• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, August 16, 2012

ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် အပိုင်း (၁)+(၂)

ရခိုင်ပြည်နယ်အဓိကရုဏ်း 

ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် 

အပိုင်း (၁) 

အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၁၆) ရက် ၂၀၁၂ ခုနှစ်

၂၀၁၂ ခုနှစ် သြဂုတ်လ (၁၅) ရက်နေ့တွင် ဦးသိန်းစိန်က ဗွီအိုအေမှဦးသန်းလွင်ထွန်း၏ မေးခွန်းများအား ဖြေကြား သွားခဲ့သည်။
စစ်အစိုးရ၏ သမတပင်ဖြစ်စေဦး၊ လွတ်လပ်သောသတင်းဌာနများကို တန်ဘိုးထားကြောင်းပြသပြီး မေးခွန်းများကို တလေးတစားဖြေကြားသွားခဲ့သည့်အပေါ် အသိအမှတ်ပြုရမည် ဖြစ်သည်။

ထို့အပြင် ဦးသိန်းစိန် ကိုယ်တိုင်၏နုတ်ဖျားမှ နေ၍
"လူသားအမြင် မျိုးရှိလာအောင် လူ့အခွင့်အရေးကို ရှေ့တန်းကနေတင်ပြီး စဉ်းစားတတ်လာအောင် အချိန်ယူပြီး လုပ်သွားရမယ်” ဟု ထုတ်ဖေါ်ပြောဆိုလာသည်ကို ကြိုဆိုရမည်လည်း ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၁၉၆၂ ခုနှစ်မှစ၍ စစ်အာဏာရှင်စနစ် က နှစ်ပေါင်းငါးဆယ် ကျော်လွှမ်းမိုးခဲ့သည့် ကာလ အတွင်း humanity ဟု ခေါ်သည့် လူသားချင်းစာနာမှု အယူအဆ၊ human rights ဟု ခေါ်သည့် လူ့အခွင့်အရေး အတွေးအခေါ် စသည့်စကားလုံးများ အား တန်ဘိုးထားကြောင်းပြသသည့် အနေဖြင့် အာဏာရှင်များကိုယ်တိုင်၏ နုတ်ဖျားမှ ရွတ်ဆိုသံများ မကြားခဲ့ရသောကြောင့် ဖြစ်သည်။

ဖြစ်ပွားခဲ့သော အဓိကရုဏ်းနှင့် စပ်းလျှဉ်း၍ ဦးသိန်းစိန်က
"တိုင်းပြည်ရဲ့ ထူးခြားတဲ့ အနေအထားအရ ကြည့်ရမယ်။ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးတာ လက်မခံ
နိုင်ဘူး။ ဒါဟာ အမျိုးသားရေး ပြသနာဖြစ်တယ်။ အမျိုးသား လုံခြုံရေး ရှုဒေါင့်ကနေ ကြည့်ရမယ်။
စသည်တို့ကို တလုံးမှ သုံးပြီး ခုခံချေပနိုင်ခဲ့ခြင်း မရှိပါ။
ယခု ဦးသိန်းစိန် ကိုယ်တိုင်၏ အတိအလင်းထုတ်ဖေါ်ချက်အရ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်း
နှင့် စပ်လျှဉ်း၍ လူသားချင်းစာနာမှု အယူအဆ နှင့် လူ့အခွင့်အရေး အတွေးအခေါ်တို့အား ရှေ့တန်းကနေတင်ပြီး စဉ်းစားရမည် ဆိုသည့်အချက်မှာ အငြင်းမပွားတော့ဟု ဆိုနိုင်သည်။

အင်တာဗျူး အသေးစိပ်ကို ကို ဤလင့်ခ်တွင် နားဆင်ပါ။
http://www.youtube.com/watch?v=2L2-QRCs5s0

ယခုကဲ့သို့ စစ်အစိုးရ၏ ထိပ်သီးကြီး ကိုယ်တိုင်က ၀န်ခံပြောဆိုလာပြီ ဖြစ်သဖြင့် စစ်အစိုးရ၏ လွှတ်တော်အတွင်း
မှ နေ၍ စစ်အစိုးရလေသံအတိုင်း ပြောဆိုနေကြသော အချို့လွှတ်တော်ကိုယ်စားလှယ်များ၊ အုပ်ချုပ်ရေးအာဏာ ပိုင် ပုဂ္ဂိုလ်များ သည်
 "လူ့အခွင့်အရေး ချည်းဘဲ ပြောနေလို့ မရဘူး။ ကိုယ့်နိုင်ငံရဲ့ထူးခြား တဲ့အခြေအနေကိုလည်း ကြည့်ရမယ်” ဟူသော မရေရာသည့် ဆင်ခြေမျိုး မပေးသင့်တော့။
 လူ့အခွင့်အရေးချိုးဖေါက်မှုများအား အားပေးသည့် သဘောဆောင်သည့် ပြောဆိုမှု၊ ပြုမူမှုများ အား အမြန်ဆုံးရပ်
တန်းက ရပ်သင့်ပြီဖြစ်သည်။ စာရေးသူသည် ၂၀၁၂ ခုနှစ် ဇူလိုင်လ(၂၄)ရက်နေ့တွင်ရိုဟင်ဂျာပြသနာ၊လူ့အခွင့်အ
ရေးနှင့်အမျိုးသားဂုဏ်သိက္ခာဟူသောခေါင်းစဉ်ဖြင့် ဆောင်းပါးတစောင်ရေးသားတင်ပြခဲ့ပြီးအဓိကရုဏ်းအား ငြိမ်း
ချမ်းစွာဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက်အထောက်အကူပြုသည့်အနေဖြင့် နိဂုံးချုပ်တင်ပြချက် စုစုပေါင်း ရှစ်ချက်
ကို တင်သွင်းခဲ့သည်။
ပထမဆုံး အချက်မှာ လူသားချင်း စာနာထောက်ထားမှု၊ လူ့အခွင့်အရေး တို့နှင့် စပ်လျှဉ်း၍ ဖြစ်သည်။
ယင်းကို အောက်တွင်ရှုစေလိုပါသည်။

(က) ယခုအချိန်၌ ရိုဟင်ဂျာများသည် လူသားချင်းစာနာထောက်ထားသည့် (တနည်းအားဖြင့်) လူအဖြစ်အသက် ရှင် ခွင့် ရနိုင်သည့် အခြေခံစားနပ်ရိက္ခာများပင် မရရှိဟူသော သတင်းများ ထွက်ပေါ်နေပါသည်။
ဤသည်မှာ လုံးဝ မဖြစ်သင့်ပါ။
လူ့အခွင့်အရေးရှုဒေါင့်မှ ကြည့်လျှင် မဖြစ်သင့်သလို မေတ္တာတရားကြီးမားသည်ဟု ဂုဏ်ယူကြလေ့ရှိသော ဗုဒ္ဓဘာ သာဝင်များအနေဖြင့် အမြန်ဆုံးကူညီစောင့်ရှောက်နိုင်၇န် စဉ်းစားဆောင်ရွက်သင့်ပါသည်။

ဤတင်ပြချက်ကိုထောက်ကာ စာရေးသူအား ရိုဟင်ဂျာများဘက်ကလိုက်ပြီး ရေးသည်ဟု ထိုစဉ်က ဝေဘန်သူတ
ချို့ရှိခဲ့သည်။ ဖြေရှင်းခွင့် မကြုံခဲ့ပါ။ ရင်းနှီးသောမိတ်ဆွေတချို့တလေ ကလည်း စာရေးသူအား ခင်ဗျား ဒီကိစ္စကြီး
သွားပြီး မရေးနဲ့ဗျ၊ သိတ်ရှုတ်တယ် ဟု သဘောရိုးဖြင့် သတိပေးကြပါသည်။
ဝဘန်သူတချို့ကို မည်သို့မျှ အာဃာတ မရှိသလို၊ စေတနာရိုးဖြင့် သတိပေးသောမိတ်ဆွေများကိုလည်း ကျေးဇူး
တင်ရပါမည်။
သို့ရာတွင် ကမ္ဘာလောကကြီးတွင် တရားမျှတမှုဖုံးလွှမ်းစေလိုပါက အမှန်တရားကို ထုတ်ဖေါ်ရမည်ဟု ယုံကြည်
သောကြောင့် ယခု နောက်ထပ်ဆောင်းပါး တစောင် ထပ်ရေးခြင်းဖြစ်သည်။

ရိုဟင်ဂျာလည်း လူဖြစ်ပါသည်။ ကုလားဟု အလွယ်တကူခေါ်နေကြသူများလည်း လူဖြစ်ပါသည်။ တရုတ်လည်း လူဖြစ် ပါသည်။ ဤပုဂ္ဂိုလ်များအားလုံးကို လူ ဟူ၍ အရှိအတိုင်းမြင်စေလိုသောစေတနာဖြင့် စာရေးသူက အထက်
တွင်ဖေါ်ပြခဲ့သည့် ဆောင်းပါးကို ရေးသားခဲ့ခြင်းဖြစ်သည်။
ထိုမျှသာမက ထိုပုဂ္ဂိုလ်များအပေါ် လူ့ဂုဏ်သိက္ခာနှင့် အညီ သဘောထားစေခြင်၊ ဆက်ဆံစေခြင်၍လည်း ဖြစ်
သည်။ လူ့အခွင့်အရေးကိုလက်ခံလျှင် ဤသည်ကို ငြင်းဆန်ရန်မသင့်ပါ။ လူ့အခွင့်အရေးကို အမျိုးသားရေးနှင့် ဆက်စပ်၍လည်း တန်ဘိုးထားသင့်ပါသည်။

ယနေ့ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်သော Globalization ခေတ်ကို ရောက်နေပါပြီ။ ဤသည်ကို မည်သူမျှ အငြင်း မပွားပါ။ စစ်အာဏာရှင်နေ၀င်း ကြီးစိုးခဲ့သည့် အချိန်ကလို ကိုယ့် နိုင်ငံကို ကိုယ် တံခါးပိတ်ထားပြီး ၀ါးလုံးခေါင်းထဲ မှာ လသာလို့ရသော ခေတ်မဟုတ်တော့ပါ။

ကမ္ဘာတခွင် ဆက်သွယ်ဆောင်ရွက်သော ခေတ်ကြီးတွင် အားကောင်းချက် များရှိသလို အားနည်းချက်များလည်း ရှိပါသည်။ လူ့အခွင့်အရေး အတွေးအခေါ် အယူအဆ ကမ္ဘာတ၀ှမ်းသို့ အရှိန် အဟုန်နှင့် ပျံ့နှံ့သွားသည်ကိုမူ အားကောင်းချက် အဖြစ် တကမ္ဘာလုံးက အငြင်းမပွားဘဲ လက်ခံကြပါသည်။
လူ့အခွင့်အရေးကို လက်ခံကျင့်သုံးသော လူမျိုးသည် ကမ္ဘာတွင် ဂုဏ်တင့်ပါသည်။ လူ့အခွင့်အရေးကို လေးစားလိုက် နာကျင့်သုံးသော ရခိုင်လူမျိုးအဖြစ် ကမ္ဘာကအသိအမှတ်ပြုစေခြင်ပါသည်။ သမိုင်းတွင် ယဉ်ကျေးမှု အား ကောင်း ကောင်း ကျင့်သုံးခဲ့သော ရခိုင်လူမျိုး၊ မေတ္တာတရား ကြီးမားသော ဗုဒ္ဓဘာ
သာဝင်များဖြစ်သည့် ရခိုင်လူမျိုးအဖြစ် ကမ္ဘာက ရှုမြင်စေခြင်ပါသည်။ လူ့အခွင့်အရေးကို လေးစားလိုက်နာကြောင်းပြခြင်းသည် လူမျိုးတမျိုး၏ အမျိုးသားဂုဏ်သိက္ခာကိုပါ မြင့် တက်
သွားစေသည်။

ဤသို့ဖြင့် ရခိုင်လူမျိုး၏ လူမျိုးဂုဏ်သိက္ခာကိုသာမက မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားအားလုံး၏ အမျိုးသား ဂုဏ်သိက္ခာကိုပါ မြှင့်တင်စေခြင်သည်။
စာရေးသူက အမျိုးသားရေးကို ဤသို့ရှုမြင်ပါသည်။
ရခိုင်ပြည်နယ်၏ လှပသော ရေမြေတောတောင်များ၊ မြစ်ချောင်းများ၊ ပင်လယ်ကမ်းခြေများ၊ သဘာဝ ကျွန်းငယ်
ကျွန်းစု များအား လူသတ်ကွင်းများ အဖြစ်ပြောင်းမသွားစေလိုပါ။ ငြိမ်းချမ်း သည့်ဒေသများ၊ လုံခြုံရေးအတွက် ပူ
ပင်ရန် မလိုအပ်သောနေရာများ၊ ဥပဒေစိုးမိုးရေးရှိသည့် ၀န်းကျင်များအဖြစ် ကမ္ဘာကရှုမြင်စေလိုသည်။
သို့မှသာ နိုင်ငံခြားခရီးသည်များ လာရောက်ကြပါမည်။

ရင်းနှီးမြှုပ်နှံလိုသူများ ၀င်လာကြပါမည်။ စက်ရုံအလုပ်ရုံများ အားကောင်းကောင်း ပေါ်လာပါမည်။ ကုန်ရောင်း ကုန်ဝယ်များ ဖြစ်ထွန်းပါမည်။ စာရေးသူက ရခိုင်အမျိုးသားများ၏ အမျိုးသား အကျိုးစီးပွား ကို ဤသို့ မြှော်မှန်းပါသည်။
(အပိုင်း ၂ ကို ဆက်လက် ဖတ်ရှုပါရန်)

အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၁၆) ရက် ၂၀၁၂ ခုနှစ်

ဦးသိန်းစိန်၏ အင်တာဗျူးအပေါ်သုံးသပ်ချက် 

အပိုင်း (၂) 

အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၁၆) ရက် ၂၀၁၂ ခုနှစ်


အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ စစ်အစိုးရ၏ မူဝါဒသည် အဘယ်နည်း။

သမတ ဦးသိန်းစိန်သည် ယခုအချိန်တွင် လူသားချင်း စာနာမှု နှင့် လူ့အခွင့်အရေး ဟူသော စကားလုံးများကိုသာ အကြိမ်များစွာ ထပ်ခါတလဲလဲ သုံး၍ ပြောလာ နေပြီဖြစ်သည်။ ဤသည်မှာ အဘယ်ကြောင့်နည်း။
မူလ ကထဲက ဦးသိန်းစိန်ခေါင်းဆောင်သည့် စစ်အစိုးရ မှာ ဤ သဘောထား သို့ မဟုတ် မူဝါဒ ရှိသလား။ လုံးဝမရှိခဲ့ဟု ပြောရပါ မည်။
အဓိကရုဏ်းစဖြစ်သည့် အချိန်မှစ၍ သြဂုတ်လ (၁၅)ရက်နေ့ အင်တာဗျူး ပေါ်ထွက်လာသည့်အချိန်အထိ နှစ်လ
ကျော်မျှ ကာလအတွင်း အပြန်အလှန်သတ်ဖြတ်မှုကြီးများ ဖြစ်ပွားနေခဲ့သော်လည်း လူသားချင်းစာနာမှု နှင့် လူ့အ
ခွင့်အရေး အခြေခံတို့မှ ချည်းကပ်သင့်ကြောင်း ဦးသိန်းစိန်က ရခိုင်ပြည်သူများအား ယခု ကဲ့သို့လေးလေးနက်နက် တိတိ ကျကျ ဖြောင့်ဖျခဲ့ခြင်း မရှိပါ။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ပြောင်းလဲ ပြောဆိုလာပါသနည်း။

အဓိကရုဏ်းတွင် စစ်အစိုးရ၏ပါဝင်ပတ်သက်မှုကို လူ့အခွင့်အရေးအဖွဲ့အစည်းကြီးများက ရက်စွဲနှင့်တကွ တိတိ
ကျကျထောက်ပြလာပြီး နောက်ပိုင်း နိုင်ငံတကာ၏ ထိထိေ၇ာက်ေ၇ာက် အရေးယူမှုကို အမှန်တကယ် ခံလာရနိုင်
ဘွယ်ရှိကြောင်း ယခုအချိန်တွင် ရိပ်စားမိလာသောကြောင့်သာ ပြောင်းလဲပြောဆိုလာခြင်းဖြစ်သည်။

ဖြစ်ပွားခဲ့သော အဓိကရုဏ်းသည် လူမျိုးရေး ဘာသာရေး ပဋိပက္ခ မဟုတ်ဟု ဦးသိန်းစိန်က ငြင်းသွားခဲ့သည် နှင့် ဆက်စပ်ကာ ဦးသန်းလွင်ထွန်းက အောက်ပါတိုင်း မေးမြန်းခဲ့သည်။
"လူမျိုးရေး ဘာသာရေး ပဋိပက္ခ မဟုတ်ဘူး ဆိုပေမယ့် တဘက်နဲ့တဘက် ရေရှည် မုန်းတီးမှုတွေ ရှိတာတော့ ငြင်း
လို့မရတဲ့ကိစ္စပါ။
ဒေသထဲမှာ အတူနေထိုင်လာကြတဲ့ အခါကျတော့ မုန်းတည်းမှုတွေ သည်ထက်ပိုပြီး ပျံ့ပွားမလာအောင် နှစ်ဘက် အတူယှဉ်တွဲနေထိုင် နိုင်အောင် ဘယ်လို စီမံချက်တွေ ဖြေရှင်းမှုတွေ ရေရှည် လုပ်ဆောင်သွားဘို့ရှိပါသလဲ။

ဤမေးခွန်းအား မေးဖြစ်ဖြေဖြစ်သည့်အခြေအနေ မည်သို့ရောက်သွားကြောင်းတော့ မေးသူဖြေသူ နှစ်ဦးသာ သိပါ မည်။ ရိုဟင်ဂျာများအား ဒုက္ခသည်စခန်းအတွင်းနေစေပြီး တတိယနိုင်ငံသို့ပို့ပေးမည်ဆိုပါက ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးအား အစိုးရကကူညီသွားမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ကမ္ဘာသိကြေငြာထားခဲ့ပြီး ဖြစ်
သည်။ ယခုဤသည်ကို အကောင်အထည် မဖေါ်တော့ဘူးလား။ စစ်အစိုးရသဘောထားပြောင်းသွားပြီလား။
 ပြောင်း သွားလျှင်လည်း ပြောင်းသွားပြီ ဖြစ်ကြောင်း ကမ္ဘာသိကြေငြာရန်လိုပါသည်။
 ရခိုင်လူထုထံမှ နိုင်ငံရေးအရထောက်ခံမှုရစေရန် ဦးသိန်းစိန်က အထက်ပါကဲ့သို့လုပ်ဆောင်ခဲ့ခြင်း၊ လုပ်ဆောင်ပြီး
နောက် ကြေငြာခဲ့ခြင်းလည်း ဖြစ်သည်။

အစိုးရ၏ပါဝင်ပတ်သက်မှုရှိကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း များကအစောပိုင်းကထဲက ထောက်
ပြချက်များနှင့် ဦးသိန်းစိန်၏ ဤကြေငြာချက်ကို ဆက်စပ်ကြည့်လျှင် စစ်အစိုးရသည် ရိုဟင်ဂျာများ (ဦးသိန်းစိန်၏ စကားလုံးအရ ဘင်္ဂါလီများအား) လူ့အဖွဲ့အစည်းမှ ပြတ်ပြတ်သားသား မောင်းနှင် ထုတ်ရေးမူဝါဒ Exclusion Policy ကို အဓိကရုဏ်း၏ အစကထဲကပင် ကျင့်သုံးဖေါ်ဆောင်ခဲ့ကြောင်းသုံးသပ်နိုင်သည်။
 ယင်းအတွက် မကောင်းသည့် အကျိုးသက်ရောက်မှုများအနေဖြင့် လူမျိုးရေးအရ နှိမ့်ချတိုက်ခိုက်မှုများ၊ အပြန်အ
လှန်သတ်ဖြတ်မှုကြီးများ တောက်လျှောက်ဖြစ်ပေါ်ခဲ့သည်။
ယင်းအတွက် ဦးသိန်းစိန်ဦးဆောင်သည့် စစ်အစိုးရတွင် လုံးဝပင်တာဝန်ရှိသည်။

ယခုမူ ဦးသိန်းစိန်၏ရုပ်သွင်ကို အင်တာဗျူးတွင်တွေ့မြင်လိုက်ရသောအခါ ၄င်း၏စစ်အစိုးရအနေဖြင့် အုပ်စုကြီးနှစ်
ခု၏ အလယ်တွင်နေပြီး ငြိမ်သက်ငြိမ်းချမ်းမှုရှိအောင်ပင် တိုင်းပြည်ကိုထိမ်းသိမ်းနေသည့်သဘော မှင်သေသေ ရှင်း လင်းဆွေးနွေးသွားခဲ့သည်။
ယင်းသို့ဖြစ်ခြင်းမှန်ကန်လျှင် အမှန်တရားဖေါ်ထုတ်နိုင်ရေးအတွက် နိုင်ငံတကာက လာ ရောက်စစ်ဆေးမည် ဆို
သည်ကို ဦးသိန်းစိန် အဘယ်ကြောင့် လက်မခံနိုင်ပါသနည်း။
ဦးသိန်းစိန် ရည်ညွှန်းသည့် လူ့အခွင့်အရေးကော်မီရှင် လွတ်လပ်မှုရှိသည်ဆိုသည်မှာ လုံးဝပင်လွဲမှားနေသည်။

လူ့ အခွင့်အရေးကော်မီရှင်ဟူသည် မှာ သမတရုံးအဖွဲ့ ၏ အစိပ်အပိုင်း တခုကဲ့သို့ ဖြစ်နေသည်။ သူကြီးလုပ်သူကိုယ်တိုင်ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရ သည့် အမှုတွင် လူ့အခွင့်အရေးကော်မရှင်မှာ သူကြီးတူ အဆင့်လောက်သာ ရှိကြောင်းတင်ပြခဲ့ပါပြီ။
လူ့အခွင့်အရေး ကော်မရှင်တွင် မည်သည့်အခွင့်အာဏာမျှ မရှိသလို သမတ ကိုယ်တိုင်ကျူး လွန်သည့် ပြစ်မှုမှန်
သမျှကိုလည်း မည်သည့်အခါမျှ ဖေါ်ထုတ်မည်မဟုတ်ပါ။

ပို၍ဆိုးသည်မှာ ဦးသိန်းစိန်၏ ကြေငြာချက်ထွက်လာခဲ့ပြီးနောက်တွင် ရခိုင်ပြည်နယ် လူ့အဖွဲ့အစည်း အတွင်း၌လုံးဝ
ပင် နှစ်ခြမ်းကွဲသွားခဲ့သည်။ ရိုဟင်ဂျာ ဆိုသူ (သို့မဟုတ်) ဘင်္ဂါလီ မွတ်ဆလင်ဆိုသူများကို ရခိုင်ပြည်နယ်မှ အပြီး အပိုင်မောင်းထုတ်လိုက်ခြင်းသည် ပြသနာ၏အဖြေဖြစ်သည်ဟူ၍ ရခိုင်လူထုအများစုကြီး၏ စိတ်တွင်စွဲထင်သွားစေ
သည်။ ယင်းသို့မောင်းထုတ်ခြင်းမှာ တရားသောလုပ်ဆောင်ချက် ဖြစ်သည်ဟု ထင်မြင်လာစေခဲ့သည်။
ယင်း အတွက်တာဝန်ရှိသူမှာ ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရ တဖွဲ့လုံးဖြစ်သည်။
ပထမ ရှင်းပြသင့်သည်။ ဗွီအိုအေနှင့် တွေ့ဆုံမေးမြန်းခန်း၌ ဦးသိန်းစိန်သည် ဤသည်နှင့် စပ်လျှဉ်း၍ မည်သို့မျှရှင်း
လင်း ဖြေကြားခဲ့ခြင်းမရှိပါ။
သာဓကအားဖြင့် လူတဦးက အခြားတဦးအား "ထမင်းစားပြီးပြီ လား” ဟု ပထမ မေးပြီးမှ ”ဘာဟင်းနဲ့ စားခဲ့လဲ" ဟုမေးလေ့ရှိပါသည်။

ပထမမေးခွန်းကို မမေးဘဲ ဒုတိယမေးခွန်းကိုတန်းပြီး မေးပါက မေးမြန်းခံရသူသည် ထမင်း စားပြီးဖြစ်ကြောင်း
မေးမြန်း သူက ကြိုတင်သိထားနှင့်သည့် သဘောသက်ရောက်သည်။
ပထမမေးခွန်းကိုကျော်ပြီး ဒုတိယ မေးခွန်းကို မေးခြင်းအားဖြင့် ဦးသိန်းစိန်၏ အစိုးရတွင် နှစ်ဘက် အတူယှဉ်တွဲနေ
ထိုင်ရေး မူဝါဒရှိနေပြီဟု မေးသူ ဦးသန်းလွင်ထွန်းက ကြိုတင်သိနေ၍ ဖြစ်ကောင်းဖြစ်ပါမည်။ ထူးခြားသည်မှာ ဖြေကြားသည့် ဦးသိန်းစိန် ကိုယ်တိုင်ကလည်း မိမိတို့နိုင်ငံတွင်းသို့ တရားမ၀င်ခိုးဝင်နေသည့် ဘင်္ဂါလီများအား မူရင်းနိုင်ငံသို့ပြန်ပို့မည် ဟူ၍ လည်းကောင်း၊ လက်ခံမည့် တတိယ နိုင်ငံများသို့  သွားနိုင်ရေးအ
တွက် ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာ မင်းကြီးရုံးအား ကူညီသွားမည်ဖြစ်ကြောင်း တခွန်းမျှ မဟတော့
ခြင်းဖြစ်သည်။

အဆိုပါ မေးခွန်းအား သမတ ဦးသိန်းစိန်က
"ရေရှည် ဖြေရှင်းသွားရမှာပါ။
ရခိုင်တိုင်းရင်းသားပါတီအကြီးအကဲတွေနဲ့တွေ့ပါတယ်။ 
ကမ္ဘာကြီးက ကျဉ်းမြောင်းသွားပြီ။ 
ရွာကြီးတရွာလို ဖြစ်နေတယ်။ 
ကျွန်တော်တို့က သူ့လူမျိုး ကိုယ့်လူမျိုး သူ့ဘာသာ ကိုယ့်ဘာသာ ခွဲခြားလို့ မရဘူး။ 
လူသားဆိုတဲ့ အမြင် နဲ့မြင်ပါ။ 
လူသား ဆိုတဲ့ အမြင် နဲ့မြင်ရမယ်။ 
ကမ္ဘာမှာလည်း လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီး ပြောလာကြတယ်။ 
လူသားဆိုတဲ့ အမြင်နဲ့မြင်ပါ။ 
လူ့အခွင့်အရေးကို မထိခိုက်အောင် လုပ်ဘို့လိုပါတယ်။” 
ဟု ဖြေသွားခဲ့သည်။
စာရေးသူတို့ ကလေးဘ၀က တခုခုကို နှစ်ခြိုက်သဘောကျမိလျှင် နောက်ပြောင် ပြောကြသည့် စကားလုံး တခုရှိ
သည်။
"ဒီ ထက် ကောင်းတာတောင် ဒီလောက် မကောင်းဘူးကွ" ဟူ၍ ဖြစ်သည်။
ရခိုင်တိုင်းရင်းသားပါတီ ခေါင်းဆောင်များအား ဦးသိန်းစိန်ထက် ကောင်းအောင် မည်သူမျှရှင်းပြနိုင်မည် မဟုတ်ပါ။ ဦးသိန်းစိန်ထက် ကောင်းအောင် ရှင်းပြဦး တော့ ဦးသိန်းစိန်လောက် မကောင်းမှာ သေချာပါသည်။ မှန်ပါသလား။ စဉ်းစားကြည့်ကြရအောင်ပါ။

(အပိုင်း ၃ ကို ဆက်လက် ဖတ်ရှုပါရန်)

အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၁၆) ရက် ၂၀၁၂ ခုနှစ်