• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, March 12, 2012

ထမင်းဝစေတဲ့ ငှက်ပျောပင်အကြောင်း

ထမင်းဝစေတဲ့ ငှက်ပျောပင်အကြောင်း

(မင်းစိုးစံ)

အားလုံးမင်္ဂလာပါ။ ဟုတ်ကဲ့ ကျုပ်ကို ပြည်တွင်းကလို့ယူဆရတဲ့ မိတ်ဆွေတစ်ယောက်က စာလေးတကြောင်း
ရေးသွားတာ ဖတ်လိုက်ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အကြောင်း စစ်အစိုးရအကြောင်းက ထမင်းမ၀ဘူး ဗိုက်မပြည့်ဘူး၊ ပြည်သူတွေထမင်း
ဝဘို့အတွက် ဘယ်လိုကျင့်ကြံနေထိုင်ရမလဲ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အကြောင်း အရာမျိုး မြင်ချင်တယ်

အဲဒီလိုရေးထားတာ။

သိပ်မှန်တာပေါ့ဗျာ ကျုပ်က နိုင်ငံခြားမှာ အဆီအသားတိုးနေအောင်စားနေရတဲ့ မွေးမြူရေးတိရိစ္ဆာန်လို ၀ဖြီးပြီး ငိုက်မြည်းနေတော့ နိုင်ငံရေးအကြောင်း ဘာသာရေးအကြောင်း လူမှုရေးအကြောင်း ရှင်းရှင်းပြောကြစတမ်းဆို
လျင် ဗမာစစ်အစိုးရအစဉ်အဆက် ယုတ်ယုတ်ကန်းကန်းလုပ်နေတဲ့အကြောင်းတွေ မိုက်ရိုင်းညစ်ပတ်တာတွေ
အားရှိပါးရှိရေးနေနိုင်တာကလား။

အဖိနှိပ်ခံပြည်သူတွေက ဒါမျိုးခံခဲ့ရတာ နှစ်ပေါင်းကြာလွန်းလို့ ရိုးအီနေပြီ၊ အဲဒီအဖြစ်ကနေလွတ်အောင်
ဘယ် လိုပုံဘယ်နည်းလုပ်ကြပါဆိုတဲ့ အားဖြစ်စေတဲ့စာမျိုး တလုံးမျှမရေးခဲ့မိဘူး၊ အခုတော့သတိနည်း
နည်းရလာပြီမို့ ဘာတွေရေးရမှာပါလိမ့်ဆိုတာ စဉ်းစားလိုက်တာ ဘာမျှမရဘူး၊ ဘယ်ရမှာတုန်းဗျာ၊ ခံနေ
ရတာကိုပဲ စိတ်ထဲ အတွေးထဲ ဦးဏှောက်ထဲ အသွေးအသားထဲ အရိုးထဲစွဲနေတာကိုး၊ ဘယ်လိုရုန်းထွက်ရ
ပါ့မလဲဆိုတာ နည်းနည်းလေးမျှ မစဉ်းစားခဲ့လေတော့ နောင်မျိုးဆက်သစ်တွေအတွက် ဘာအကျိုးမျှ မပြု တဲ့လူတစ်ယောက်လို ဖြစ်မှန်း မသိဖြစ်နေပါပေါ့လား။

ဟိုလူကအနိုင်ကျင့်လို့ နောက်ထပ်လူတစ်ယောက်ရဲ့ အိမ်မှာလာခိုလိုက်တယ်၊ အဲဒီအိမ်ကပဲ တမျိုးပိုပြီးအနိုင် ကျင့်လို့ နောက်တအိမ်ထပ်ပြီး နေခွင့်ပြုဘို့ခွင့်တောင်းတယ်၊ ဒါနဲ့ပဲ အနိုင်ကျင့်မိုက်ရိုင်းတဲ့ကိစ္စက လွတ်ထွက် သွားသလိုလို ဖြစ်နေပြီဆိုပြီး ကိုယ့်ကိုစော်ကားမော်ကားလုပ်ခဲ့တဲ့လူတစုအပေါ် အဆင့်မရှိဆုံးစကားလုံးတွေ
ရွေးသုံးပြီး မကြားဝံ့မနာသာတဲ့အကြောင်းအရာတွေကို စိတ်ထင်တိုင်းပေါက်ကွဲနေလိုက်တာ နောက်ကကျန်ခဲ့ တဲ့လူတွေအတွက် ဘာအကြံလေးမျှမပေးနိုင်ခဲ့ဘူး။

အခုလို အကြံပေးဘို့သတိရတော့ ဘာမျှမကြံတတ်တော့ဘူး၊ ဒါပေမယ့် ကျုပ်ကြိုးစားပြီးရေးကြည့်ပါ့မယ်။ စားပင်လေးတွေအကြောင်းပါ၊ ထမင်းဝတယ်လို့တော့ အတတ်မပြောနိုင်ပါဘူး၊ အသုံးဝင်နိုင်လောက်တဲ့အခြေ အနေမျိုးကိုတော့ ရောက်ကောင်းရောက်နိုင်လေမလားဆိုတဲ့ အတွေးမျိုးလေးလောက်တော့ တွေးနိုင်မလား ဆိုတာမျိုးကိုတော့ မျှော်လင့်နိုင်လိမ့်မယ်လို့ ထင်မိပါတယ်။

ငှက်ပျောပင်ဆိုတာကတော့ သိတဲ့အတိုင်းပါပဲ ဗမာပြည်မှာဆို ဘယ်နေရာစိုက်စိုက် အလွယ်တကူဖြစ်ထွန်းတဲ့
အပင်ပါ။
အသီးကို အမျိုးမျိုးလုပ်စားမယ်၊ ငှက်ပျောဖူးကို အမျိုးမျိုးလုပ်စားမယ်၊ အရွက်ကို မုန့်ဖက်ထုပ်လေး ငါးပေါင်းထုပ်
လေးကောက်ညှင်းထုပ်လေး လုပ်လို့ရတယ်၊ စပယ်ပန်း ခရေပန်း စကားဝါပန်း စကားစိမ်းပန်း စတဲ့ ပန်းတွေကို ငှက်ပျောဖက်ကလေးနဲ့ ထုပ်ပြီးရောင်းလို့ အဆင်ပြေတယ်၊ ငှက်ပျောပင်ကို မုန့်ဟင်းခါးလုပ် စားမယ်၊ ၀က်စာထဲ ထည့်ကျွေးမယ်၊ ငှက်ပျောအူချဉ်ဖတ်လုပ်စားမယ်။

ငှက်ပျောသီး ငှက်ပျောပင် ငှက်ပျောရွက်တွေ ဆေးဘက်ဝင်တာတွေကို ရေးပြရမယ်ဆိုလျင်
ငှက်ပျောသီးစိမ်းသည် ဖန်၏ ချို၏ အေး၏ ကြေခဲ၏ ၀မ်းချုပ်၏ အဆီရှိ၏ သလိပ် သည်းခြေ သွေး လေ တို့ကို နိုင်၏။
ရေငတ်ခြင်း ပူလောင်ခြင်း ဓါတ်ကုန်ခမ်းခြင်းတို့ကို နိုင်၏။

ငှက်ပျောသီးမှည့်သည် ချို၏ အေး၏ ၀မ်းချက်ပြီးနောက်လည်း ချို၏။
နှုတ်ကိုမြိန်စေတတ်၏ လူကိုဝစေတတ် ၏ ဆာလောင်မွတ်သိပ်ခြင်း ရေငတ်ခြင်းတို့ကို ပျောက်စေနိုင်၏။

ဓါတ်သက်ရသာ ငှက်ပျောမှာကား
ရသာဖန်ချို အကျိုးဆိုသော်
ကိုယ်တွင်းပထ၀ီ ပျက်သည်မည်၏
ကြုံလှီပေကပ် အားမဲ့လတ်မူ
မပြတ်စားစေ စာမကြေလည်း
ထည့်လေထမ်းလျက် အချိုဖက်ရှင့်။
ဝမ်းပျက်တဖန် ရှိနေပြန်က
ဖန်ဖန်ရွှင်းပြင်း ဆက်လေသွင်းလော့
မှည့်ခြင်းအလွန် ချဉ်ရောက်ပြန်သော်
ပန်းရံဓါတ်ငုတ် ကျင်ဝမ်းချုပ်ကို
ရုတ်တရက်သာ ဆင်းကာလျှောသွေး
မြေပထ၀ီ အားကိုညီအောင်
ဆောင်သည်တသွယ် နာသူငယ်တို့
အထက်ကျောခေါင်း အပူအောင်းက
သီးလှသူငယ်စာ ပေးလေရာ၏

နှာခေါင်းသွေးလျှံလျင်တော့ ငှက်ပျောပင်က အစေးကို ရှူပေးပါ၊ မီးလောင်ခံရတဲ့နေရာကို ငှက်ပျောသီးမှည့် အုံပေးပါ၊ နောက်တနည်းကတော့ ငှက်ပျောအူကို အရည်ညှစ်ပြီး အနာပေါ်ကိုလောင်းပေးပါ၊ တကိုယ်လုံးနီးပါး မီးလောင်ခံထားရတဲ့ လူနာဆိုလျင်တော့ ငှက်ပျောရွက်ကိုခင်း အပေါ်ကနေ ငှက်ပျောရွက်ကိုအုပ်ထားပေး
လျင် ပူလောင်နေတဲ့ဒါဏ်ကို သက်သာစေပါတယ်။

အဲဒါတွေက ငှက်ပျောပင်တပင်လုံး ဘယ်လို အဘိုးတန်တယ်ဆိုတဲ့ အကြောင်းအရာတွေထဲက နည်းနည်းပါး ပါး ရေးချလိုက်တာပါ။

နောက်များမှ လိုလျင်လိုသလို ဆက်ပြီးရေးချပါ့မယ်၊ အဲဒီလိုရေးလိုက်လို့ ငှက်ပျောခြံစိုက်ပြီး ထမင်းဝအောင် လုပ်ဘို့ဆိုလိုတာမဟုတ်ပါဘူး၊ အိမ်နောက်ဖြေးလေးမှာ အိမ်ဘေးကခြံစည်းရိုးထဲမှာ တနိုင်တပိုင်စိုက်နိုင်လျင်
အိမ်အတွက် တဘက်တလမ်းက စားရိတ်ကာမိသွားတာပေါ့။

နောက်ဆုံးစကားကုန်ကုန်ပြောရမယ်ဆိုလျင် မီးခဏခဏလောင်တတ်တဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်အိမ်ပတ်ပတ်
လည် ငှက်ပျောပင်စိုက်ထားလိုက် မီးမလောင်နိုင်ဘူး။
အဲဒါကတော့ ကိုယ်တွေ့ပဲ ကိုယ်တွေ့ဆိုလိုက်လို့ ကျုပ် အိမ်ကိုမီးမလောင်တာကို ပြောတာမဟုတ်ဘူးနော် ဘာ သာရေးအဆောက်အဦးတခု မီးမလောင်တာကို ပြောပြချင် လို့ပါ။

ကော်မူးရာဆိုလျင် လူတိုင်းနီးပါးမသိဘူးဆိုလျင်တောင် ကြားဘူးနားဝတော့ရှိမှာပါ ၀မ်းခါစခန်း ပေါ့။
ဗမာစစ် အစိုးရတပ်တွေ KNU ရဲ့အမာခံစခန်းတွေထဲက ကော်မူးရာလို့ခေါ်တဲ့ ၀မ်းခါ စခန်းကို တက်သိမ်း
ဘို့လုပ်တော့ မြ၀တီ၊ သင်္ဃန်းညီနောင်၊ မဲ့ပလယ့်၊(ဝှေ့ဆန်း) မြေနီတောင်၊ စတဲ့သူတို့ရဲ့ အခြေစိုက်စခန်း
တွေကနေ လက် နက်ကြီးမျိုးစုံနဲ့ လှမ်းပစ်လိုက်တာ စခန်းတခုလုံးနီးပါး ပြာဖြစ်ကုန်တော့တာပဲ၊ စောစော
တုန်းကပြောခဲ့တဲ့ ဘာ သာရေးအဆောက်အဦးကတော့ ခတ်ထားတဲ့ခြံစည်းရိုးတွေသာ မီးလောင်တာ သူကဘာမျှမဖြစ်ဘူး၊ ရှေ့က အိမ်တွေ နောက်ကအိမ်တွေ ဘေးချင်းကပ်နေတဲ့ အိမ်တွေအားလုံး ပြာဖြစ်
သွားပေမယ့် သူကတော့ မီးဟပ်ခံရရုံ လေးပဲ။

အဲဒါကြောင့် ဗမာပြည်တွင်းကလူတွေ ကိုယ့်အိမ်ခြံဝင်းထဲမှာ ငှက်ပျောပင်ကိုစိုက်ကြပါ၊ အိမ်ငှားဆိုလျင်
လည်း အိမ်ရှင်ကိုခွင့်တောင်းပြီး စိုက်ကြပါ။ တခုတော့ရှိပါတယ်၊ ငှက်ပျောမှာ အမပင် အဖိုပင် နပုန်းပင်
ဆိုပြီးသုံးမျိုးရှိ တဲ့အတွက် ကိုယ့်အိမ်ခြံနဲ့ သင့်တော်မယ့်အမျိုးကို စိုက်ဘို့လိုသလို ခြောက်သွားတဲ့အရွက်
တွေကို ခုတ်သိမ်း ပစ်ဘို့လိုပါတယ်၊ မီးဘေးနဲ့ မြွေတွေကင်းတွေရဲ့ အန္တရာယ်ကနေ ကာကွယ်နိုင်အောင်
လို့ပါ။

ဘယ်လို ငှက်ပျောအမျိုးအစားကိုပဲစိုက်စိုက် နောက်ဆုံး ထမင်းထုပ်လို့ရတဲ့ အကျိုးတော့ ရှိပါလိမ့်မယ်၊ ထမင်း ထုပ်လို့ရတဲ့အတွက် တနေ့နေ့တချိန်ချိန်မှာ လူတွေအတွက် အင်မတန်အသုံးဝင်တာ သိလာရပါလိမ့်မယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှတ်ချက်

ငှက်ပျောပင်နှင့်ပတ်သက်သည့် ဆေးဘက်ဝင်ပုံအကြောင်းအရာများကို
၁၉၉၇ ခု ဇူလိုင်လ ၁၅ရက်နေ့ထုတ် ဖူးကီးဒီ ရေးသားထားသည့်
ကျေးလက်ပြည်သူများအတွက် တိုင်းရင်းဆေး
စာအုပ်မှ ထုတ်နုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။