မြစ်ကို အလျားလိုက်ကူးခိုင်းထားခံရသော
စုံစမ်းစစ်ဆေးရေး ကော်မရှင်
By အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၂၃) ရက် ၂၀၁၂ ခုနှစ်
ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ အမှန်တရားဖေါ်ထုတ်ပေးရန် ပြည်တွင်းလူထုနှင့် နိုင်ငံ တကာ၏ ဖိအားများ ကျရောက်လာပြီးနောက် သမတ ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် အမှန်တရားကို ဖုံးဖိ ထားရန်အတွက် အဖွဲ့အစည်း တခုပြီးတခုကိုအသုံးချခဲ့သည်။
ပထမ တခုအား ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်စေခဲ့သည်။ ဖွဲ့စည်း စေလွှတ် စုံစမ်းစစ်ဆေးခဲ့သော်လည်း မည်
သည့်အစီရင်ခံစာ တစွန်းတစမျှပြည်သူလူထုအတွက်ထွက်ပေါ်ခဲ့ခြင်း မရှိပါ။
ဒုတိယတခုမှာ လူ့အခွင့်အရေးကော်မရှင်ဖြစ်သည်။ ယင်းမှာလည်း ပြည်ထဲရေး ဒုဝန်ကြီးဦးဆောင်သည့် အဖွဲ့ နှင့် ခြားနားမှုများစွာ မရှိလှပါ။
အမှန်တရားနှင့်စပ်လျှဉ်း၍အားကိုးလောက်သော အချက်များပေါ်ထွက်မလာသည့်အပြင် လူ့အခွင့်အရေးရှုဒေါင့်မှ
ပင် တိကျသည့်သုံးသပ်ချက်များ မထုတ်နိုင်ခဲ့ပါ။
ဟော ယခု တတိယအဖွဲ့တခုလာပြန်ချေပြီ။
ရွာတရွာတွင် ရွာသူကြီးကိုယ်တိုင်က ပြစ်မှုကျူးလွန်သည် ဟု စွပ်စွဲခံရသောအမှု၌ ယင်းကိုစုံစမ်းစစ်ဆေးရန်အတွက်
ရွာသူကြီးက ပထမ ၄င်း၏ညီကို တာဝန်ပေးလိုက်သည်။ သမ္မတက ခန့်ထားသော ပြည်ထဲရေးဒုတိယ၀န်ကြီးသည် ရွာသူကြီး၏ညီအဆင့်ထက် မည်သို့မျှမပိုပါ။
ဘာတခုမျှ စုံစမ်းစစ်ဆေးဖေါ်ထုတ်မှုမတွေ့သဖြင့် ရွာသားတွေကမကြေနပ်ကြောင်း ဆန္ဒထုတ်ဖေါ်ကြသည်။
ဤတွင် ရွာသူကြီးက ဒုတိယ ၄င်း၏တူကို လွှတ်လိုက်ပြန်သည်။ သမ္မတ က ခန့်ထားခြင်းခံရ၊ သမ္မတရုံး၏ အစိပ်
အပိုင်းတရပ်အနေဖြင့်ရပ်တည်၊ သမ္မတကချပေးသောငွေကြေးဖြင့် လုပ်ငန်းလည်ပတ်နေရသော လူ့အခွင့်အရေး
ကော်မရှင်သည် ရွာသူကြီး၏တူ အဆင့်ထက် မည်သို့မျှ မပိုပါ။
ရွာသူကြီး၏တူ သည်လည်း အမှန်တရားပေါ်အောင် ဘာတခုမျှထုတ်ဖေါ်ချက်ထွက်မလာသောအခါ ရွာသားတွေ
က မကြေနပ်ကြောင်း ဆက်လက်ဆန္ဒထုတ်ဖေါ်ကြပြန်သည်။
ဤတွင် ရွာသူကြီးက တတိယအဆင့်အနေဖြင့် မွေးစားဦးလေးတဦးကို ထပ်မံပြီးစေလွှတ်လိုက်ပြန်သည်။
မွေးစားဦးလေးဟူ၍ သုံးလိုက်သဖြင့် စာရှုသူအနေဖြင့်မအံ့သြပါနှင့်။
ဦးလေးကို မွေးစားတာမှမရှိတာဟူ၍ စောဒကမတက်ပါနှင့်။
စစ်အာဏာရှင်စနစ်အောက်တွင် မရှိသည့်အရာများ ရှိခဲ့သည်မှာ ကြာလှပါပြီ။
သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေး က သြဂုတ်လ ၁၇ ရက်နေ့ဘီဘီစီနှင့်အင်တာဗျူးတွင်ပြောကြားသွားသည်
ကို လေ့လာကြည့်ပါ။
"အစိုးရချည်းဘဲ အများထောက်ခံမှုမရနိုင်ဘူး။
ပြည်သူလူထုပါဝင်မှုလည်း အလေးထားရမယ်။"
အများထောက်ခံမှုရစေရန်သာ ရွာသူကြီးက ရွာသားများအနက်မှ ပုဂ္ဂိုလ်အချို့ကို စုံစမ်းစစ်ဆေးစေရန် ဖွဲ့စည်းပေး လိုက်ပြန်ခြင်း ဖြစ် သည်။ ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြီးနှင့် စပ်လျှဉ်း၍ တာဝန်ရှိမှုကိုဖေါ်ထုတ်ရန် အတွက် ဖွဲ့စည်းပေးလိုက်ခြင်း မဟုတ်ပါ။ သမ္မတရုံး၏ အမိန့်ကြော်ငြာစာကို အစအဆုံး အသေအချာဖတ်ကြည့်ပါ။
ဖြစ်ရပ်မှန် စုံစမ်းစစ်ဆေးစေရန် ဟုသာ ပါရှိပြီး တာဝန်ရှိမှုကိုဖေါ်ထုတ်ရန် ဟူသည်ကိုမည်သည့်နေရာတွင်မျှ တွေ့ရ
မည် မဟုတ်ပါ။ သို့ဖြစ်၍ ဤကော်မရှင်အားလည်း အရေးပေါ်မွေးစားဦးလေးထက် ပို၍သမ္မတက ကြောက်ရွံ့လေး
စားမည် မဟုတ်ပါ။ အဘယ်ကြောင့်ပါနည်း။
ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့်စပ်လျှဉ်း၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းတာဝန်ပေးမှုဖြစ်စဉ် တစုံလုံးလွဲမှားနေ၍ ဖြစ်
သည်။
ရွာသူကြီးကိုယ်တိုင်ပြစ်မှုကျူးလွန်ပါသည် ဟု စွပ်စွဲခံရသောမှုခင်းတွင် စုံစမ်းစစ်ဆေးစေဘို့အခွင့်အာဏာကို ရွာသူ ကြီး ကဘဲ ကျင့် သုံးပြီး တဖွဲ့ပြီးတဖွဲ့ အသုံးချနေသည်ကိုက လွဲမှားနေပါသည်။ ရွာသူကြီးအား ဖြုတ်ပိုင်ခန့်ပိုင်ခွင့် ရှိသူ က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပေးမှသာ သဘာဝကျပါမည်။
နိုင်ငံများတွင်သမ္မတ၊ ၀န်ကြီးချုပ်စသူများကို ဖြုတ်ပိုင်ခွင့်ရှိသူများ၊ အယုံအကြည်မရှိ အဆိုတင်ပိုင်ခွင့်ရှိသူများမှာ လွှတ်တော်နှင့် လွှတ်တော်အမတ်များ ဖြစ်ကြသည်။ ရွာသူကြီးနှင့် စပ်လျှဉ်း၍ စုံစမ်းစစ်ဆေးစေရန် ပေါ်ပေါက်လာ
သောဖြစ်ရပ်မှာ ရိုးရိုးမှုခင်းမဟုတ်ပါ။ လူ့အခွင့်အရေးနှင့် စပ်ဆိုင်နေသည်။
ဤတွင် လူ့အခွင့်အရေး နှင့် နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှုကို တစုံတရာ ရှင်းရန်လိုပါမည်။ သာဓက ပြပါမည်။ လူ့အခွင့်အရေးတွင် အသက်ရှင်သန်ပိုင်ခွင့် ဟူ၍ရှိပါသည်။
လူတဦးက အခြားတဦးကို သတ်ခြင်းမှာ အသတ်ခံရသူ၏ အသက်ရှင်သန်ပိုင်ခွင့်ကိုရုပ်သိမ်းလိုက်ခြင်းပင် ဖြစ်သည် ဟု နားလည်၍ရနိုင်သည်။
လူတဦးက အခြားလူတဦး၏ အသက်ရှင်သန်ပိုင်ခွင့်ကို ရုပ်သိမ်းလိုက်ခြင်းအားဖြင့်လူ့အခွင့် အရေးချိုးဖေါက်မှုကျူး
လွန်ခြင်းဟု ဆိုနိုင်သည်။
သို့ရာတွင် နိုင်ငံတနိုင်ငံအတွင်း၌ လူတဦးက သို့မဟုတ် အများက အခြားလူတဦး သို့ မဟုတ် အများ၏ အသက်
ရှင်သန်ပိုင်ခွင့်ကို ရုပ်သိမ်းလိုက်သော်လည်း နိုင်ငံတကာအနေဖြင့် လူ့အခွင့်အရေးရှုဒေါင့်မှ ချက်ခြင်း ထောက်ပြခြင်း ပါဝင်ခြင်း မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ရိုးရိုးသာမန်ပြစ်မှုအတွင်းတွင် အကြုံးဝင်သောကြောင့်ဖြစ်သည်။
နိုင်ငံတနိုင်ငံ၌ ပြည်သူအချင်းချင်းအတွင်း ဖြစ်ပွားသော လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ စသည် တို့အားလုံးမှာ ရိုးရိုးပြစ်မှုများ ဖြစ်နေသည်။ သက်ဆိုင်ရာနိုင်ငံ၏ ပြည်တွင်းရေးလည်းဖြစ်နေသည်။ ၄င်းနိုင်ငံအတွင်းရှိ တည်ဆဲဥပဒေများအရ ပြစ်မှု ကျူးလွန်သူများအား အရေးယူဆောင်ရွက် သွားရန်သာဖြစ်သည်။
နိုင်ငံတကာက ၀င် ရောက်ပြောဆိုကြလေ့မရှိ။ ပါဝင်ဆောင်ရွက်ကြလေ့မရှိပါ။
"အိန္ဒိယ နိုင်ငံ အာသံပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးအဓိကရုဏ်းကိုတော့ နိုင်ငံတကာက ဘာမှမပြောဘူး။
မြန်မာနိုင်ငံကိုတော့ ပြောလာတယ်။ ဒါ မတရားဘူး။" ဟူ၍ ထောက်ပြသူများ ရှိသည်။
သို့ဖြစ်လျှင်အိန္ဒိယ နှင့် မြန်မာနိုင်ငံ မည်သို့ကွာခြားနေပါသနည်း။
အိန္ဒိယ တွင် ဖြစ်ပွားသော လူမျိုးရေး အဓိကရုဏ်းမှာ သာမန်မှုခင်းဖြစ်သည်။ အစိုးရက လှုံ့ဆော်၊ ဖန်တည်း၊ ပါဝင်
ကျူးလွန်မှုကြောင့် ဖြစ်ပွားရသည်ဟူသော စွပ်စွဲသံများမကြားရ။
မွတ်ဆလင် လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်မှာ ပြည်နယ်အစိုးရက အဓိကရုဏ်းကို ကိုင်
တွယ်ရာတွင်အားနည်းနေသည်။ ပြည်ထောင်စု အစိုးရကတိုက်ရိုက်ဝင်ကိုင်သင့်သည် ဟူ၍ဖြစ်သည်။ သို့ဖြစ်၍ အိန္ဒိယအရေးတွင် နိုင်ငံတကာ က ၀င်ရောက် ပြောဆိုရန် အကြောင်းမရှိ။
မည်သည့်နိုင်ငံမှာ မဆို ယင်းအဓိကရုဏ်းမျိုးဖြစ်ပွားလျှင် အစိုးရ ကသာ အလယ်မှာ တည့်တည့်ရပ်၍ သူ့နိုင်ငံအ
တွင်း ဖြစ်ပွားသောအဓိကရုဏ်းများအား သူကိုယ်တိုင် ဖြေရှင်းဆောင် ရွက် ပါက နိုင်ငံတကာက ၀င်ေ၇ာက်စွက်ဘက် ပြောဆိုစရာ အကြောင်းမရှိပါ။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အဓိကရုဏ်းတွင်မူ အစိုးရကိုယ်တိုင်ပါဝင်ကျူးလွန်မှုများပြုနေကြောင်းနိုင်ငံတကာလူ့အ
ခွင့်အရေးအဖွဲ့အစည်းကြီးများက စတင်ထောက်ပြလာသဖြင့် ဤပြသနာကိုလူ့အခွင့်အရေးရှုဒေါင့်မှ ဝေဘန်ဆွေး
နွေးမှုများ ပို၍ကျယ်လောင်လာခြင်း ဖြစ်သည်။
အစိုးရ၏ ပါဝင်ပတ်သက်မှုမှာပင် ဦးသိန်းစိန်ဦးဆောင်သည့် ပြည်ထောင်စုအစိုးရတွင် ပို၍တာဝန်ရှိကြောင်းတွေ့ရ
သည်။ အဘယ်ကြောင့်ဆိုသော် အဓိကရုဏ်းအတွင်း ပြည်ထောင်စုဝန်ကြီးများကသာ နေရာတကာ ၀င်ရောက်အ
မိန့်ပေးနေကြသည်ဟူသော တိုင်တန်းချက်များ ထွက်ပေါ်လာခဲ့သောကြောင့်ပင်။
မြန်မာနိုင်ငံအတွင်း၌ စစ်အစိုးရက လူ့အခွင့်အရေးချိုးဖေါက်မှုများပြုခဲ့သဖြင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးများက ၀င်ရောက်ပြောဆိုလာခဲ့ကြသည်မှာ ယခုမှ မဟုတ်ပါ။ အနည်းဆုံးအားဖြင့် ဆယ်စုနှစ် နှစ်စုကျော်ခဲ့ပါပြီ။
နိုင်ငံတကာအနေနဲ့ လူ့အခွင့်အရေး ရှုဒေါင့်ကဆိုပြီးတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေခံရတာတော့ ထောက်ပြပြော
ဆိုမှုပြု ကြတယ်။
ရခိုင်တိုင်းရင်းသားတွေ ခံရတာတော့ ဘာကြောင့် မပြောသလဲ။
ရခိုင်တွေကရော လူမဟုတ်ဘူး လားဟူ၍ ဂရုဏာဒေါသောဖြင့် ဝေဘန်ကြသည်ကိုလည်း ကြားရသည်။ ဤသည်ကိုလည်း လိုက်စဉ်းစားဘို့်လိုပါမည်။ လူ့အခွင့်အရေးရှုဒေါင့်မှ နှစ်ဖက်မျှတစွာကြည့်ရန်တာဝန်ရှိပါလျှက် နိုင်ငံတကာသည် အမှန်တကယ် ဘက်လိုက်နေသလား ဟူ၍ဖြစ် သည်။
အထက်တွင်တင်ပြခဲ့သကဲ့သို့ပင် နိုင်ငံတကာအမြင်မှကြည့်လျှင် လူ့အခွင့်အရေးချိုးဖေါက်မှုကို အစိုးရကိုယ်တိုင်က
ပြုလုပ်ခြင်း ဟုတ် မဟုတ် ဆိုသည်ကို အဓိကကြည့်သည်။
လက်ရှိအာဏာရနေသော သမ္မတ ဦးသိန်းစိန်ခေါင်းဆောင်သည့် စစ်အစိုးရသည် ရခိုင် တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုကျူးလွန်နေပါ သလား။
သံသယဖြစ်ဘွယ်အချက်အလက်များတွေ့ရှိလျှင် နိုင်ငံတကာသိအောင် တင်ပေးစေလိုပါသည်။
တစုံတရာ ခိုင်မာလုံလောက်သည်ဟု ယူဆပါက ကုလသမဂ္ဂ အပါအ၀င်နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်း
ကြီးများသည် ချက်ခြင်းပင် စိတ်ဝင်တစားတုန့်ပြန်ရန် သေချာသလောက်ဖြစ်သည်။ အမှန်တရားပေါ်ပေါက်ရေးအတွက် အစိုးရ၏လုပ်ဆောင်မှုများအပေါ် စစ်ဆေးသင့်ကြောင်း သာဓက ဆက်လက်
တင်ပြပါမည်။
စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြတ်ကျော် က ပုဒ်မ ၁၄၄ အောက်တွင် ထုတ်ထားသော ညမ
ထွက် ရ အမိန့်ကို ချိုးဖေါက်သည်ဟူ၍ ရခိုင်တိုင်းရင်းသား ၆၅ ဦးကို ဖမ်းပြီးထောင်ချခဲ့ကြောင်း။ ၄င်းတို့မှာအလုပ် အပြန်နောက်ကျ၊ နာရေးသွားကြသူ များဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားတွေသာ ယင်းသို့ထောင်ချခံထားရပြီး
ဘင်္ဂါလီကုလား တွေကို တယောက်မှ မတွေ့ကြောင်း ၄င်းက သြဂုတ်လ၂၃ ရက် ဘီဘီစီအင်တာဗျူးတွင်ပြောကြား
သွားခဲ့သည်။
တချိန်တည်းတွင် ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးရွှေမောင်က ဘူးသီးတောင်တွင်မူ ထောင်ဒဏ်
(၁၀)နှစ်အထိ အပြစ်ပေးခံရသူ မွတ်ဆလင် ၁၀ယောက်ခန့်ရှိကြောင်း၊၈ ရက်နေ့ဆူပူမှုတွင် ပါဝင်ပတ်သက်ကြောင်း
ဖြင့် စွပ်စွဲကာ ၈ ရက် နှင့် ၉ ရက်နောက်ပိုင်းတွင် ဖမ်းခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတို့သည် ရှေ့နေငှားခွင့်မရ၊ သက်သေ
ခေါ်ခွင့်မရှိ၊ သက်ဆိုင်ရာ မိသားစုများအားလည်း တွေ့ခွင့်မရကြောင်း၊ တရားလိုဘက်က သက်သေများကိုသာ စစ်
ဆေး၍ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောသွားခဲ့ပြန်သည်။
ဦးအောင်မြတ်ကျော်၏ ပြောကြားချက်ကိုအခြေခံလျှင် လူအုပ်စုနှစ်ဘက်လုံးမှ ညဘက်ကိုထွက်ပါလျှက် အုပ်စု တခု မှ လူများကို တနည်းအားဖြင့် ရခိုင်တိုင်းရင်းသားများကိုသာ ရွေးချယ်ဖမ်းဆီးပြီး အခြားအုပ်စုမှလူများအား ဖမ်းဆီး
ခြင်းမပြုသည့် သဘောဆောင်သည်။ ယင်းသို့ဖြစ်လျှင် ခွဲခြားဆက်ဆန်ကိုင်တွယ်ခြင်း ဖြစ်သည်။
ယင်းဖြစ်ရပ်မှန်လျှင် ရခိုင်တိုင်းရင်းသားများ၏ လူ့အခွင့်အရေးအရတန်းတူရေးခံစားခွင့်ကို အစိုးရအာဏာပိုင်များ
က ငြင်းဆန်ရာရောက်သည်။ ဥပဒေစိုးမိုးရေးကိုလည်း ရုပ်သိမ်းခြင်းဖြစ်သည်။ ဤသည်ကို လက်ခံ၍မရပါ။ ယင်းအတွက် တာဝန်ရှိသူမှာ စစ်တပ်၊ ရဲ အပါအ၀င် လုံခြုံရေးတပ်ဖွဲ့များ၏ အမြင့်ဆုံးအရာရှိကြီးများ၊၄င်းတို့အပေါ် တိုက်ရိုက်အမိန့်ပေးခွင့်ရှိသော အုပ်ချုပ်ရေး အာဏာပိုင်အဆင့်ဆင့်များဖြစ်သည်။
စုံစမ်းစစ်ဆေးရေးကော်မရှင်အနေဖြင့် ၄င်းတို့ကိုစစ်ဆေးပြီးအမှန် တရားကိုဖေါ်ထုတ်ရပါမည်။
ဦးရွှေမောင်၏ ပြောကြားချက်ကိုအခြေခံလျှင် အဖမ်းခံရသူများအနေဖြင့် မှုခင်းတွင် တရားမျှတစွာ စစ်ဆေးခံယူပိုင်
ခွင့် ဆုံးရှုံးနေသည့် သဘောဆောင်သည်။ တရားစီရင်ရေးနှင့် စပ်လျှဉ်း၍ တည်ဆဲဥပဒေများပါ လူတိုင်းရသင့်သည့် အခွင့်အရေးများ ရုပ်သိမ်းခံရသလိုဖြစ်နေသည်။
အမှုများတွင် ခုခံချေပခွင့် ဟူသည်မှာ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ပင် ပြဌာန်းပါရှိသည်။
ပုဒ်မ ၁၄၄ ထုတ်ထားသော်လည်းယင်းအခွင့်အရေးကိုရုပ်သိမ်း၍မရပါ။
ယင်းသို့ဖြစ်ပါက တာဝန်ရှိသူများမှာ အဆိုပါမှုခင်းများအား ကိုင်တွယ်စစ်ဆေးခဲ့သည့် တရားရုံးများနှင့်တရားသူကြီး
များဖြစ်သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် ၄င်းတို့အား စစ်ဆေးဖေါ်ထုတ်ရန် လိုအပ်ပါသည်။
အဓိကရုဏ်းကြီးအတွင်းဖြစ်ပွားခဲ့သည့် ပြစ်မှုဆိုင်ရာမှုခင်းများအားလုံးမှာ လျှို့ဝှက်ချက်များနှင့် ပြည့်လျှက်ရှိသည်။ ပထမဆုံး စတင်ဖြစ်ပွားခဲ့သည့် ရခိုင်မိန်းခလေးတဦးအား မုဒိမ်းကျင့်ပြီးသတ်ခဲ့သည် ဟူသောအမှုတွင် တရားခံသုံး
ဦးအနက် တဦးမှာ အချုပ်ခန်းအတွင်း၌ ကြိုးဆွဲချသေဆုံးသွားကြောင်းသိရသည်။
အမှန်တကယ် ကြိုးဆွဲချသေတာ ဟုတ်ရဲ့လား။
မည်သည့်စစ်ဆေးဖေါ်ထုတ်မှုမျှ မကြားရ။
သေမှုသေခင်းစစ်ဆေးခဲ့သည့် မှုခင်းမှတ်တမ်းမရှိ။
ဤမျှနှင့် ဇာတ်လမ်းပြီးဆုံးသွားသည်။ အဓိကရုဏ်းဖန်တည်းဘို့ မှုခင်းကျူးလွန်ခိုင်းခံရသူက နောင်ကို အမှန်တရား ထုတ်မပြော နိုင်စေရန် နုတ်ပိတ်လိုက်သလား။ သံသယများ ရှင်းသွားစေရန် အမှန်တရားကို ဖေါ်ထုတ်ရပါမည်။
ထို့အပြင် ကုလသမဂ္ဂ၀န်ထမ်းများအား အရေးယူခဲ့သည့်မှုခင်းများ အပါအ၀င် အဓိကရုဏ်းအတွင်း ပြစ်မှုဆိုင်ရာ အရ အရေးယူခဲ့သည့် မှုခင်းများအားလုံး၌ သတင်းဌာနများ၏ မေးမြန်းခွင့်၊ အများပြည်သူ၏ သိရှိခွင့်များ ရုပ်သိမ်း
ခံနေရဆဲ ဖြစ်ကြောင်းတွေ့ရသည်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းပါရှိသည့် အများပြည်သူရှေ့မှောက်တွင် တရားစီရင်ရေး ဆိုသည်
မှာ အသံသာရှိပြီး အဆန်မရှိဖြစ်နေသည်။ တရားရုံးများ၏ အမှုတွဲများသည် တိုင်းပြည်၏ လျှို့ဝှက်ချက်မဟုတ်ပါ။ အများနှင့်ဆိုင်သော စာတမ်းအမှတ်အသားများဖြစ်သည်။ သက်ဆိုင်သူများက သတ်မှတ်သော အခကြေးငွေပေး
လျှင် မိတ္တူကူးခွင့်ပြုရပါမည်။
ယင်းအမှုတွဲမှတ်တမ်းများအား လေ့လာခွင့်ရလျှင်ပင် အမှန်တရားကို အတော်အသင့်ထုတ်ဖေါ်နိုင်ပါမည်။
ချုပ်၍ ဆိုရလျှင် စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ရပ်က အမှန်တရားဖေါ်ထုတ်ရာတွင် ပထမဆုံးအနေ နှင့် ပြစ်မှု
ကြောင်းအခြေခံများနှင့် စပ်လျှဉ်း၍ သမ္မတ ဦးသိန်းစိန်မှစပြီး အခြားတာဝန်ရှိအစိုးရအဖွဲ့ဝင်အဆင့်ဆင့်၊ အုပ်ချုပ်
ရေးအာဏာပိုင်အဆင့်ဆင့်၊ တရားစီရင်ရေးအပါအ၀င် တိုင်းပြည်ယန္တယားများနှင့် လုံခြုံရေးအရတာဝန်ယူ ဆောင် ရွက်ခဲ့ကြသည့် စစ်တပ် ရဲ စသည့် လုံခြုံရေး ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်တို့အား အဓိကအားဖြင့် ဇောင်းပေး၍ စစ်ဆေးရန်ဖြစ်သည်။
သမတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေး က ----- "ပြစ်မှုဆိုင်ရာတွေ အတွက် ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်ဖွဲ့ခဲ့
တာရှိတယ်။ ပြစ်မှုတွေဟာ ပြည်နယ် အဆင့် ကြီး မားကျယ်ပြန့်တဲ့ အတွက် ပြည်ထဲရေး ဒုဝန်ကြီး ကိုယ်တိုင် စစ်ဆေးတယ်။ Criminal Investigation (ပြစ်မှုဆိုင်ရာ စုံးစမ်းစစ်ဆေးရေး) ဖြစ်တယ်။ အခုဟာက community (လူ့အသိုင်းအ၀ိုင်း) နှစ်ခုရဲ့အကြားက ပဋိပက္ခတွေ --" ဟု ပြောသွားခြင်းကို ထောက်လျှင် ပြစ်မှုဆိုင်ရာတွေအတွက် စစ်ဆေးပြီးပြီ ဟု ပြောလိုပုံရသည်။
အဓိကရုဏ်းကြီးအတွင်း ဖြစ်ပွားခဲ့သည့် ပြစ်မှုဆိုင်ရာမှုခင်းကြီးများနှင့်စပ်လျှဉ်းပြီး ယခုဖွဲ့ပေးလိုက်သည့် ကော်မရှင်
က စုံစမ်းရန်မလို ဟုလမ်းညွှန်သည့်သဘော ဆောင်သည်။ ဤသည်ကို လက်မခံသင့်ပါ။ လူ့အသိုင်းအ၀ိုင်းနှစ်ခု အကြားက ပဋိပက္ခ ကိုတော့ အဖြေတွေ့အောင်ရှာ၊ ပြစ်မှုဆိုင်ရာ မှုခင်းကြီးတွေနဲ့ပတ်သက်ပြီးအစိုးရရဲ့တာဝန်ရှိမှု
ကို ဖေါ်ထုတ်ဘို့ကတော့ ခင်ဗျားတို့ အလုပ်မဟုတ်ဘူး ဟု ဆိုလိုရာရောက်သည်။
အစိုးရကိုယ်တိုင်က ပါဝင်ကျူးလွန်သော မှုခင်းဖြစ်လျှင် ကော်မရှင်အနေဖြင့် ၄င်းအားပေးအပ်ထားသော တာဝန်ဖြစ် သည့် "ကွဲပြားသော အယူဝါဒ ရှိသူ မတူညီသည့် လူမျိုးစုများအကြားငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်း လမ်းများ ရှာဖွေရန်" ဟူသည်မှာ မည်သည့်အခါတွင်မျှ အောင်မြင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် နောင်ကို လည်း အစိုးရကိုယ်တိုင်က ပဋိပက္ခထပ်မံဖန်တည်းမှာကို စိုးရိမ်ရသောကြောင့်
ဖြစ်သည်။ ဦးသိန်းစိန်ကိုယ်စား ဦးဇော်ဌေးလမ်းကြောင်းချပေးနေသည်ကို လက်ခံလျှင် တရားခံအစစ်ကို မည်သည့်
အခါတွင်မျှ ဖေါ်ထုတ်နိုင်မည် မဟုတ်ပါ။
တရားခံအစစ်မပေါ်ပါက အနာရင်းကိုမသိသဖြင့် ဆေးစစ်ဆေးမှန် မတွေ့နိုင်ပါ။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များသည် အောက်ခြေတွင်သာ ဟိုမေးသည်လိုက်ဖြင့် ဖတ်ဖတ်မောကာ မြစ်ကို အလျားလိုက်ကူးခိုင်းခံထားရသလို ဖြစ်နေပါမည်။
ယင်းသို့ မဖြစ်လိုပါက စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ပထမဆုံးအလုပ်မှာ ရခိုင်ပြည်နယ်တွင် မရှိပါ။
နေပြည်တော်တွင် ရှိပါမည်။ သမ္မတ ဦးသိန်းစိန်ကို စတင်စုံစမ်းမေးမြန်းရန် ဖြစ်သည်။ အဓိကရုဏ်းကာလအတွင်း သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးများက ထုတ်လိုက်သည့် အမိန့်များ၊ ညွန်ကြားလွှာများ၊ ကြေးနန်းများ၊ တယ်လီ
ဖုံးမှတ်တမ်းများ၊ ၀န်ကြီးအဖွဲ့ အစည်းအဝေးမှတ်တမ်းများကို ဖတ်ရှုလေ့လာရန်လိုပါမည်။
ဤလုပ်ပိုင်ခွင့်များမရနိုင်ပါက ယခုအသစ်ဖွဲ့လိုက်သော ကော်မရှင်သည် အစိုးရ၏ တာဝန်ရှိမှုကို တိတိကျကျ ဖေါ်
ထုတ်နိုင်မည့် အလားအလာ လွန်စွာနည်းနေပါမည်။
သူရ ဦးရွှေမန်းသည် ဥပဒေရှေ့မှောက်တွင် လူတိုင်းတန်းတူဖြစ်သည် ဟူသည့် ဥပဒေစိုးမိုးရေး စကားလုံးကို လွန်ခဲ့ သည့် ရှစ်နှစ်ခန့် ဗိုလ်ချုပ်ဘ၀ ကထဲက စသုံးလာခဲ့သည်။
လူထုအတော်များများက ဟုတ်များ ဟုတ်လေမလားဟူ၍ မျက်လုံးပြူးကာ ထကြည့်မိခဲ့ကြသည်။
သို့ရာတွင် လက်တွေ့အရ စစ်မှန်သော ဥပဒေစိုးမိုးရေးကို အုတ်မြစ်ချစေမည့် မည်သည့် လုပ်ဆောင်မှုမျှ မတွေ့ရ။ ဥပဒေစိုးမိုးရေးအခြေခံကို တည်ဆောက်ရန် ၂၀၀၈ ဖွဲ့စည်းပုံ၏ကြောရိုးများအား ပြင်ရေးအတွက် ကမကထပြုသံ ၄င်းထံမှ တခါမျှမကြားရ။
ဥပဒေစိုးမိုးရေး ကို ဖျက်သိမ်းထားသည့် မတရား ဥပဒေ တခုတလေကိုမျှရုပ်သိမ်းပေးခဲ့ခြင်းမရှိ။ ဥပဒေစိုးမိုးရေးကို အားဖြစ်စေရန် State Institution ဟု ခေါ်သည့် တိုင်းပြည် အုပ်ချုပ်ရေး အဆောက်အအုံများကို ပြင်ရန် လှုံ့ဆော်မှု တခုတလေမျှ မပြု။ တိုင်းပြည်အာဏာခွဲဝေကျင့်သုံးမှု ဟူသည်ကို ပါးစပ်ကပြောသော်လည်း လက်တွေ့တွင် ၄င်းဦး
ဆောင်သည့် ဥပဒေပြုလွှတ်တော်သည် သမ္မတ ဦးဆောင်သည့် အုပ်ချုပ်ရေးအာဏာကို စစ်ဆေးရမည့်အလုပ်အား မလုပ်။
ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရေးအတွက် အစိုးရအဖွဲ့အဆင့်ဆင့်တွင် တာဝန်
ပေးအပ်ခံရသူများသည် ၎င်းတို့၏ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ် ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် ဟူသောအဆိုကို သူရဦးရွှေမန်းဦးဆောင်သည့် လွှတ်တော်က ပယ်ချ
ခဲ့ခြင်းဖြင့် ဆိုးဝါးသည့်အုပ်ချုပ်ရေးနှင့် လာဘ်စားနေသည့် အစိုးရအဖွဲ့ဝင်များကို ကာကွယ်စေါင့်ရှောက်သည့် လုပ်
ငန်းများသာ လုပ်ဆောင်နေကြောင်းတွေ့ရသည်။
ယခုလည်း စစ်မှန်သော ပြည်သူ့လွှတ်တော်တရပ်က ထမ်းဆောင်ရမည့် တာဝန်ကိုမျက်ကွယ်ပြုနေပါပြီ။
ယင်းမှာ ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြီးနှင့် စပ်လျှဉ်း၍ သမတ ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရ၏ တာဝန် ယူမှု၊ တာဝန်ခံဆောင်ရွက်မှု ကိစ္စများအား စုံစမ်းစစ်ဆေးရမည့်တာဝန်ကို လွှတ်တော်က မသိခြင်
ယောင်ဆောင်လျှက် ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်စေလျှက် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးကော်မတီ ကို ဖွဲ့စည်း ထားရှိပြီး
ဖြစ်ပါလျှက် သမ္မတက စုံစမ်းစစ်ဆေးရေးကော်မရှင် အသစ်တခုထပ်မံဖွဲ့စည်းခြင်းအပေါ် လွှတ်တော်က ကန့်ကွက်
မှုမပြု။
ယင်းကော်မရှင်အသစ် ဖွဲ့စည်းရခြင်းနှင့် စပ်လျှဉ်း၍ အောက်တွင်ဖေါ်ပြထားသည့် သမ္မတရုံး အမိန့်ကြော်ငြာစာ
ကို လေ့လာကြည့်ပါ။
"ရခိုင်ပြည်နယ်တွင် မေလနှင့် ဇွန်လ အတွင်း၌ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေ
သည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ဆောင်ရွက်မှုများ တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
အဆိုပါဖြစ်ပွားမှုများနှင့် စပ်လျှဉ်း ၍ ဖြစ်စဉ်ဖြစ်ရပ် အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် အမျိုးသား အကျိုးစီးပွား
တိုးတက်ရေးအကြံပြုရန် ဖွဲ့စည်း တာဝန်ပေးအပ်သည်။"
သမ္မတကိုယ်တိုင်ကပင် ယခုပြသနာမှာ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးဟူသည်ကို လက်ခံထားပြီး ဖြစ် သည်။ စကားလုံးအားဖြင့် ရှေ့နောက်သာကွာသည်။ လွှတ်တော်ကဖွဲ့ပေးထားသည်မှာ ဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်
ရေးကော်မတီ ဖြစ်သည်။
ယင်းကော်မတီ၏ လုပ်ငန်းတာဝန် ကွက်တိ ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဟူသော အဖွဲ့ အစည်းသည် အစိုးရ၏ အာဏာကို ကြပ်မတ်ထိမ်းကျောင်းရန် တာဝန်ရှိသည် ဟူသော အပိုင်းကို လက်တွေ့ဖေါ်ဆောင်လိုပါက ဤ ဖွဲ့စည်း
ပြီးထားသော ကော်မတီအား တာဝန်ပေးအပ်လိုက်ရုံသာရှိသည်။
ဤ ကော်မတီသည် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်လျှက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသဖြင့် လုပ်ပိုင်ခွင့် ပိုရှိပြီး သဘာဝ လည်း ကျလှပါသည်။ ဦးရွှေမန်းသည် အဘယ်ကြောင့် ငြိမ်သက်နေပါသနည်း။
ဦးရွှေမန်းနှင့် ဦးသိန်းစိန် လက်ဝါးခြင်းရိုက်လျှက် လွှတ်တော်ကဖွဲ့ထားသည့် ကော်မတီကြီးကို ငုတ်တုတ်ထိုင်ထား
စေကာ သမ္မတဖွဲ့ပေးသည့် ကော်မရှင်သစ်အား ပွဲထုတ်လာပြန်ခြင်း ဖြစ်သလား။ အစိုးရ၏တာဝန်ရှိမှု အမှန်တရား
ပေါ်ထွက်မလာစေရန် ပိပိရိရိ နှင့် ဖုံးဖိနေကြသလား။ စဉ်းစားရန်ရှိသည်။ ပြည်သူ့လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လျှက် ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေး
ကော်မတီ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သမ္မတဦးသိန်းစိန် မုချသိရှိပြီးဖြစ်သည်။ ဦးသိန်းစိန်အနေဖြင့် ရိုးသားစွာအမှန်
တရားကို ဖေါ်ထုတ် လိုသည်ဆိုလျှင် ရခိုင်ပြည်နယ်အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ စုံစမ်းစစ်ဆေးပေးပါရန်ယင်းကော်မ
တီအား ပန်ကြားလိုက်ရုံသာဖြစ်သည်။ ယင်းကော်မတီကသာ ကိုင်တွယ်စုံစမ်းလျှင် တိုင်းပြည်ယန္တယားဖွဲ့စည်း လည်ပတ်မှုအရ သဘာဝကျလှသလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ထားသဖြင့် နိုင်ငံတကာနှင့် ပြည်
တွင်းလူထု၏ ယုံကြည်မှု ကို ပိုမိုရ ရှိနိုင်သည်။ တိုင်းပြည်အတွက်ပိုမိုအကျိုးရှိမည်။
ဤသည်ကိုမလုပ်ဆောင်ခြင်းအားဖြင့် တိုင်းပြည်အုပ်ချုပ်ရေးယန္တယားများအား တလွဲအသုံးချ၊ လူထုများကို မျက်
လှည့်ပြကာ အမှန်တရားကို အစီအစဉ်ရှိရှိ ဖုံးကွယ်ရာရောက်သည်။ သမ္မတ ကိုယ်တိုင်နှင့်၎င်း၏ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုကို မခံယူလို၍
ဖြစ်ကြောင်းလည်း သုံးသပ်နိုင်သည်။
လွှတ်တော်က ဖွဲ့စည်းလိုက်သည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စုအဆင့်မရှိ ဟူ၍ ဖွဲ့စည်းပုံအခြေခံ
ဥပဒေတရားရုံးမှ နေ၍ အဆင့်လျှော့ချထားမှုကိုလည်း ဆက်စပ်သုံးသပ်သင့်သည်။
ဦးသိန်းစိန်သည် ဤ အနေအထားကို အမြန်ဆုံးပြင်သင့်သည်။
ဒီမိုကရေစီ နိုင်ငံများ၌ သမတ၊ ၀န်ကြီးချုပ်များ ပြသနာ ဖြစ်လာပါက သက်ဆိုင်ရာနိုင်ငံ၏ လွှတ်တော်ကော်မတီ များက စုံစမ်းစစ်ဆေးကြရသည်ကိုဒီမိုကရေစီ ကို ဦးတည်ပါ သည်ဟု ဆိုသူသမတကိုယ်တိုင် ကမျက်ကွယ်ပြုခြင်းမှာ မသင့်လျှော်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီ၏ ရှေ့မှောက်တွင် အစစ်ဆေးခံရမည်ကို မနှောင့်နှေးသင့်ပါ။ ရှင်းရှင်းလင်းလင်း ရှိသောအစိုးရ၊ တာဝန်ခံမှု ရှိ သော အစိုးရဖြစ်ရန်လိုအပ်ကြောင်း သမတ ဖြစ်စက မိမိကိုယ်တိုင် အသုံးပြုသွားခဲ့သော စကားလုံးများအား လက်တွေ့ အကောင်အထည်ဖေါ်ရန် အချိန်ရောက်ပါပြီ။
အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၂၃) ရက် ၂၀၁၂ ခုနှစ်