သောင်ထွန်းမှု ပမာဏ ပိုမို များပြားလာနေ
မုံရွာမြို့ မြောက်ဘက်ရှိ ချင်းတွင်းတံတား အနီးတွင် သောင်ထွန်းမှု ပမာဏမှာ ယခင်နှစ်များထက် ပိုမို များပြားလာကြောင်း သတင်း ရရှိပါသည်။
''ဒီနှစ်တွေမှာတော့ တံတားဝန်းကျင် တစ်ဝိုက်မှာ သောင်ပြင်တွေက အရင်နှစ်တွေထက် ပိုပြီး များပါတယ်။ သောင်ပြင်တွေက ပိုများလာတော့ မြစ်ရေစီးကြောင်းက နှစ်ခွဖြစ်နေတဲ့ နေရာတွေမှာဆိုရင် စက်လှေတွေ၊ မော်တော်ယာဉ်တွေ သွားလာရတာ အခက်အခဲ ရှိပါတယ်။ သောင်ဖြစ်ထွန်းမှု ထုထည်ကလည်း တခြားနှစ်တွေနဲ့ မတူအောင် မြင့်တက်နေပါတယ်။ တံတားရဲ့ မြောက်ဘက်နဲ့တောင်ဘက် နှစ်ဖက်စလုံးမှာ သောင်ပြင်တွေ ပေါ်နေပါတယ်''ဟု ချင်းတွင်းတံတားအနီး နေထိုင်သူတစ်ဦးက ပြောကြားခဲ့ပါ သည်။
''ကျွန်တော်တို့လို ဒီတံတား ၀န်းကျင်မှာရှိတဲ့ တံငါသည်တွေ အနေနဲ့ ငါးဖမ်းရာမှာ မြစ်ဝကျဉ်းတဲ့ နေရာတွေကနေ ဖမ်းရပါတယ်။ ဒါပေမယ့် မြစ်ဝကျဉ်းတဲ့ နေရာတွေမှာက ရေစီးသန်တော့ လှေကို သတိထားပြီး ထိန်းရပါတယ်။ သောင်တွေထု ထည်ကြီးပြီးတော့ ရေစီးကြောင်း နှစ်ခွဖြစ်နေရင် စက်လှေတွေနဲ့ ရေယာဉ်တွေ အနေနဲ့ ရေတိမ်နေတဲ့ နေရာတွေကို ရှောင်ပြီး ရေနက်တဲ့ နေရာတွေကနေပဲ ကွေ့ပတ်ပြီး သွားရပါတယ်''ဟု ချင်းတွင်းတံတား အနီးရှိ ရေလုပ်သားတစ်ဦးက ပြောကြားခဲ့ပါသည်။
Source Article from http://www.news-eleven.com