• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, May 17, 2012

ကြိတ်လိုက် ဘသား

လမ်းလျှောက်ချီတက်ရန်အတွက် စောင့်နေသူများ (ဓါတ်ပုံ- ရိုးမ ၃)


ကြိတ်လိုက် ဘသား
(မင်းစိုးစံ)
 May 17, 2012 Thursday

ကျုပ်တို့ငယ်ငယ်တုန်းက ကြားခဲ့ရဘူးတဲ့ စကားပါ၊ ဘယ်လိုနေရာတွေမှာ သုံးသလဲဆိုတော့ အလုပ်တခု
ကို စွန့်စွန့်စားစားလုပ်တဲ့အခါမျိုးမှာ သုံးပါတယ်၊ လက်ဝှေ့ထိုးသတ်တဲ့အခါ မျိုးတွေမှာ ဘောလုံးပွဲတွေမှာ အင်နဲ့အားနဲ့ ယှဉ်ပြိုင်ကစားကြတဲ့ အားကစားပွဲမျိုးတွေမှာပွဲကြည့်ပရိဿတ်တွေကြားမှာ အသုံးများပါ
တယ်၊

အထူးသဖြင့်ရုပ် ရှင်မင်းသားကြီးရွှေဘနဲ့ လူကြမ်းမင်းသားကြီးချီးပူးတို့ ထိုးကြိတ်ခန်းရောက်ပြီဆိုလျင်
ပရိဿတ်တွေက ရုပ်ရှင်မင်းသားကြီးရွှေဘဘက်ကနေ ကြိတ်လိုက်ဘသား ကြိတ်လိုက်ဘသား လို့
အော်အော်ပြီးအားပေးကြတာ။

အခုလည်း သတင်းတွေထဲမှာ ဒုက္ခသည်စခန်းက ဒုက္ခသည်အနည်းအကျဉ်းလောက်စုပြီး ဒုက္ခသည်တွေအ
တွက် လိုအပ်နေတာတွေကို တောင်းဆိုတာ၊ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကြတဲ့အလုပ်သမားတွေ သူတို့ ရပိုင်ခွင့်ကို တောင်းဆိုနေတာ၊ ဗမာပြည်ကအလုပ်သမားတွေ ဆန္ဒပြနေတာ၊ လယ်သမားတွေ မိမိပိုင်လယ်
မြေတွေ အသိမ်းခံရလို့ စစ်အစိုးရကိုဆန္ဒပြနေတာ စသည်ဖြင့်ပေါ့ အဲဒီလိုသတင်းမျိုးတွေကလည်း မကြာခဏ
ဆိုသလို ကြားကြားနေရတော့ ကျုပ်တို့ဆန္ဒပြခဲ့တာလေးတွေကို သတိရမိတာနဲ့ တခုခုရေးပြချင်စိတ်ပေါက်လာ ပါတယ်။

Source Photo from www.facebook@kic(kareninformationcenter).com

ကျုပ်တို့လို့ဆိုလိုက်လို့ များများစားစားလို့မထင်လိုက်ပါနဲ့၊ နှစ်ယောက်ထဲပါ အဆိုတော်ကိုင်ဇာရဲ့ နှစ်ယောက်ထဲ တို့တိုင်းပြည် သီချင်းကိုအားကျပြီး ဆန္ဒပြတာတော့မဟုတ်ပါဘူး၊ ဆန္ဒပြကြမယ်လို့ ပြောတုန်းကတော့ လူအ
တော်များများ လက်သီးလက်မောင်းတန်းပြီး ဆင်ဖမ်းမယ်ကျားဖမ်းမယ်ပေါ့လေ တကယ်တမ်းနင်လား ငါလား လည်းကျရော နှစ်ယောက်ထဲမှ တကယ့်နှစ်ယောက်ထဲ။

နည်းနည်းလောက်ရေးပြမယ်၊ ဆန္ဒပြတဲ့အလုပ်ကို ကျုပ်တို့အားလုံးမွေးကတည်းက တတ်လာခဲ့ကြတာပါ စာရှု သူလည်းဆန္ဒပြခဲ့တဲ့ လူတစ်ယောက်ပါ၊ အသေခြာဆုံးကတော့ မိတ်ဆွေအနေနဲ့ အနည်းဆုံးမိတ်ဆွေရဲ့ အမေ
ဖြစ်သူကိုဆန္ဒပြခဲ့သူတယောက်ဖြစ်ပါတယ်။
အမေ့ရင်ခွင်ထဲဝင်ပြီး တွတ်တီးတွတ်တာတွေပြောမယ်၊ ငိုပြမယ်၊ နှုတ်ခမ်းစူပြမယ် ပေကပ်ကပ်လုပ်မယ် ရေး
မယ်ဆို အများကြီးပေါ့ဗျာ။

ဒါကမိဘနဲ့သားသမီးကြား ဖြစ်တတ်တဲ့ဓလေ့ဆိုတာ အားလုံးလက်ခံကြမှာပါ၊ ဒီကနေ့ အလုပ်ရှင်နဲ့အလုပ်သ
မား၊ အုပ်ချုပ်သူလူတန်းစားနဲ့ အအုပ်ချုပ်ခံလူတန်းစားတို့ကြားမှာ ဖြစ်နေတဲ့ပြဿနာတွေကို မိဘနဲ့သားသမီး
လို သဘောပိုက်ဖြေရှင်းကြမယ်ဆိုလျင် မပြေလည်နိုင်စရာအကြောင်းမရှိပါဘူး။

ဒါပေမယ့် အချို့မိဘနဲ့သားသမီးတွေ တောင် အမွေပြတ်ကျေငြာတာတို့ မခေါ်မပြောပဲနေတာတို့ ဆိုတဲ့အဖြစ်သ နစ်တွေကလည်း အများကြီးဆိုတော့ သွေးမတော်သားမစပ်တဲ့အပြင် စီးပွါးရေး၊ အာဏာတည်တံ့ခိုင်မြဲဘို့အရေး နည်းလမ်းအမျိုးမျိုးသုံးပြီး နှိပ်ကွပ်ကြတော့တာပေါ့။

အဲဒီတော့ ကိုယ့်နိုင်ငံကနေထွက်ပြေးပြီး သူတပါးတိုင်းပြည်မှာ တရားမ၀င်နေထိုင်ကြရသူတွေ တောထဲတောင် ထဲမှာ ဟိုပြေးဒီပြေးအသက်လုနေကြရတဲ့လူတွေ ပြေးရင်းလွှားရင်းအသတ်ခံကြရသူတွေ ဘ၀ပျက်ကြရတာတွေ တဆထက် တဆများလာရပါတော့တယ်။ အဲဒီတော့ ကြိတ်လိုက် ဘသားပေါ့။

သူတပါးတိုင်းပြည်ရောက်လာတော့ သူ့ကျောင်းနေလျင် သူ့စာအံရမယ်မဟုတ်လား၊ အိမ်ရှင်ကမကြည်ဖြူဘူးဆို လျင် ဘာလုပ်လို့ရမှာတဲ့တုန်း၊ လွန်ခဲ့တဲ့လတုန်းက ဒုက္ခသည်စခန်းတခုမှာ ဆန္ဒပြသူတွေကို လုံခြုံရေးအရာရှိက ဆူဆူပူပူဖြစ်လာလို့ ၀င်ပြီးကိုင်တွယ်ဖြေရှင်းရမယ်ဆိုလျင် နှစ်ဘက်စလုံး သိက္ခာကျစရာ ထိခိုက်နစ်နာစရာတွေ
 ဖြစ်ကုန်မယ်ဆိုပဲ၊ သတိပေးတားမြစ်သလိုလို ခြိမ်းခြောက်သလိုလိုနဲ့။
ကျုပ်တို့မှာ ဘာသိက္ခာရှိလို့ဘာတွေထပ်ပြီး နစ်နာစရာတွေရှိသေးလို့တုန်း မပြောလိုက်ချင်ဘူး။

ထားလိုက်ပါတော့ ကျုပ်တို့ဆန္ဒပြခဲ့ပုံလေး ဆက်ရအောင်။
1998 ကပေါ့ဗျာ၊ ကျုပ်တို့ရဲ့ ညီအစ်ကိုဖြစ်တဲ့ DKBA ကဗမာ့တပ်မတော်ကို ဦးဆောင်ပြီး ဒုက္ခသည်စခန်းကိုမီးရှို့ ပြီးခါစ နေကလည်းပူ ရေကလည်းရှား အရိပ်ပင်ဆိုလို့ လမ်းဘေးနားက စိုက်ထားတဲ့မှို့ပင်လေး တချို့ပဲရှိတဲ့ ရပ် ကွက်(၇) (ဒီကေဘီအေကုန်း)မှာပေါ့။

ကားဝင်လာတာကိုကြည့်ထား နိုင်ငံခြားသားပါလာတဲ့ကားဖြစ်လျင် ဆန္ဒပြမယ်၊ ကိုယ်ပြောချင်တာတွေကို ကတ္ထူပြားပေါ်မှာ အင်္ဂလိပ်လိုရေး၊ နီးစပ်ရာတွေမှာ ကပ်သင့်တာကပ်လို့ရအောင် ချိတ်သင့်တာချိတ်ထားလို့ ရအောင် ကြိုတင်ပြင်ဆင်ထား၊ စောင့်ကြည့်။ အပြန်မှာ လှုပ်ရှားမယ်။
တနေ့သောနေ့မှာတော့ ဒုက္ခသည်စခန်းထဲကို ဖုံလုံးကြီးတလိမ့်လိမ့်နဲ့ ကားတစ်စီးဝင်လာပါတော့ တယ်၊ဖြစ်ချင်
တော့ အဲဒီလူတွေက ကင်မရာအကြီးစားတွေကို ထမ်းပြီးရုပ်ရှင်ရိုက်နေကြတဲ့ နိုင်ငံခြားသားတွေဖြစ်နေပါတယ်။

ကဲ ကလေးတွေစုထားတာဘယ်မှာလဲ၊ အသင့်ပြင်ထား ဘယ်မှာလဲ ပြာမှုန့်တွေ စာရေးထားတဲ့ကတ္ထူပြားတွေ အသင့်လုပ်ထားဟေ့ စသည်ဖြင့် အသင့်ပြင်ထားလိုက်ပါတယ်။

မြေနီလမ်းပေါ်မှာ ပြာတွေကို ကားလမ်းကိုဖြတ်လျက်သား ခပ်ထူထူလေးဖြူးချလိုက်ပါတယ်၊ မဲနက်နေတဲ့ပြာတွေစုစုပေါင်း နှစ်ဆယ်နီးပါးလောက် ကားလမ်းပေါ်မှာဖြတ်လျက်သားရှိနေသလို လမ်းရဲ့တဘက် တချက်မှာ ကျုပ်တို့မှာလိုအပ်တဲ့ အချက်တွေရေးထားတဲ့ ကတ္ထူပြားတွေကို မှို့ပင်တွေပေါ်မှာ ချိတ်ထားလိုက်ပါ တယ်၊
စခန်းတွင်းကနေ ကားပြန်ထွက်လာပါပြီ ခက်တာက ကလေးတွေတယောက်မျှမတွေ့တော့ပါဘူး၊
မိဘတွေက အစိုးရိမ်ပိုပြီး အိမ်ပြင်မထွက်ခိုင်းလို့ဖြစ်ပါတယ်။

ပြာမှုန့်ဖြူးထားတဲ့လမ်းပေါ်မှာ ကားကိုရပ်ထားပြီး လမ်းဘေးက စာကြောင်းတွေကို ရုပ်ရှင်မှတ်တမ်းရိုက်နေပါ တယ်၊ သူတို့ကိုယ်သူတို့ မိတ်ဆက်ပါတယ်၊ ပြီးတော့မှ ကျုပ်တို့ကို ဆင်းပြီးရိုက်ပါတော့တယ်။ (ကင်မရာ)
သူတို့နှစ်ဦးစလုံး ရုပ်ရှင်ဒါရိုက်တာ၊ စာရေးဆရာတွေဖြစ်ကြတဲ့အပြင် ထုတ်လုပ်သူတွေဖြစ်ကြောင်းပြောပြပြီး သူတို့အနေနဲ့ အမေရိကန်အစိုးရကို ဘာပြန်ပြောပေးရမလဲဆိုပြီးမေးပါတော့တယ်။

ရှက်တော့ရှက်တယ်ဗျ၊ ရှက်လည်းမရှက်ပါဘူး အဲဒီတုန်းက ကျုပ်အင်္ဂလိပ်လိုမပြောတတ်သေးဘူး၊ ကံကောင်း ချင်တော့ တက္ကသိုလ် တခုက ထိုင်းကျောင်းသူတယောက်ပါလာတော့ ထိုင်းလိုပြောတော့တာပါပဲ။
အဲဒါကျုပ်တို့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းမှာဆန္ဒပြခဲ့ပုံလေးပါ၊

မနီလွိုင်မြန်မာကျောင်းသားများစခန်း ရောက်လာတော့ ဆန္ဒပြရတာရင်ခုံစရာမကောင်းတော့ဘူး၊ ဘာကြောင့်လည်းဆိုတော့ နေမ၀င်တဲ့နေ့သာရှိချင်ရှိမယ် ဆန္ဒပြပွဲကတော့ နေ့တိုင်းလိုလိုပါပဲ။ (နည်းနည်းလျှော့လိုက်မယ် လတိုင်းလိုလိုပါပဲ) ဒီလိုနဲ့ နေ့ရောညပါဆန္ဒပြတဲ့အချိန်လေးတချိန်ရှိခဲ့ဘူးတယ်၊
ဘာအကြောင်းလဲဆိုတာ စဉ်းစားလို့မရတော့ဘူး၊

အဲဒီတော့ဗျာ ဆန္ဒပြတဲ့ နေရာနဲ့မနီးမဝေးလောက်မှာ ရေနွေးအိုးတည်ပြီး ရေနွေးလေးဘာလေးသောက်ရင်း ထိုင်ဆန္ဒပြကြတာဗျို့။ အဲဒါကို ထိုင်းရုပ်မြင်သံကြားတခုက ဗမာကျောင်းသားတွေက ထိုင်းတာဝန်ရှိသူတွေကို အကြမ်းဖက်တိုက်ခိုက်ဘို့ သစ်ကိုင်းနဲ့ခဲတွေစုပုံထားပါတယ်ဆိုပြီး ရုပ်သံလွှင့်လိုက်တော့ ကျုပ်တို့လည်းခေါင်း စားကုန်တာပေါ့။

အဲဒါရေနွေးအိုးတည်ထားတဲ့ ဖိုခနောက်တွေကို ခပ်ဝေးဝေးလွှင့်ပစ်၊ ထင်းတုံးတွေကိုလည်း ခပ်ဝေးဝေးထား၊ ပြီး တာနဲ့(Song Boxes) ကိုဘေးတဘက်တချက်ချပြီး မဟုတ်မမှန်ပါကြောင်း ထိုင်းလိုပြန်ချေပ၊ ရှင်းပြရတာတွေရှိ
ခဲ့ ကြုံခဲ့ရဘူးပါတယ်။  ကြိတ်လိုက် ဘသားပေါ့။

ဆိုလိုချင်တာကတော့ အုပ်ချုပ်သူတွေ အလုပ်ရှင်တွေဆိုတာ ကျုပ်တို့ကို သားသမီးလိုသဘောထားကြတာ မဟုတ်လေတော့ ကျုပ်တို့ဆန္ဒပြပွဲတွေလုပ်တော့မယ်ဆိုလျင် အစစအရာရာသတိထားလုပ်နိုင်ဘို့ အင်မ
တန်အရေးကြီးပါတယ်။

သတင်းထောက်တွေတိုင်းလည်း ကိုယ့်ဘက်ကနေ ပြောပေးမယ်လို့တထစ်ချ သတ်မှတ်ထားလို့ ယုံကြည်ထား လို့မရနိုင်ဘူးဆိုတာ သတိပြုဘို့လိုပါတယ်၊ ဒါကြောင့် ကိုယ့်ဘက်က ချို့ယွင်းချက်တွေမရှိရအောင် အထူးဂရု စိုက်ရပါတယ်၊ ရေနွေးကြိုသောက်တဲ့ မီးဖိုနဲ့ ထင်းပုံကို လူသတ်လက်နက်ဖြစ်အောင်ပုံကြီးချဲ့တတ်တာကိုက သတင်းထောက်တွေရဲ့ ပညာပါ။

နို့ဖိုး ဒုက္ခသည်စခန်းမှ ဆန္ဒပြပွဲတခု

ဒီတော့ကာ နောက်နောင်ဆန္ဒပြပွဲလေးဘာလေးလုပ်တော့မယ်ဆိုလျင် ဒီလိုဓါတ်ပုံမျိုးအရိုက်မခံရအောင် သတိလေးထားပေးကြစေလိုပါတယ်။(ဆန္ဒပြပွဲအား ဦးဆောင်ကျင်းပမည့်သူများအတွက် အပြာရောင် အကျီဝတ်ထားသူကို အသေအခြာကြည့်ရန်)
ကျုပ်အစိုးရိမ်လွန်သွားတာဖြစ်မှာပါ၊ ဘာမျှမဖြစ်လောက်ပါဘူး။
ဖြစ်လာလျင်တော့ ကြိတ်လိုက် ဘသားပေါ့နော။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)