ကရင့်စာပေနှင့်ယဉ်ကျေးမှု အဓိပတိကြီးများ
ဓါတ်ပုံ အားမာန်သစ်စာစောင်မှ ကူးယူဖေါ်ပြသည်
မယောင်ရာ ဆီလူးခြင်း
By မင်းစိုးစံ ကျုပ် ဒီအကြောင်းအရာကို ရေးသင့် မသင့် စဉ်းစားချင့်ချိန်နေတာ အတော်ကို ကြာသွားပါတယ်၊ နောက်တခု က မယောင်ရာဆီလူးတဲ့ ခပ်တုံးတုံး ကရင်တယောက်လို့ ကရင်အများစုက ၀ိုင်းပြီးအပြစ်တင်နေမှာကို စိုးမိတာလည်းပါ
ပါတယ်။ လူမျိုးတမျိုး အရှည်တည်တံ့ဘို့ဆိုတာ သူ့ကိုယ်ပိုင်စာပေ ခိုင်ခံ့ဘို့လိုပါတယ်။ သူ့စာပေ မခိုင်မ ခံ့ဘူးဆို
လျင် သူ့လူမျိုးလည်း မကြာမတင်မှာ ပျောက်ကွယ်သွားဘို့ပဲရှိပါတယ်။
ဒါကြောင့်လည်း စာပေအရေးအသားတွေနဲ့ပတ်သက်လို့ စာလုံးပေါင်းသတ်ပုံတွေမှန်အောင် နည်းပေါင်းစုံနဲ့ အဘက်
ဘက်ကနေ ပညာရှင်တွေ ကြိုးပမ်းခဲ့ကြ ကြိုးပမ်းနေကြတာ ဒီကနေ့အထိပါပဲ။ အခုတော့ ခေတ်ကာလက ပြောင်းလွဲလာတာနဲ့အတူ အရေးအသားလေးတွေ ပြောင်းလဲလာတာကို တွေ့ရ ဘတ်ရ
တဲ့အခါကျတော့ ဘယ်လိုစာလုံးမျိုးကို ဘယ်လိုနားလည်ရမှန်းမသိတဲ့အထိ ဖြစ်သွားရပါတယ်။ ဥပမာအဖြစ်ပြောရမယ်ဆိုလျင် သူငယ်ချင်း ဆိုတဲ့ စကားလုံးကို သယ်ရင်း ဆိုပြီး ရေးသားထားတာမျိုး၊ အဲဒီ
သယ်ရင်း ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာ နားလည်ယူလို့ရပေမယ့် အဓိပ္ပါယ်ကတော့ သိပ်အဆင်မပြေဘူး
လို့ ပြောချင်တာအမှန်ပါ။
လွန်ခဲ့တဲ့အပတ်တုန်းက ကျုပ်မနေနိုင်မထိုင်နိုင်ဖြစ်ပြီး ဗမာစာလုံး ချည် နဲ့ ခြည် မတူတဲ့အကြောင်း ခြည်ဆိုတာ
ခြည်လုံး ခြည်ထည်ပစ္စည်း ခြည်မျှင် စသည်ဖြင့်ပေါ့လေ ရေးပြပြီး၊ ချည်ဆိုတာက ချည်နှောင်တာ နွားချည်တိုင် ဘာညာပေါ့လေ ရေးလိုက်တော့ အဲဒီမှာ ကျုပ်ကို တုန့်ပြန်တာတွေတွေ့လိုက်ရတယ်။
သူတို့ပြောပြထားတာလေးကို မူရင်းအတိုင်း ပြန်ရေးပြလိုက်ပါတယ်။
ချည်၊ ခြည် နဲ့ ပတ်သက်ပြီး အလေးထားရမဲ့ ကျွန်ုပ်တို့စာပေမဟုတ်တဲ့အတွက် သိပ်ပြီး မဝေဖန်ချင်ပါဘူး။ စာလုံးပေါင်းသတ်ပုံနဲ့ ပတ်သက်ပြီး ထဲထဲဝင်ဝင်မသိတာလည်း ပါပါတယ်။
အရေးကြီးတာက လာခုဂ်ခါင်စူး ကိုချည်ဖြူဖွဲ့မင်္ဂလာနဲ့ ဘာသာပြန်ထားတာ ထိရောက်မှုရှိ မရှိ ဆိုတာကိုပဲ စိတ်ဝင်စားပါတယ်။
မြန်မာစာမှာတော့ ချည်မျှင်စက်ရုံ၊ ချည်ထည် စာလုံးပေါင်းနဲ့ပဲတွေ့ရပါတယ်။
ခြည် ဆိုတာက နေရောင်ခြည် ဆိုတဲ့နေရာမှာပဲ သုံးတာ တွေ့ရပါတယ် နောက်ထပ်အကြံပေးချင်တာက အခမ်း
အနားပါ။
အခန်းအနားလို့ ရေးတာလည်း တော်တော်များများ တွေ့ရတတ်ပါတယ်။ကျွန်ုပ်တို့ကတော့ ချည်ဖြူဖွဲ့ကို ခြည်ဖြူဖွဲ့လို့ စွန့်စားပြီး မသုံးချင်သေးပါဘူး။
ဒါကြောင့်ကျုပ်လည်း နီးစပ်ရာ စာလုံးပေါင်းနဲ့ပတ်သက်တဲ့ အထောက်အထားလေးတွေကို ရှာတော့တာပေါ့ဗျာ။
မြန်မာစာအဖွဲ့က ထုတ်ထားတဲ့ အွန်လိုင်းပေါ်ကမြန်မာစာသတ်ပုံကျမ်းထဲက သတ်ပုံကျမ်းနှင့်ခွဲထားကို ဖွင့်လိုက်
တော့ ချည်နဲ့ခြည်ကို အခုလို ရေးသားဖေါ်ပြထားတာ တွေ့ရပါတယ်။
ချည်
ချည်( သွား-လာ)
ချည်ခင်စွပ်ငှက်
ချည်ခင်ဝတ်ငှက်
ချည်ငင်
ချည်ငင့်
ချည်တုပ်-
ချည်မျှင်
ချည်ဝင်အူပေါက်
ချည်သေ့-(ရက်ကန်းသုံး)
ခြည်
ခြည် (ရောင်…….)
ခြည် (လက်စွပ်တစ်….)
ခြည် (အရိပ်အ…..)
ဝီကီပိဒိယ ထဲကို သွားပြီးကြည့်လိုက်ပြန်တော့ ခ စာလုံးကိုနှိပ်ချလိုက်တော့ အခုလိုတွေ့ရပြန်ပါတယ်။
ချည်ခင်စွပ်ငှက်
ချည်ချောင်း
ချည်ထိုးစက်
ရရစ်နဲ့ပတ်သက်တဲ့ ခြည် ဆိုတဲ့စာလုံးကိုတော့ မတွေ့မိပါဘူး။
နောက်ဆုံး ကျုပ်လက်ထဲမှာရှိနေတဲ့ ကျော်အောင်စံထားဆရာတော် ရေးသားထားခဲ့တဲ့ ဝေါဟာရတ္ထပကာသနီကျမ်း ဆိုတာကို ပြန်ပြီးလှန်လှောကြည့်လိုက်တော့ အခုလို အသေးစိပ်အကျယ်တ၀င့်ရေးသားထားတာကို တွေ့ရပါတယ်။
စာမျက်နှာ ၂၇၆
( ခီ၊ ချီ၊ ခြီး)
ချီ
ခ ယပင့်၌ ဝိသဇ္ဇနီသံပါ၊ မပါ အသံကွဲရသင့်လျက် ကြွချီသည်ဟူသောဝိသဇ္ဇနီ မကျောက်သော ဝါဟာရသာထင်၏။ ထို၌ကြွချီသည်ဟူသော ဝေါဟာရသည် အထက်သို့ပင့်ခြင်း၊ မြှောက်ခြင်းအနက်တည်း။
ထိုအနက်ကိုစွဲ၍ အထိန်းအချီ၊ စာရေးစာချီ စသောခေါ်ဝေါ်ခြင်းဖြစ်၏။
ရှင်မွန်ပီပီ လှမ်းချီညှင်းညှင်း စသည်ဖြင့်စပ်ဟပ်သည်လည်း ဤအနက်၎င်းတည်း။
စာမျက်နှာ ၅၇၉
( ချည်- ချည်း-ချည့်၊ ခြည်-ခြည်း)
ချည်
ခ အက္ခရာ၌လည်း သက်သက်ညသတ်သည်မထင်။
ယပင့်ကား
တုပ်ကွနှောင်ချည် ဘုံသုံးမည်တွင် ကျင်လည်သောအား။
ဆွေအားဖွဲ့ချည် ဖူးခြိမ့်သည်ဟု ဆော်စည်ခတ်တည်း။
မီးကျက်စံတည် ရွှေနှင့်ချည်သော် ကျောက်ရည်တက်ဟန်။
ပတ္တမြားတချည် ဆန်တပြည်သို့ ကြံစည်စတတ်။
ရွှေလှော်စံတည် မြနှင့်ချည်သို့ လူ့ပြည်၌တွင်။
မဏိတချည် လွတ်စံတည် ရောင်ခြည်ပြိုးပြိုးပြက်ပြက်တည်း။
စသည်ဖြင့် ဖွဲ့သည်၊ ချည်သည်၊အကွင်းချည်သည် ဆိုသောအရာ၌ထင်၏။
ထိုတွင် ရွှေနှင့်ချည်၏၊ မြနှင့်ချည်၏ ဟူသည်ကား မီးဖြင့်ကျက်နပ်သောစံထားရွှေနှင့်ချည်ဖွဲ့သဖြင့် ကျောက်ရည်
တက်၏။
လှော်ပြီးဦးပြီးသော စံထားရွှေနှင့်ဖွဲ့ချည်သဖြင့် ကျောက်ရည်တက်၏။
လှော်ပြီးဦးပြီးသောစံထားရွှေနှင့် မြကျောက်ကိုချည်ဖွဲ့စပ်နှောင်သကဲ့သို့ ဖြစ်၏။
ဤသို့သောအနက်ကို ဖေါ်သည်။
ဖွဲ့သည် ချည်သည် ဟူသောယခင်အနက် လည်ကောင်းတည်း။
ခြည်
ခအက္ခရာ ရစ်၍ညသတ်ကား
မိုးစွန်တိမ်ခြည် အိမ်ကိုရည်လော့ ငါးမည်ကြန်သင့်။
ထွက်မြဲနေခြည် နေလုံးတည်မှ ငွေရည်လျှံဝါ။
ဘုရားဟောခြည် နားတော်လည်၍ မြန်ပြည်တခွင်။
နီလာရောင်ခြည် လျှံပြေလည်သား မြရည်မယွန်း။
တသီးလျှံခြည် နေလရည်လည်း တူမည်ပြိုင်ခိုင်း။
မပြုန်းမကျည် ရွက်တူရှည်သား ပင်ခြည်သေးသေး။
ပုဆိုးသင်တည် ဝါခြည်တမုတ် ရွှေစင်ငွေရည် ဖန်ခြည်လျှံထွန်း။
စသည်ဖြင့် အရိပ်အခြည် ရောင်ခြည် လျှံခြည် ဝါပိုးခြည် ဆိုသောအရာတို့၌ထင်၏။
ထို၌ ခြည်ဟူသောဝေါဟာရကား အသွယ်အမျှင် ရိပ်ရိပ်ရေးရေး ထင်မြင်ကောင်းသည်ကို ဆိုမိန့်သောအရာဖြစ်၏။ သို့နှင့်လျှော်စွာ ရွှေငွေကြေး စသည်တို့ကို နန်းသို့သွင်း၍ စင်းစင်းလျားလျား အသွယ်အမျှင် အချောင်းအတံငယ်ကို နန်းခြည် ဆိုမိန့်ခြင်း။
ယင်းနှင့်အတူ အသွယ်အမျှင်ထင်ကောင်းသမျှ ပင့်ကူခြည်၊ ပိုးခြည်၊ ဝါခြည် ဆိုမိန့်သောအရာ များစွ။
နေခြည် ဖန်ခြည် ဆိုသည်တို့၌လည်း နေစသည်တို့မှ ကျယိုစီးထွက်သော အရောင်သည် အသွယ်အမျှင် ကယ့်သို့
ပြန့်နှံ့၍ထင်သော အမူအရာပင်ဖြစ်၏။
မိုးခြည်တိမ်ခြည်ဟူသည်လည်း မိုးတိမ်စသည်တို့မှ အရိပ်ပြန့်နှံ့သော အမူအရာ၎င်းဖြစ်၍ သဘောမကွဲသည်ဖြစ်၏။
ရောင်ခြည် လျှံခြည်ဟူသည်လည်း အရောင်အလျှံပင် ပြန့်နှံ့သောအချင်းအရာဖြစ်၏။
အရိပ်အခြည် ဟူသည်လည်း တည်ရာတစုံတခုမှ ထွက်သောအမူအရာ အခြည်အ၀ါ၎င်း ယူသင့်သောအရာဖြစ်၏။ ဤသည်တို့ကို ထောက်၍လျှင် မူလအနက်လျော်သည်သာ ဖြစ်သင့်၏။
ဗမာစာပညာရှင်တွေ ဗမာစာလေ့လာသူတွေ ဗမာစာဖတ်ပရိဿတ်တွေအနေနဲ့ ဘယ်ဟာက ပိုသင့်တော်ပြီး ဘယ်
အရာကတော့ ဖြင့်မသင့်တော်ပါလားဆိုတာကို ပိုင်းခြားသုံးသပ်ပြီး ပြင်ဆင်နိုင်အောင်လို့ စေတနာကို ရှေ့တန်းတင်
ပြီး အခုလိုရေးသားဖေါ်ပြလိုက်တာဖြစ်ပါတယ်။
အဲဒီတော့ ဗမာစာပညာရှင်တွေ ဗမာစာဖတ်ပရိဿတ်တွေကပြောတော့မယ်
နေစမ်းပါဦး ခင်ဗျားက ကရင်တယောက်ဖြစ်ပြီး ဗမာစာအကြောင်း ကို ပို့စ်တခုတင်ပြီးဆွေးနွေးနေတာ ဘာသ
ဘောလဲဗျ။
ဗမာစာကိုရော ဘယ်လောက်နားလည်နေလို့ အခုလိုရေးနေတာတုန်း။
မေးပါရစေဦး ခင်ဗျားတို့ ကရင်စာကရော တော်တော်ခိုင်မာနေပြီလား........။ ဆိုလျင်တော့ အဖြေရအင်မတန်ခက်
လှပါတယ်။
ကျုပ်တို့ ကရင်တွေ (အထူးသဖြင့် အရှေ့ပိုးကရင်တွေ) ကို ဘယ်ဗမာအစိုးရအဆက်ဆက်ကမျှ စာသင်ကျောင်း ဖွင့်ခွင့် မပေးခဲ့သလို ဘယ်ကရင်အစိုးရကမျှလည်း ခွင့်မပြုခဲ့လေတော့ ကရင်စာခိုင်မာလား မ်ခိုင်ဘူးလား ဆိုတာ
ထက် ဘယ်နှစ်ယောက်လောက်ဖတ်နိုင်သလဲ၊ ဘယ်နှစ်ယောက်လောက် ရေးနိုင်သလဲဆိုတာကို မေးရပါတော့
မယ်။
အဲဒီလိုမေးနေရတဲ့ စာမျိုးကိုဆွေးနွေးဘို့ဆိုတာကိုတော့ စဉ်းစားလို့ရနိုင်မယ်မထင်ပါဘူး။ ဆွေးနွေးတာဖြစ်မလာပဲ ညင်းခုံစရာတွေသာ ဖြစ်လာစရာရှိပါတော့တယ်။
အဲဒါကြောင့် စာဖတ်ပရိဿတ်အားလုံးနဲ့ ကရင်စာပညာရှင်များ ဗမာစာပညာရှင်များအာလုံး မယောင်ရာဆီလူးမိတဲ့ ကျုပ်ရဲ့ လုပ်ရပ်တွေအတွက် နားလည်ခွင့်လွှတ်ပေးဘို့တောင်းပန်ရင်း မိမိတို့ စာပေခိုင်မာရေးအတွက် ကြိုးပမ်းအား
ထုတ်ဘို့ အတတ်ပညာရှင် မျိုးဆက်သစ်ကရင်လူငယ်တွေကို တလေးတစား တိုက်တွန်းနှိုးဆော်လိုက်မိပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)





