၁၉၈၈ ခုနှစ် နောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အသီးသီးတွင် ဆောင်ရွက်ချက်များကို အတည်ပြုထားပြီး ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ စနစ်တကျ လွှဲပြောင်း ပေးအပ်နိုင်ရန်အတွက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက နိုင်ငံတော် အခြေအနေ အရပ်ရပ်ကို ထိန်းသိမ်းရယူခဲ့သည့် အချိန်မှစ၍ နိုင်ငံတော်၏ အာဏာကို ပြည်ထောင်စုလွှတ်တော်သို့ လွှဲအပ်ပေးသည့် အချိန်အထိ လုပ်ဆောင်ချက်သမိုင်း အကျဉ်းချုပ် ရေးသားပြုစုရေးအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ သမိုင်းအကျဉ်းချုပ် ရေးသားပြုစုရေး အဖွဲ့တွင် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးက ဥက္ကဋ္ဌ ဖြစ်ပြီး ယဉ်ကျေးမှု ၀န်ကြီးဌာန ၀န်ကြီးက ဒုတိယဥက္ကဋ္ဌ ဖြစ်ကာ အဖွဲ့ဝင်အဖြစ် ကျန်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရသည်။
အဖွဲ့ဝင်များအဖြစ် ပါဝင်သော ၀န်ကြီးဌာနများမှာ ကာကွယ်ရေး ၀န်ကြီးဌာန၊ သိပံ္ပနှင့်နည်းပညာ ၀န်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမ၀ါယမ၀န်ကြီးဌာန၊ အမှတ်(၁)စက်မှု ၀န်ကြီးဌာန၊ အမှတ်(၂)စက်မှု ၀န်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ၀န်ကြီးဌာန၊ အမှတ်(၁)လျှပ်စစ် စွမ်းအား ၀န်ကြီးဌာန၊ အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနတို့ ဖြစ်ကြောင်း သိရသည်။
ယင်းဝန်ကြီးဌာနများ အပြင် ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီးဌာန၊ သတ္တုတွင်း ၀န်ကြီးဌာန၊ ပို့ဆောင်ရေး ၀န်ကြီးဌာန၊ စွမ်းအင်ဝန်ကြီး ဌာန၊ အားကစားဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ၀န်ကြီးဌာန၊ မွေးမြူရေးနှင့်ရေလုပ်ငန်း ၀န်ကြီးဌာန၊ သာသနာရေးဝန်ကြီး ဌာနတို့လည်း ပါဝင်ကြောင်း သိရသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန၊ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ သစ်တောရေးရာ ၀န်ကြီးဌာန၊ အလုပ်သမား ၀န်ကြီးဌာန၊ တရားရုံးချုပ်၊ ရှေ့နေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံး၊ ၀န်ထမ်း ရွေးချယ်လေ့ကျင့်ရေး အဖွဲ့၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံး၊ အစိုးရအဖွဲ့ရုံး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီတို့မှ ကိုယ်စားလှယ်များလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း သိရှိရသည်။
အဆိုပါ သမိုင်းအကျဉ်းချုပ် ရေးသားပြုစုရေး အဖွဲ့တွင် အဖွဲ့ဝင်ဦးရေ ၄၂ ဦး ပါဝင်ပြီး အတွင်းရေးမှူးသည် ဥက္ကဋ္ဌမှ တာဝန်ပေးအပ်သူ ဖြစ်ကြောင်း သိရသည်။ ယင်း သမိုင်းအကျဉ်းချုပ် ရေးသားပြုစုရေး အဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ပြည် ထောင်စု မြန်မာနိုင်ငံတော်၊ အစိုးရ အဖွဲ့က အမိန့်ကြော်ငြာစာ အမှတ် ၅၁/၂၀၁၀ ဖြင့် တရားဝင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Source Article from http://www.news-eleven.com