• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, December 15, 2010

မြန်မာနိုင်ငံ၏ လူဦးရေ ကျဆင်း


မြန်မာနိုင်ငံ၏ လူဦးရေ နှစ်စဉ် တိုးနှုန်းသည် ကျဆင်းလာကြောင်း ထုတ်ပြန်ချက်များ အရ သိရသည်။ ထို့ပြင် တစ်စတုရန်းမိုင်၌ နေထိုင်သူ လူဦးရေ သိပ်သည်းဆမှာမူ နှစ်အလိုက် မြင့်တက်လာကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ လူဦးရေ နှစ်စဉ်တိုးနှုန်းသည် ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်တွင် ၂ ဒသမ ၀၂ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ၁ ဒသမ ၅၂ ရာခိုင်နှုန်းသို့ ကျဆင်းလာကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ တစ်စတုရန်းမိုင်၌ နေထိုင်သူ လူဦးရေ သိပ်သည်းဆသည် ၂၀၀၅-၂၀၀၆ ဘဏ္ဍာရေးနှစ်တွင် ၂၁၂ ဦး ရှိခဲ့ရာမှ ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်တွင် ၂၂၃ ဦးသို့ မြင့်တက်လာကြောင်း သိရသည်။

၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်၌ မြန်မာနိုင်ငံရှိ လူဦးရေမှာ ၅၂ ဒသမ ၁၇ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်၌ လူဦးရေမှာ ၅၈ ဒသမ ၃၈ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။

၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်၌ လူဦးရေ ၅၈ ဒသမ ၃၈ သန်းခန့်တွင် အသက် ၁၄ အတွင်း လူဦးရေမှာ ၃၂ ဒသမ ၃၂ ရာခိုင်နှုန်း၊ အသက် ၁၅ နှစ်မှ အသက် ၅၉ နှစ် အတွင်း လူဦးရေမှာ ၅၈ ဒသမ ၈၉ ရာခိုင်နှုန်းနှင့် အသက် ၆၀ အထက် လူဦးရေမှာ ၈ ဒသမ ၇၉ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးနောက် တစ်နိုင်ငံလုံး သန်းခေါင်စာရင်း ကောက်ခံမှုကို နှစ်ကြိမ် ပြုလုပ်ခဲ့ကြောင်းနှင့် ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့၌ ဖြစ်ကြောင်း သိရသည်။ ၁၉၇၃ ခုနှစ်၌ မြန်မာနိုင်ငံ၏ လူဦးရေမှာ ၂၈ ဒသမ ၉ သန်းရှိပြီး ၁၉၈၃ ခုနှစ်၌ လူဦးရေ ၃၅ ဒသမ ၃ သန်းသို့ တိုးမြင့်လာကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အသက် ၅ နှစ် မှ အသက် ၉ နှစ်၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်၊ အသက် ၁၅ နှစ်မှ ၁၉ နှစ်၊ အသက် ၂၀ နှစ်မှ အသက် ၂၄ နှစ်၊ အသက် ၂၅ နှစ်မှ အသက် ၂၉ နှစ် အုပ်စုများတွင် အမျိုးသားဦးရေမှာ အမျိုးသမီးဦးရေထက် များပြားနေပြီး အသက် ၃၅ နှစ်မှ အသက် ၃၉ နှစ် အုပ်စုမှ အသက် ၇၅ နှစ်အထက် အုပ်စုများတွင် အမျိုးသမီးဦးရေမှာ အမျိုးသားဦးရေထက် များပြားနေကြောင်း သိရသည်။

ထို့ပြင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ နေထိုင်သော လူဦးရေတွင် ကယားပြည်နယ်၌ အမျိုးသားဦးရေမှာ အမျိုးသမီး ဦးရေထက် သုံးရာခိုင်နှုန်းနီးပါး များပြားနေပြီး ပဲခူး၊ မွန်၊ ရှမ်း၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမျိုးသား၊ အမျိုးသမီး ဦးရေမှာ သိသိသာသာ မကွဲပြားဘဲ ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အမျိုးသမီး ဦးရေမှာ အမျိုးသား ဦးရေထက် အနည်းငယ် များပြားနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အမျိုးသမီး ဦးရေမှာ နှစ်အလိုက် တဖြည်းဖြည်း မြင့်တက်လာပြီး ၂၀၀၁ ခုနှစ်၌ အမျိုးသမီး ဦးရေမှာ ၂၅ ဒသမ ၇ သန်း ရှိခဲ့ရာမှ ၂၀၀၈ ခုနှစ်၌ အမျိုးသမီးဦးရေမှာ ၂၉ ဒသမ ၄ သန်းသို့ မြင့်တက်လာကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ လူဦးရေ နှစ်စဉ်တိုးနှုန်း
ဘဏ္ဍာရေးနှစ် လူဦးရေ(ထောင်ပေါင်း) တိုးနှုန်း
၂၀၀၂-၂၀၀၃ ၅၂၁၇၁ ၂ .၀၂
၂၀၀၃-၂၀၀၄ ၅၃၂၂၄ ၂ .၀၂
၂၀၀၄-၂၀၀၅ ၅၄၂၉၉ ၂ .၀၂
၂၀၀၅-၂၀၀၆ ၅၅၃၉၆ ၂ .၀၂
၂၀၀၆-၂၀၀၇ ၅၆၅၁၅ ၂ .၀၂
၂၀၀၇-၂၀၀၈ ၅၇၅၀၄ ၁ .၇၅
၂၀၀၈-၂၀၀၉ ၅၈၃၇၇ ၁ .၅၂


တစ်စတုရန်းမိုင်တွင် နေထိုင်သူ လူဦးရေ သိပ်သည်းဆ
ဘဏ္ဍာရေးနှစ် လူဦးရေ
၂၀၀၅-၂၀၀၆ ၂၁၂
၂၀၀၆-၂၀၀၇ ၂၁၆
၂၀၀၇-၂၀၀၈ ၂၂၀
၂၀၀၈-၂၀၀၉ ၂၂၃

Source from http://www.news-eleven.com