နယူးယော့ မှ ကရင်စာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲ တခု။
Source Photo from http://ehkhaungthount.blogspot.com
ကျုပ်အမေရဲ့ အကြောင်း အမှတ် (၃)
(မင်းစိုးစံ)
May 28, 2012 Monday
ခင်ဗျားရဲ့မိခင်ဖြစ်သူဟာ နောက်သုံးရက်ပြည့်လျင် ခင်ဗျားနဲ့တကွ မိသားစုတွေအပါအ၀င် မိတ်ဆွေတွေအားလုံး ကို အပြီးအပိုင်စွန့်ခွါ သွားတော့မှာဖြစ်ပါတယ်။
ဆရာဝန်ပြောလိုက်တဲ့ စကားတွေက ကျုပ်နှလုံးသားကို ဖျစ်ညှစ်လိုက်သလို ခံစားလိုက်ရပါတယ်၊ နားရွက်တွေ ပူထူကုန်ပါတယ်၊ ကျုပ်ဇနီး ငိုနေပါပြီ။
ကျုပ်တူမလေးတွေရဲ့ ရှိုက်သံတွေထွက်လာပါတယ်၊ ကျုပ်အဖေရဲ့လက်ထဲ က စိပ်ပုတီး ပုံပျက်ပန်းပျက် ဖြစ်သွားပါတယ်။ အမေကတော့ ဘာမျှမသိရှာပါဘူး၊ အသက်ကိုအလုအယက် အငမ်းမရရှူနေရှာပါတယ်၊ အော် အမေ ကျုပ်ဘ၀ ကိုကျည်ဆံတွေကြား သွေးဆာနေတဲ့ လူသတ်ကောင်တွေရဲ့ကြား အဲဒီလိုအခက်အခဲကြားထဲက မှဲ့တစ်ပေါက်မ စွန်းရအောင် ဆင်းရဲကြတ်တည်းစွာနဲ့ လူလားမြောက်စေခဲ့တဲ့အမေ။
အခုတော့ ကျုပ်ကိုထားခဲ့တော့မယ်၊ ဒီနေ့ မေလ ၂၈ရက်၊ မနက်ဖြန် မေလ၂၉ရက်၊ သန်ဘက်ခါ မေလ ၃၀ရက်၊ ဖိန်းနွဲခါဆို ဇွန်လ ၁ရက်၊ နောက်တစ်ရက် ဇွန်လ ၂ရက်၊ နောက်တစ်ရက်ရဲ့နောက်တစ်ရက်ဆို ဇွန်လ ၃ရက် အဲ ဒီ ရက်တွေအထိအမေ နေခွင့်ရှိပါ့တော့မလား။ အမေကျုပ်နဲ့ အတူရှိနေစမ်းပါအမေရာ။
အမေမရှိတော့ဘူးဆိုလျင် ကျုပ်ဘ၀က ဗမာစကားပုံလို အမိမဲ့သား ရေနည်းငါးဆိုတာ။ အခုကတည်းက အမေ့ ရဲ့သား အဲဒီဘ၀ကိုရောက်နေရပါပြီ၊ အမေမသေခင်မှာ သားကိုသူဌေးကြီးဘ၀မျိုးနဲ့ မြင်ချင်တယ်ဆို၊ အမေ့သား သူဌေးမဖြစ်သေးဘူးလေ၊ အမေ မသေနဲ့ဦး၊ ကျုပ်သူဌေးဖြစ်တဲ့အထိ အမေ အသက်ရှင်ပေးပါလား အမေရယ်။
အမေ့သား သူဌေးဖြစ်မယ်ဆိုလျင် နယ်စပ်မှာနေကတည်းက သူဌေးဖြစ်ပြီဆိုတာအမေသိရဲ့သားနဲ့။
သန်းကြွယ်သူဌေးတွေ ရိုက်သတ်လို့ မကုန်တဲ့ အမေရိကန်လို နိုင်ငံမျိုးမှာ သားဘယ်လိုလုပ်ပြီး လူတကာတွေ
ပြောပြောနေတဲ့ လူတကာတွေ တိုင်းတာနေကြတဲ့သူဌေးကြီးဖြစ်မှာတဲ့လဲအမေရယ်၊ ကျုပ်ရဲ့ဘ၀တစ်လျှောက် ကျုပ်ဟာ သူဌေးကြီးတွေထက် ချမ်းသာခဲ့ပါတယ်အမေ၊ အမေရိကန်နိုင်ငံက သူဌေးကြီးတွေ၊ ဗြိတိန်နိုင်ငံက
သူ ကြွယ်ကြီးတွေ သူတို့ချမ်းသာတယ် ကြွယ်ဝတယ်ဆိုတာ ကျုပ်ရဲ့ခြေဖ၀ါးမှာ ကပ်နေတဲ့သဲပွင့်လေးတစ်ပွင့်ကို
မမှီပါဘူးအမေ၊ အမေက ကျုပ်အပေါ်ထားတဲ့မေတ္တာတွေက အဲဒီသူကြွယ်တွေရဲ့ အားလုံးပေါင်းစည်းစိမ်တွေ ထက် သာလွန်ပိုကဲပါတယ်။
ကျုပ်ကိုယ်ကို ကျုပ် ယုံကြည်လာအောင် ကျုပ်အားကျုပ်ကိုးတတ်လာအောင် ကျုပ် ကိုယ်ကိုကျုပ်အားကိုး ချင်စိတ်မွေးလာအောင် သင်ကြားပေးခဲ့တဲ့အမေ့ရဲ့ ကျေးဇူးကြောင့် အရာရာကို မှန်မမှန် သင့်မသင့်ဆိုတာ စဉ်းစားတွေးခေါ်ပိုင်းဖြတ်လာခဲ့ပါတယ်အမေ။
အခုတော့ အမေက ကျုပ်ကိုချန်ထားရစ်ခဲ့တော့မယ်ဆိုတော့ ကျုပ်ဘ၀က အမေရိကန်က အိမ်မဲ့ရာမဲ့နေနေကြ
ရ တဲ့(Homeless) တွေရဲ့ဘ၀ထက်ကို ပိုဆိုးနေပါပြီအမေ။
ဆရာဝန်က အမေ့အတွက် နာကျင်ကိုက်ခဲတာတွေ သက်သာစေတဲ့ ဆေးပေးပြီး ပြန်သွားပါပြီအမေ၊ အမေက အသက်ကို အစပိုင်းတုန်းကလောက် အလုအယက်ရှူနေတာမဟုတ်ပေမယ့်၊ ပုံမှန်အသက်ရှူမနေဘူးဆိုတာကို
တော့ ကျုပ်သိနေပါတယ်အမေ။
Source Photo from http://www.bbcburmese.com
ကျုပ်ဝမ်းနည်းတာတွေအများကြီးထဲက တခုကတော့ အမေ့ကိုလူအများသိနေကြ နားလည်နေကြတာက မြေး မလေး၃ယောက်နဲ့အဖွါး၊ ဘူးသီးကြော်သည်အဖွါး၊ မုန့်ဟင်းခါးသည်အဖွါး လို့ပဲလေ။
တကယ်တမ်းဆိုအမေ့ကို လူတွေ သိသင့်တာက ကရင့်စာပေယဉ်ကျေးမှုကို ထိန်းသိမ်းမြှင့်တင်ခဲ့တဲ့ ကရင်အ
မျိုးသမီးကြီး၊ ကရင့်တေးသီချင်းတွေကို မြန်မာ့အသံ တိုင်းရင်းသားအစီအစဉ်က ပိုးကရင်ကဏ္ဍအတွက် သီ
ဆိုပေးခဲ့တဲ့ အမျိုးသမီး၊ ကရင့်လေမှုတ်တူရိယာပစ္စည်း တွေကို အကြွမ်းတ၀င်မှုတ်နိုင်တဲ့ အမျိုးသမီး ပါလား
ဆိုတာကိုပေါ့။
အမေပြောပြခဲ့ဘူးတဲ့ ကရင်စာပေနဲ့ယဉ်ကျေးမှုသင်တန်းဆရာတစ်ယောက်ဖြစ်ဘို့ အရည်အချင်းစစ် စာမေးပွဲ
အကြောင်းသတိရမိတယ်။
ကရင်ဘာသာကနေ ဗမာဘာသာကို ဗမာဘာသာကနေ ကရင်ဘာသာလို အပြန်ပြန်အလှန်လှန်ရေးဖြေလုပ်ရတဲ့ စာမေးပွဲတခုမှာ မနက်ဖြန် နောင်ယားအူးအိမ်တွင် လိပ်ပြာခေါ်မည် ဆိုတာကို ကရင်လိုရေးခိုင်းတော့ သင်တန်း
သူတစ်ယောက်ရေးတာက ကေဟှဝ်ခေါဟ် နာန်ၟယးအူးဟှိင်းဏှ် မ်ုကိုဝ်ဆင့်ကိုဝ်ဖိင်ဆေ၀်ၟလှ်။
အဲဒီတော့ ဒုံးအကမှာ ဘယ်လောက်ပဲတော်တော် စာပေနဲ့ပတ်သက်လာလျင် အလွဲလွဲအချော်ချော်ဖြစ်လျင် အဲ ဒီသင်တန်းကို မအောင်မြင်နိုင်သလို စာပေပိုင်းဆိုင်ရာမှာ ဘယ်လောက်ပဲတော်နေပါစေ၊ ယဉ်ကျေးမှုအပိုင်းမှာ အမှတ်ပြည့်မရလျင်လည်း သင်တန်းမအောင်ပါဘူး။
အဲဒီလို အဘက်ဘက်က ပြည့်စုံတဲ့ သင်တန်းသူ သင်တန်းသားတွေမှ အခြားတိုင်းနဲ့ပြည်နယ်တွေကို သင်တန်း ဆရာအဖြစ်လွှတ်ကြတာ ဒီကနေ့အထိပါပဲ။ အခုတော့အမေမြတ်နိုးတဲ့ အမေချစ်တဲ့ စာပေနဲ့ယဉ်ကျေးမှုကိုသာ
မက သားကိုပါခွဲတော့မှာပါလား။
အမေရယ် ဘာပဲဖြစ်ဖြစ် အမေတာဝန်ကျေပါတယ်၊ သမိုင်းပေးတာဝန်ကော ဘ၀ပေးတာဝန်ပါ အမေကျေ
ခဲ့ပါပြီ၊သားအနေ နဲ့ အဲဒီလိုပဲဖြေသိမ့်လိုက်ပါတယ်။
ဒါပေမယ့် အမေအသက်ရှူနေတာကိုကြည့်ပြီး သားရင်မောတယ်အမေ၊ အမေ့ရဲ့ဝေဒနာတွေကို သားခံစား
ပါရစေ။
အမေရေ လာမယ့် June 7, 2012 Thursday ကျလျင် အမေ့မြေးမလေး အထက်တန်းအောင်တဲ့ ကျောင်း ဆင်းပွဲရှိတယ်နော်။
အမေသွားမယ်ဆို၊ အမေ့ကို လက်တွန်းလှည်းပေါ်တင်ပြီး သားတို့အတူသွားကြမယ်နော်၊ အမေကျန်းမာ လာမှာပါ။
နော် အမေနော်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)