့၏ ကျူးကျော်တိုက်ခိုက်မှုကိုလည်း K.N.U  ကပင် တိုက်ခိုက်သောကြောင့် ပြန်လည်တိုက်ခိုက်သယောင်
ကြေငြာခဲ့သည်။

န၀တ သည် မာနယ်ပလောကို ဖြိုဖျက်မည်ဟု မည်မျှပင် လေလုံး မိုးလုံး ထွားပြီးပြောဆိုစေကာမူ ပြောသည့်အ
တိုင်း မလုပ်နိုင်ခဲ့ချေ။ လက်နက်ကြီးများ၊ ရဟတ်ယာဉ်များ၊ ဗုံးကြဲလေယာဉ်များနှင့် အမျိုးမျိုးသော ဗုံးဆံများကို အသုံးပြုကာ မရ မနေ တိုက်ခိုက်မည်ဆိုလျှင်လည်း ကြီးစွာသောအရင်းအနှီးများကို ပေးဆပ်ကြရမည်ဖြစ်သည်။

ထိုကဲ့သို့ တိုက်ခိုက်နိုင်ရန်အတွက် စစ်သည် အင်အားများစွာနှင့် ၀န်ထမ်း(ပေါ်တာ)အင်အားများစွာကို လိုအပ်
မည်ဖြစ်သည်။
ပြည်သူလူထုကလည်း လက်မခံ၊ ကမ္ဘာကလည်း ဖိအားပေးနေသည့်အချိန်တွင် ပေါ်တာများ နင်းကန်ဆွဲ၍လည်း မဖြစ်နိုင်။
လူထု မကြေမနပ်ဖြစ်ကာ ခံနိုင်စွမ်းရည်ကုန်ဆုံးပြီး ထပ်မံအုံကြွလာနိုင်သည်။
၎င်း၏တပ်တွင်း မညီညွတ်မှု ဖြစ်နေခြင်းကြောင့်လည်း ထိုကဲ့သို့ တိုက်ခိုက်ရန် မဖြစ်နိုင်ချေ။ ဒီမိုကရေစီအင်အားစုများ၏ မာနယ်ပလောကို ချေမှုန်းလိုသော န၀တ မှာ ဆုပ်လည်းစူး စားလည်းစူး ဖြစ်ကာ အကျပ် ဆိုက်နေခဲ့သည်။
သို့ဖြစ်၍ ၎င်း၏ စစ်ဆင်ရေးနည်းသစ်ကို စနစ်တကျ အကွက်ချကာ စီစဉ်ခဲ့ရလေသည်။
န၀တ သည် မာနယ်ပလောကို အင်အားသုံးလျှက် အနိုင်ယူရန် မတွေးဝံ့တော့ချေ။
ထိုမျှလောက်အထိ ရန်သူ (န၀တ)က ခန့်ညားရိုသေခဲ့ရသောမာနယ်ပလောကို ကေအဲန်ယူအပါအ၀င် တော်လှန်
ရေးအဖွဲ့အစည်းများအနေဖြင့် လက်လွှတ်ဆုံးရှုံးခဲ့လိုက်ကြရပြီ ဖြစ်သည်။

နေရပ်ရင်းကို စွန့်ခွါနေကြရသည့် မျိုးဆက်သစ်ကရင်လေးများ

ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကိုသာ ချန်လှပ်ထားခဲ့ပြီး၊
ဗဟိုဌာနချုပ် General Head Quarter အဆောက်အဦး၊
မာနယ်ပလော အစည်းအဝေးခန်းမဆောင်ကြီး၊
မ.ဒ.တ (N.D.F)ရုံး။
မ.ဒ.မ.ခ(D.A.B)ရုံး။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)(N.L.D.L.A)ရုံး။
ကရင်လူငယ်အစည်းအရုံး(K.Y.O)ရုံး။
ကရင်အမျိုးသမီးအစည်းအရုံး(K.W.O)ရုံး။
ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ(N.C.G.U.B)ရုံး။
ကရင်အမျိုးသားရဲတပ်ဖွဲ့(K.N.P.F)ရုံး။
စသည့် ရုံးအဆောက်အဦအသီးသီးနှင့် လူနေအဆောက်အဦများအားလုံးကို မီးရှို့ဖျက်ဆီးလိုက်ကြသည်။ (ယာဒေးနီနှင့် ထီးသေခီးတို့မှ အဆောက်အဦများကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရှိရသည်။)

ထို မီးတောက်မီးလျှံများသည် မီးရှို့လိုက်ကြသူများ၏ ရင်ကိုသာမက၊ ဒီမိုကရေစီရေးနှင့်အမျိုးသားလွတ်မြောက်ေ
ရေးကို အားပေးထောက်ခံကြသော ပြည်တွင်းပြည်ပရှိလူထုအားလုံး၏ ရင်ကိုပါ ကူးစက်လျှက် ပူပြင်းလောင်မြိုက်
ကြေကွဲစေလေသည်။

မည်သည့်နည်းနှင့်မျှ ဆက်လက်ချုပ်ကိုင်ထားရန် မသင့်လျှော်တော့သောကြောင့် စခန်းကြီးအား လက်လွှတ်
လိုက်ရသည့် အချိန်တွင် ရန်သူ န၀တ၏ သိမ်းပိုက် ဖျက်ဆီးမှုကို မခံပဲ၊ မိမိတို့ကိုယ်တိုင် ဖျက်ဆီးပစ်ခဲ့ခြင်းမှာ
မြင့်မြတ်မှန်ကန်သော လုပ်ရပ်ဖြစ်သည်။
မိမိတို့ပစ္စည်းကို ရန်သူ မရစေရ။
မိမိတို့စွန့်ခွါခဲ့သော နယ်မြေကိုဝင်၍ သိမ်းပိုက်လိုက်နိုင်ခြင်းမှ လွဲလျှင် မည်သို့သော အကျိုးအမြတ် တခုတလေမျှ ရန်သူမရရှိစေရ။ ဤသည်မှာ ရန်သူအပေါ် ထားရှိ ကျင့်သုံးရမည့် သဘောထားအမှန်ပင် ဖြစ်သည်။
သို့ဖြစ်၍ ကေအဲန်ယူသည် ဘာသာရေးအဆောက်အဦများနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများမှ လွဲ၍ ကျန်အရာ
အားလုံးကို မီးရှို့ဖျက်ဆီးလိုက်ကြလေသည်။
မာနယ်ပလောသည် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်များကို ပိတ်ပင်ဖိနှိပ်မှုခံရခြင်း၏ ပြ
ယုဂ် ဖြစ်၏။
မဆလ၊ န၀တ တို့၏ စစ်အာဏာရှင်စနစ်ကို ပေါ်လွင် ထင်ရှားစေသော ပြယုဂ်လည်း ဖြစ်၏။
အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဒီမိုကရေစီရေးကို လိုလားကြသော အဖွဲ့အစည်း
များ၏ စည်းလုံးညီညွတ်မှု ပြယုဂ်တခုလည်း ဖြစ်လေသည်။

နေရပ်ရင်းကို စွန့်ခွါနေကြရသည့် ကရင်ဒုက္ခသည်အချို့

မာနယ်ပလောကား မီးဟုန်းဟုန်း တောက်လျှက် ကျန်ရစ်ခဲ့လေပြီ။
သို့ရာတွင် မာနယ်ပလော၏ မီးတောက်မီးလျှံများသည်၊ ဖေါ်ပြပါ ပြယုဂ်များကို မ၀ါးမြို မဖျက်ဆီးနိုင်ယုံမျှ မက
ပြယုဂ်သစ်တခုကိုပင် ထပ်ဆင့် မွေးဖွားပေးလိုက်လေသည်။
ထိုပြယုဂ်၏တန်ဖိုးမှာ အတော်ပင် ကြီးမားသည်။
ထိုပြယုဂ်ကို ရရှိဘို့ရန်အတွက် မာနယ်ပလောသည် မိမိကိုယ်မိမိ မီးလောင်ပြင်အဖြစ် စတေးခံခဲ့ရလေသည်။

သမိုင်းပေးတာဝန် မာနယ်ပလောကို လက်လွှတ်လိုက်ရခြင်းသည် (၄၆)နှစ်ကျော် ရပ်တည်ခဲ့သော ကေအဲန်ယူ ကရင့်အမျိုးသားအစည်းအရုံးကြီး၏ တဆစ်ချိုး အပြောင်းအလဲကြီးတခု ဖြစ်သည်။
မာနယ်ပလောကို ဆုံးရှုံးရသော်လည်း ကရင့်တော်လှန်ရေး ဆက်လက်ရှင်သန်တည်တံ့နေဦးမည်ဆိုသည်ကို ယုံမှားသံသယ ဖြစ်ဘွယ်မရှိ။

သို့သော်မာနယ်ပလောကကို လက်လွှတ်စွန့်ခွါလိုက်ရမှုသည် ကရင့်တော်လှန်ရေးအတွက် ကြီးမားသော အရင်း
အနှီးကြီးတခုကို ပေးဆပ်လိုက်ရခြင်း ဖြစ်သည်သာမက မာနယ်ပလောကို ခြေကုတ်ယူလျှက် ရန်သူ န၀တ စစ်
အစိုးရအား ဆန့်ကျင်ဘက် အတိုက်အခံပြုနေကြသော မဟာမိတ်အဖွဲ့အစည်းများအတွက်ပါ ထိခိုက်နစ်နာမှုကြီး
တရပ် ဖြစ်လေသည်။
န၀တ စစ်အုပ်စုအတွက်မူကား ပြည်သူလူထုနှင့် ကမ္ဘာ့အလယ်တွင် မျက်နှာပြောင်စွာလက်မထောင် ခေါင်းမော့ပြ
နိုင်မည့် မဟာအောင်ပွဲကြီးတရပ်ပင် ဖြစ်လေသည်။

 မိမိတို့ ကရင်မျိုးသား သမိုင်းသုတေသနအဖွဲ့သည် ကရင့်သမိုင်းကြောင်းကို လေ့လာစူးစမ်း မှတ်တမ်းပြုစုရာတွင် ကရင်အမျိုးသားများ ဆင်းသက်လာပုံ ဒေသပထ၀ီ သမိုင်းကြောင်းမှအစ ကရင့်ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာ
စကား၊ စာပေ၊ ဂီတ၊ ကဗျာလင်္ကာ၊ မိရိုဖလာ ကိုးကွယ်ယုံကြည်မှုများ၊ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၊ ပွဲ
လမ်းသဘင် ဆင်ယင်ကျင်းပမှုများ စသည့် လူ့အဖွဲ့အစည်း၏ အင်္ဂါရပ်များတွင် ပါဝင်စမြဲ ဖြစ်သော အကြောင်းအ
ရာများကိုသာမက အမျိုးသားရေးလှုပ်ရှားမှုသမိုင်းကြောင်းနှင့် အမျိုးသားရေးလွတ်မြောက်ရေးအတွက် ပေါ်ပေါက်
လာရသော ကရင့်တော်လှန်ရေးသမိုင်းကြောင်းကိုပါ သုတေသနပြုစု မှတ်တမ်းတင်သွားမည် ဖြစ်ပါသည်။

ကရင့်တော်လှန်ရေးသမိုင်းကြောင်းကို မှတ်တမ်းပြုရာတွင် မာနယ်ပလော၏ အခန်းကဏ္ဍကို ချန်လှပ်ထား၍ မရ။ မာနယ်ပလောသည် တောကြို အုံကြား နေရာလေးတခုမျှသာ ဖြစ်သည်။

သို့ရာတွင် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်းမှာပင် ကေအဲန်ယူကို ပြည်သူလူထုတရပ်လုံးကသာမက ကမ္ဘာ့နိုင်ငံအများအပြားကပင် အာရုံစိုက်လာစေခဲ့သော နေရာဖြစ်လေသည်။ မြန်မာဒီမိုကရေစီရေး အင်အားစုများ၏ လွတ်မြောက်နယ်မြေဖြစ်သည့်အလျောက် မာနယ်ပလောသည် ယခင် အချိန်များကထက် ပို၍ သတင်းကြီး၏။ ကေအဲန်ယူ၏ ရပ်တည်မှုကို ပို၍ ထယ်ဝါစေခဲ့၏။

 မာနယ်ပလော၌ အစည်းအဝေးပွဲများ၊ ညီလာခံများ၊ နှီးနှောဖလှယ်ပွဲများ၊ ကရင့်တော်လှန်ရေး၏ နေ့ကြီးရက်ကြီးအခမ်အနားများ ပို၍ ကြီးကျယ်စွာ၊ ပို၍ များပြာစွာ ကျင်းပနိုင်ခဲ့သည်။ အစည်းအဝေးပွဲများမှနေ၍ ကမ္ဘာသိဆုံးဖြတ်ချက်များကို ကြေငြာနိုင်ခဲ့သည်။
တော်လှန်သောမျိုးဆက်သစ်များအတွက်လည်း အတတ်ပညာဆိုင်ရာ သင်တန်းများစွာကို ဖွင့်လှစ်နိုင်ခဲ့သည်။

ကရင့်တော်လှန်ရေးသမိုင်းကြောင်းတွင် မာနယ်ပလောကို မေ့ထား၍ မဖြစ်ပေ။ အနာဂတ်ကာလ ပြည်နယ်ပေါင်းစု ပြည်ထောင်စုမြန်မာနိုင်ငံ၏ သမိုင်းသစ်ကို ပြန်ရေးသည့်အခါတွင်လည်း ကေ
အဲန်ယူနှင့်မာနယ်ပလော၏အခန်းကဏ္ဍမှာ မုချ ပါရှိမည်သာ ဖြစ်လေသည်။ ထိုမျှ အရေးပါ အရာရောက်ခဲ့သော မာနယ်ပလောသည် အဘယ်ကြောင့် မီးလောင်ပြင် ဖြစ်သွားရပါသနည်း။

မာနယ်ပလော၏ ပျက်စီးဆုံးရှုံးရမှုအကြောင်းအရင်းခံကို လေ့လာစူးစမ်း သုတေသနပြုလျှက် သမိုင်းကြောင်း ဖြစ်
ရပ်မှန်ကို မှတ်တမ်းပြုစုရေးမှာ မိမိတို့၏ မလွှဲမရှောင်သာသော တာဝန်တရပ် ဖြစ်လာပါသည်။ မှန်ကန်သောစေတနာဖြင့် မာနယ်ပလောကို လက်လွှတ်ဆုံးရှုံးခဲ့ရခြင်းသည်၊ မြစ်ဆုံအရေးအခင်းနှင့် တိုက်ရိုက်
သက်ဆိုင်မှုရှိနေကြောင်း ထင်ရှားစွာပင်တွေ့မြင်ရသည်။

မြစ်ဆုံအရေးအခင်း၏ အကျိုးအဆက်အဖြစ် ကေအဲန်ယူမှ ခွဲထွက်သည့် (D.K.B.A)ခေါ် တိုးတက်သော ဗုဒ္ဓဘာသာကရင်မျိုးသားအစည်းအရုံးသည် န၀တ စစ်အုပ်စုနှင့် ပူးပေါင်းသွားခြင်း။ အတွင်းလူက ဖေါက်ဖျက်သည့်တိုင် ကျန်လူများ စိတ်ဓာတ်ခိုင်မာလျှင် မာနယ်ပလော လွယ်ကူစွာ ကျဆုံးနိုင် မည်မဟုတ်သော်လည်း မြစ်ဆုံအရေးအခင်းကြောင့် မိမိအတွင်းမှာပင် စိတ်ဓာတ်ခိုင်မာမှုမရှိတော့ခြင်း။
ထွီးဖားဝီကျိုးမှ ကာကွယ်မည့် မဟာမိတ်များလည်း မရှိတော့ခြင်း။
အချင်းချင်းကို ပြန်မတိုက်လိုကြသည့်အပြင် ခုခံကာကွယ်မည့်သူများ အကြားတွင်ပင် သံသယဖြစ်မှုများ ရှိနေခြင်းကြောင့် မာနယ်ပလောခုံခံကာကွယ်ရေးကို ကြိုးစားလိုစိတ်မရှိတို့ခြင်း။
တို့ကြောင့် (D.K.B.A)သည် န၀တ အုပ်စုအား မာနယ်ပလောသို့ဝင်ရောက်နိုင်မည့်“အတွင်းလမ်း”များကို ပြသနိုင် ခဲ့လေသည်။

ထို့ကြောင့် မြစ်ဆုံအရေးအခင်း ပေါ်ပေါက်လာရခြင်း၏ သမိုင်းကြောင်းနှင့်ပတ်သက်၍ မိမိတို့ လေ့လာရပြန်သည်။


ဤတွင် ကေအဲန်ယူ၊ ဒီကေဘီအေနှင့် န၀တ တို့၏ သုံးဘက်မြင် ပတ်လည်စစ်တမ်းကို မိမိတို့ ထုတ်ယူနိုင်ခဲ့လေသည်။ သမိုင်းတွင် ကျန်ရစ်မည့် ဖြစ်ရပ်များအား လေ့လာမှတ်တမ်းပြုရာတွင် အဖြစ်ကို အဖြစ်အတိုင်း၊ အရှိကို အရှိအတိုင်း ရေးသားတင်ပြရန် တာဝန်မှာ သမိုင်းသုတေသီတို့၏ တာဝန်ပင်ဖြစ်သည်။ သမိုင်းသုတေသီတွင် မည်သည့်ဘက်မှ မလိုက်ဘဲ ရေးသားမည့် တာဝန်တရပ်လည်း ရှိနေသည်။

သို့သော် Researchers do for the sake of truth.မိမိတို့သည် အမှန်တရား၏ ဘက်၌သာ ရပ်တည်ကြမည်။ မည်သည့်ဘက်သို့မျှ မလိုက်ဘဲ ရေးသားခြင်းမျိုးမဟုတ်။ အမှန်တရား၏ ဘက်သို့သာ လိုက်ပြီး ရေးသားကြမည် ဖြစ်သည်။

မဆလ၊ န၀တ တို့၏ လက်အောက်မှ သမိုင်းဆရာများကဲ့သို့လည်း တဘက်စောင်းနင်းရေးသားမည် မဟုတ်ချေ။ အမှန်ကို အမှန်အတိုင်း အထောက်အထား ပြည့်စုံ ခိုင်မာ တိကျစွာဖြင့် ရေးသားတင်ပြကြမည် ဖြစ်သည်။ မှားယွင်းသော လုပ်ရပ်များနှင့် ပတ်သက်၍ အကျိုးသင့် အကြောင်းသင့် ဆင်ခြေပေး ရှင်းလင်းမှုမျိုးကို မိမိတို့ ပြုလုပ်မည်မဟုတ်။

ကရင်မျိုးသားများနှင့်ပတ်သက်သော သမိုင်းကြောင်းကို ရေးသားရာတွင် မှန်ကန်သောစေတနာဖြင့် အမှန်တရား၏ မျက်နှာကိုသာ ထောက်ရှူ့လျှက် ရေးရမည် ဖြစ်သည်။ မိမိတို့၏ သမိုင်းကြောင်း တစိတ်တဒေသဖြစ်သော ဤအကြောင်းအရာကို မိမိတို့မရေးလျှင် န၀တ စစ်အုပ်စုက ရေးမည် ဖြစ်သည်။

န၀တ ၏ (ငါးဖယ် က ပြောင်းပြန်)ပြောကြားသော မိုးလုံးပြည့် မုသာဝါဒများကို လူတိုင်းသိရှိကြပြီး ဖြစ်သည်။ မိမိတို့က အမှန်တရားကို တင်ပြခြင်း မပြုနိုင်လျှင် န၀တ စစ်အုပ်စုက ၎င်းတို့၏ထုံးစံအတိုင်း တဘက်စောင်းနင်း ရေးသားကြမည်သာ ဖြစ်သည်။ နောက်လာမည့် သုတေသီများအတွက်လည်း ခြေရာကောက်မှု လွှဲမှားနိုင်သည်။

၎င်းတို့၏ တင်ပြချက်ကိုသာ အမှန်ဟု ယူဆကြမည် ဖြစ်လေသည်။ ဤစာတမ်းကို ရေးသားရာတွင် မိမိတို့သည် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးကြီး၏ ကောင်းကွက်များထဲမှ အားနည်းချက်များကိုလည်း ထောက်ပြသွားမည်။ ဒီကေဘီအေ ခွဲထွက်အုပ်စုနှင့် န၀တ ၏ လုပ်ဆောင်မှု အဆိုးများထဲမှ ကောင်းကွက်တို့ကိုလည်း ဖေါ်ပြသွားမည် ဖြစ်သည်။

ဗမာစစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည့် KNU ကရင်ငြိမ်းချမ်းရေးဖေါ်ဆောင်မှု ကော်မီတီဝင်များ

တော်လှန်ရေးအဖွဲ့အစည်းများကို အခိုက်အတန့်အားဖြင့် ကစင့်ကလျား ဖြစ်သွားစေသည့် မာနယ်ပလောစခန်းကြီး ဆုံးရှုံးရမှုတွင် မည်သူ့၌ တာဝန်ရှိကြောင်းကိုမူ မိမိတို့ ထောက်ပြ ဝေဘန်မည်မဟုတ်။

ဖြစ်ရပ်မှန်များကို အမှန်အတိုင်းသိရှိကြပြီးနောက် သမိုင်းကြောင်းတရားခံသည် (၁) ကေအဲန်ယူ ကိုယ်တိုင်ဘဲလား?(၂)ဒီကေဘီအေ ခွဲထွက်အုပ်စု၏ ညံ့ဖျင်းမှုများပင်လား?(၃) S.L.O.R.C)ခေါ် န၀တ စစ်အုပ်စု၏ သွေးခွဲ သပ်သျှိုမှုလား?ဆိုသည်ကို ပြည်သူများကသာ ဆုံးဖြတ်ကြရမည် ဖြစ်သည်။ မိမိတို့အနေဖြင့် ဤစာတမ်းကို ရေးရန် သင့် မသင့် ကာလကြာ့မြင့်စွာ ချီတုံ ချတုံ အချိန်ယူ စဉ်းစားခဲ့ရသည်။

ရေးမည်ဟု ဆုံးဖြတ်ပြီးသည့်နောက်တွင် သက်ဆိုင်ရာ စာစောင် စာတမ်းများ၊ ဓာတ်ပုံ အကိုးအကား အထောက်အထားများ၊ ရေဒီယိုသတင်းများ၊ ပါးစပ်သတင်းများကိုသာမက “မြစ်ဆုံ ဖြန်ဖြေရေး”ကော်မတီမှ ပုဂ္ဂိုလ်အချို့နှင့် မြစ်ဆုံအရေးအခင်းတွင် ပါဝင်ခဲ့သော ကာယကံရှင် ပုဂ္ဂိုလ်အချို့ကို တွေ့ဆုံ ဆွေးနွေးမှတ်သားမှုများကို ပြုလုပ်ခဲ့ရပါသည်။ ဖြစ်ဆုံအရေးအခင်းကို မှတ်တမ်းတင်ရန် အချက်အလက်များ၊ အတန်အသင့် ရရှိလာသည့် အနောက်တွင်မူ --- အပိုင်း (၁) စတင် မြစ်ဖျားခံရာ သမိုင်းကြောင်း။

အပိုင်း(၂) မြစ်ဆုံအရေးအခင်း။ အပိုင်း(၃) အရှိန်မသေသေးသော ၀ဲဂယက်များ ဟူ၍ အပိုင်း (၃)ပိုင်း ပိုင်းခြား
လျှက်၊ အပိုင်းတပိုင်းစီကို အခန်းကဏ္ဍများ အသီးသီးခွဲကာ ဤသမိုင်းလေ့လာရေးစာစောင်များတွင် အခန်းဆက်
တင်ပြရန် စီစဉ်ခဲ့ပါသည်။ ဆိုခဲ့ပြီးသည့်အတိုင်း မိမိတို့သည် အမှန်တရား၏ဘက်မှ ရပ်တည်လျှက် ဤစာတမ်းကို
ရေးမည်ဖြစ်ပါသည်။
(အမှန်တရား ဆိုသည်မှာ လူအများစု လက်ခံခြင်း လက်မခံခြင်းနှင့် မပတ်သက်ပါ
လက်ခံနိုင်သည်ဖြစ်စေ၊ လက်မခံနိုင်သည်ဖြစ်စေ အမှန်သည် အမှန်ပင် ဖြစ်ပါသည်)

ထို့ကြောင့် သမိုင်းကြောင်း အချက်အလက်များကို မှတ်တမ်းတင်မှု မည်ကာမတ္တမဟုတ်ဘဲ၊ ထိုဖြစ်ရပ်များနှင့်
ပတ်သက်၍ ကောက်ချက်ဆွဲ သတ္တုချခြင်းများကိုလည်း မိမိတို့ပြုလုပ်မည် ဖြစ်သည်။

 ကေအဲန်ယူ၊ ဒီကေဘီအေနှင့် န၀တ ဟူသည့် နေရ အသီးသီးသို့ ရည်တူခံစားစိတ်ဖြင့် ၀င်ရောက် ရှုမြင်လျှက် သုံးဘက်မြင် ပတ်လည် စစ်တမ်းကိုလည်း ထုတ်ယူမည် ဖြစ်သည်။ ရှုဒေါင့်အသီးသီးမှ ရှုမြင်နိုင်မည် ဖြစ်သော သမိုင်းကြောင်းသင်ခန်းစာများနှင့် သမိုင်းကြောင်းတရာခံတို့ကိုမူ သမိုင်းပညာရှင်များနှင့် ပြည်သူလူထုကြီးကသာ ဆုံးဖြတ်မှုပေးနိုင်ကြမည် ဖြစ်ပါသည်။

 ဖြစ်ရပ်မှန်များကို စုစည်းတင်ပြကာ ပိုင်းခြင်း သုံးသပ်ခြင်း ဖြစ်သော ကောက်ချက်ဆွဲ သတ္တုချခြင်းမှ လွဲ၍ ဤအရာများသည် သမိုင်းကြောင်းသင်ခန်းစာဖြစ်သည်ဟု၎င်း၊ မိမိတို့က တရားသူကြီးသဖွယ် ၀င်ရောက်ဆုံးဖြတ်မှု ပေးမည် မဟုတ်ပါ။

ဤစာတမ်းကို သမိုင်းလေ့လာရေး နိုင်ငံသစ်စာစောင်များတွင်(၃)လတကြမ် လအနည်းငယ်မျှ အခန်းဆက်တင်ပြဖြစ်ရာ ဖေါ်ပြပြီးသောကြောင်းအရာများနှင့်ပတ်သက်၍ ပိုမိုသိရှိထားသောအချက်အလက်များ ရှိနေပါက နောက်စာစောင်များ မထွက်ရှိမီ မိမိတို့ထံ ဆက်သွယ်ပေးပို့ကြပါရန် မေတ္တာရပ်ခံပါသည်။

အထူးသဖြင့် န၀တ စစ်အုပ်စုသို့ မေတ္တာရပ်ခံလိုပါသည်။ ယခု မိမိတို့ရေးသားသော အကြောင်းအရာများထဲမှ မှားယွင်းတိမ်းစောင်းသည်ဟု ထင်မြင်ယူဆသော အချက်အလက်များကို ကရင်အမျိုးသားသမိုင်းသုတေသနအဖွဲ့ လိပ်စာအတိုင်း (န၀တ သတင်းစာပါ ဆောင်းပါးများကဲ့သို့ မဟုတ်ဘဲ။)လူ့သိက္ခာနှင့်လျှော်ညီသော အရေးအသားမျိုးဖြင့် ဝေဘန်ရေးသားပေးပို့နိုင်ကြပါသည်။ မည်သည့် ထောက်ပြဝေဘန်မှုမျိုးကိုမဆို မိမိတို့အနေဖြင့် မှန်ကန်သည်ဟု ယူဆပါက ထည့်သွင်းဖေါ်ပြပေးမည် ဖြစ်ပါသည်။

မှတ်ချက်

ဤမြစ်ဆုံဆောင်းပါးကို ရေးသားရာတွင် အချို့သော ကာယကံရှင်များကို တွေ့ဆုံမေးမြန်း မှတ်တမ်းပြုခဲ့သော်လည်း အချို့ကိုမူ အခြေအနေအကြောင်းအရပ်အမျိုးမျိုးကြောင့် လူကိုယ်တိုင် တွေ့ဆုံခြင်းမပြုနိုင်ခဲ့ပါ။

စာရွက်စာတမ်းများနှင့် တဆင့်စကားများဖြင့်သာ အထောက်အထားပြု ရေးသားခဲ့ရပါသည်။
အကယ်၍ အချို့သောအချက်အလက်များ၌ မှားယွင်းလွဲချော်မှုများရှိခဲ့ပါက ကရင့်သမိုင်းသုတေသနဌာနသို့ ဝေ ဘန်ထောက်ပြမှုပြုကြပါရန် မေတ္တာရပ်ခံပါသည်။

သမိုင်းလေ့လာရေး နိုင်ငံသစ်စောင်(၅)မှ ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

မာနယ်ပလော(သို့မဟုတ်) မြစ်ဆုံအရေးအခင်း အပိုင်း(၂)ကို ဆက်လက်ဖေါ်ပြမည်

 Copy from http://parsithan.blogspot.com/2012/05/blog-post_532.html