• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Tuesday, October 2, 2012
လွှတ်တော်ဟာ မြန်မာနိုင်ငံရဲ့ တန်ဘိုးရှိတဲ့ဥပဒေစနစ်တစုံလုံးကို ဖျက်သိမ်းပစ်တော့မှာလား
လွှတ်တော်ဟာ
 မြန်မာနိုင်ငံရဲ့ တန်ဘိုးရှိတဲ့ဥပဒေစနစ်တစုံလုံးကို 
ဖျက်သိမ်းပစ်တော့မှာလား။
By အောင်ထူး (ရှေ့နေ)
အောက်တိုဘာလ (၂) ရက် ၂၀၁၂ ခုနှစ်
ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးတရားသူကြီးကိုးဦးအား အရေးယူဖိအားပေးနုတ်ထွက်စေလိုက်ပြီးနောက် လွှတ်
တော်သည် ဥပဒေစနစ်တစုံလုံးကိုပါ အနှစ်သာရအားဖြင့် ဖျက်သိမ်းတော့မည့် စိုးရိမ်ဘွယ်အနေအထားများအား
တွေ့မြင်နေရသည်။ မြန်မာနိုင်ငံသည် ငါးပါးသာမက သံဃာစင်ပါ မှောက်ပါတော့မည်။ အဘယ်ကြောင့်နည်း။
လွှတ်တော်တရပ်ခြင်းစီက ဖွဲ့စည်းလိုက်သည့်ကော်မတီများသည် ပြည်ထောင်စုအဆင့်မရှိကြောင်း တိုင်းပြည်၏ အ
မြင့်ဆုံးခုံရုံး က ချမှတ်လိုက်သောစီရင်ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတည်ဖြစ်နေပါလျှက် ဤဆုံးဖြတ်ချက်
ကို မလိုက်နာဘဲ လွှတ်တော်သည် ၄င်း၏ကော်မတီများအား ပြည်ထောင်စုအဆင့်ဖြင့် ဇွတ်အတင်းကျင့်သုံးစေ
လျှင်၊ မြန်မာနိုင်ငံ၏ ဥပဒေစနစ်အား အခြေခံအားဖြင့် ဖျက်သိမ်းပြီးရာရောက်သွားသောကြောင့်ဖြစ်သည်။
ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတရားသူကြီးအားလုံး နုတ်ထွက်သွားပြီဖြစ်သဖြင့် ၄င်းတို့ချမှတ်ထားခဲ့သော ဆုံးဖြတ်ချက်မှာ အလိုအလျှောက်ပျက်ပြယ်သွားပြီဟူ၍ လွှတ်တော်အမတ်တဦးဖြစ်သူ ဦးသိန်းညွန့်က ပြောဆိုသွားခဲ့ကြောင်း ဘီဘီစီက စက်တင်္ဘာလ (၆) ရက်နေ့တွင် အသံလွှင့်သွားခဲ့သည်။
ဤအတိုင်းပင် လွှတ်တော်အမတ်အများစုကလည်း ထင်မှတ်နေကြပုံရသည်။
ယင်းအချက်မှာ လုံးဝ လွဲမှားနေပါသည်။ ယင်းကို သာမန်လူထုများ နားလည်နိုင်ရန်မှာ မြန်မာနိုင်ငံ၏ ဥပဒေစနစ်
ကို ပြန်လည်လေ့လာဘို့ လိုပါမည်။
ကမ္ဘာတွင် အဓိကအားဖြင့် ဥပဒေစနစ်နှစ်ခုသာရှိပါသည်။
အင်္ဂလိပ်ဘာသာအားဖြင့် Common Law နှင့် Civil Law ဥပဒေစနစ်များ ဟူ၍ခေါ်သည်။
မြန်မာနိုင်ငံသည် ဗြိတိသျှ ကိုလိုနီအုပ်ချုပ်မှုအောက်တွင် နေခဲ့ရစဉ်အတွင်း ကွန်မွန်းလော Common Law ဥပဒေ စနစ်ကို အမွေဆက်ခံခဲ့သည်။ နယ်ချဲ့စနစ်ကို မည်သူမျှ မကြိုက်ကြပါ။
သို့ရာတွင် နယ်ချဲ့စနစ်အောက်မှရရှိခဲ့သော ကွန်မွန်းလောဥပဒေစနစ်ကိုမူ မြန်မာနိုင်ငံသမိုင်းတွင် ဗိုလ်ချုပ်အောင်
ဆန်းအပါအ၀င် မည်သည့်နိုင်ငံရေးခေါင်းဆောင်၊ မည်သည့်ဥပဒေပညာရှင်ကမျှ တိုက်ခိုက်ပြောဆိုခဲ့ခြင်း မရှိ၊ ယ
နေ့တိုင် တန်ဘိုးထားကာ လက်ခံကျင့်သုံးနေဆဲဖြစ်သည်။
ကွန်မွန်းလော ဥပဒေစနစ်၏ကြောရိုးကြီးမှာ တရားစီရင်ရေးနှင့် ၄င်းကစီရင်လိုက်သည့် စီရင်ထုံးများဖြစ်သည်။ ဘက်နှစ်ဘက်အငြင်းပွားကြသော မှုခင်းများအားလုံးတွင် တရားသူကြီးသည် ဘယ်ဘက်ကမှ မနေဘဲ အလယ်မှာ
တည့်တည့်ရပ်ခါ တရားရုံးရှေ့တွင် တင်ပြလာသော သက်သေအထောက်အထားများအပေါ်အခြေခံပြီး မှုခင်းများ ကို ဆုံးဖြတ်ကြရသည်။
သက်ဆိုင်ရာမှုခင်းများတွင် အမြင့်ဆုံးတရားရုံးကြီးများ၏ ဆုံးဖြတ်ချက်များကို စီရင်ထုံးများအဖြစ် ရွေးချယ်မှတ်တမ်း
တင်ပြီး တရိုတသေလေးစားလိုက်နာ ကျင့်သုံးကြရသည်။ အမြင့်ဆုံးတရားရုံးကြီးတရုံး၏ ဆုံးဖြတ်ချက်အပေါ် ဥပ
ဒေအကြောင်း အရာအရ တူညီသော မှုခင်းအသစ်တရပ်တွင် နောက်ထပ်စီရင်ထုံးအသစ် ထွက်ပေါ်လာပြီး ပြင်ဆင်
ဆုံးဖြတ်မှုမပြုမချင်း ပထမစီရင်ထုံးကို တပြည်လုံးလက်ခံ ကျင့်သုံးကြရသည်။
စီရင်ချက်ချမှတ်ပြီးနောက် အဆိုပါချမှတ်သူ တရားသူကြီးများနုတ်ထွက်သွားရုံမျှ၊ (သို့မဟုတ်) သေဆုံးသွားရုံမျှဖြင့် ၄င်းတို့ချမှတ်ခဲ့သည့် စီရင်ချက်ပျက်ပြယ်သွားပြီဟူ၍ ကမ္ဘာတခြမ်းနီးပါး ကွန်မွန်းလောဥပဒေစနစ်ကို ကျင့်သုံးလျှက်
ရှိသော မည်သည့်နိုင်ငံကမျှ လက်ခံမည် မဟုတ်ပါ။ ရယ်မောလှောင်ပြောင်ဘွယ်ပင် ဖြစ်ပါဦးမည်။
ဥပဒေ နယ်ပယ်တွင် Living by the dead ဟူသော စကားလုံးပင် ရှိပါ သေးသည်။
“ သေသွားသူတို့ကို အခြေပြု၍ ရှင်သန်ခြင်း” ဟူသော အဓိပ္ပါယ် ရှိသည်။
ဆိုလိုသည်မှာ စီရင်ချက် ချမှတ်လိုက်သော တရားသူကြီးများ ကွယ်လွန်သွားခဲ့ကြပြီ ဖြစ်သော်လည်း ၄င်းတို့ချမှတ်
လိုက်သည့် စီရင်ချက်များအား (နောက်ထပ် စီရင်ထုံးအသစ်တခု မထွက်မခြင်း) လေးစား လိုက်နာကျင့်သုံးကြရ
ခြင်းကြောင့် ဖြစ်သည်။
ဤသည်မှာ ကွန်မွန်းလော ဥပဒေစနစ်၏ အခြေခံကြောရိုးကြီးဖြစ်သည်။
မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်ပါ။
လွတ်လပ်ရေးရပြီးနောက် ကွန်မွန်းလော ဥပဒေစနစ်၏ အခြေခံကြောရိုးကြီးကို အားကောင်းစွာ ဖေါ်ဆောင်ခဲ့သည်။ လွတ်လပ်သည့်တရား စီရင်ရေးစနစ်ကျင့်သုံးခွင့်ရခဲ့သည့် ၁၉၄၈ မှ ၁၉၆၂ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ ဥပဒေ စနစ်
ကို အာရှနိုင်ငံများက လေးစားကြရပြီး စီးပွားရေးဖွံ့ဖြိုးမှုကို ကွန်မွန်းလောဥပဒေစနစ်က များစွာကျားကန်ပေးခဲ့
သည်။
၁၉၆၂ တွင် စစ်အာဏာသိမ်းခံခဲ့ရပြီးနောက် ဗိုလ်ချုပ်နေ၀င်းသည် နိုင်ငံရေးစနစ်တစုံ လုံးကို ဖျက်ဆီးခဲ့သော်လည်း ကွန်မွန်းလော ဥပဒေစနစ်ကို မထိပါးခဲ့။ ယခုအချိန်အထိ ဆက်လက်ရှင်သန် ကျင့်သုံးနေဆဲဖြစ်သည်။ ဗိုလ်ချုပ်နေ၀င်း ဖျက်ဆီးခဲ့သည်များအနက် အခြေခံကြီးတရပ်မှာ လွတ်လပ်သောတရားစီရင်ရေး ဖြစ်သည်။
မြန်မာနိုင်ငံအား ဟောင်ကောင်နှင့် နိုင်းယှဉ်ကြည့်ပါ။
ဟောင်ကောင်သည်လည်း ဗြိတိသျှ ကိုလိုနီအောက်တွင်နေခဲ့ရပြီး စီးပွားရေးအရ တောင့်တင်းလာသဖြင့် အာရှကျား
လေးကောင်စာရင်းတွင် ထည့်သွင်းခြင်းခံခဲ့ရသည်။
၁၉၉ရ ခုနှစ်တွင် တရုပ်ပြည်မကြီးနှင့်ပေါင်းသွားပြီးနောက်ပိုင်း ဟောင်ကောင်၏ စီးပွားရေးအားကို ရှန်ဟိုင်းနှင့် နိုင်း
ယှဉ်ကြည့်ကြသည်။
ရှန်ဟိုင်းသည် မြို့အလွန်ကြီးသောကြောင့် စီးပွားရေးထုထည်မှာမူ ဟောင်ကောင်ထက်ပိုကြီးသည်။ သို့ရာတွင် စီး
ပွားရေး၌ အားကောင်းထက်မြက်မှုအရ ဟောင်ကောင်ကို မမှီဟုသုံးသပ်ကြသည်။ အဘယ်ကြောင့်နည်းဟု အဖြေ ရှာသောအခါ ဟောင်ကောင်တွင် ကွန်မွန်းလော ဥပဒေစနစ်အခြေခံ၌ လွတ်လပ်သောတရားစီရင်ရေးစနစ် ကျင့်သုံး
နိုင်မှုကို တွေ့ခဲ့ကြသည်။
ဟောင်ကောင် တက္ကသိုလ်အား အာရှတိုက်၌ အကောင်းဆုံးတက္ကသိုလ်အဖြစ်ပင် သတ်မှတ်ခြင်းခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအကြားဖြစ်ပွားခဲ့သော အငြင်းပွားမှုအပေါ်အခြေ
ခံကာ ခုံရုံးက ချမှတ်ခဲ့သော စီရင်ချက်သည်အလိုအလျှောက် ပျက်ပြယ်ခြင်း ရှိ မရှိ အကြီးမားဆုံး ဥပဒေပြဿနာ
ပေါ်လျှက်ရှိသည်။
ယင်းနှင့် စပ်လျှဉ်း၍ ဟောင်ကောင်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခ Simmon Young က အောက်ပါအ
တိုင်းသုံးသပ်သည်။
“တကယ်လို့ လွှတ်တော်အနေနဲ့ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မကြေနပ်ရင် ကွန်မွန်းလော ဥပဒေစနစ် အရ သက်ဆိုင် ရာ ဥပဒေကိုပြင်ပြီး ( တရားရုံးနဲ့ဆွေးနွေး ညှိနိုင်းတဲ့ အခြေခံမှာ) အမှုကို နောက်တခါပြန်စီရင်၊ ဒါမှ မဟုတ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဘို့သာရှိတယ်။
ကွန်မွန်းလော ဥပဒေစနစ်အရဆိုရင် တရားသူကြီးတွေ ပြောင်းလဲသွားပေမယ့် တရားရုံးရဲ့စီရင်ချက်ကမပြောင်းဘူး။
 ဆက်လက်တည်ရှိနေတယ်။
ဒါကိုပြောင်းနိုင်ဘို့ဆိုရင် သင့်တော်တဲ့ မှုခင်းတခုမှာ ဥပဒေနဲ့အညီဖွဲ့စည်းထားတဲ့ တရားရုံးတခုက တရားစီရင်ရေး
ဆိုင်ရာ ဆုံးဖြတ်ချက်တခု ထပ်မံချမှတ်ဘို့လိုအပ်မှာဖြစ်တယ်။”
စာရေးသူသည် မြန်မာနိုင်ငံတွင် ကွန်မွန်းလော ဥပဒေစနစ်နောက်ခံ၌ လက်ရှိပေါ်ပေါက်လျှက်ရှိသော ဤဥပဒေရေး
ရာ ပြဿနာကြီးနှင့် စပ်လျှဉ်း၍ နိုင်ငံတကာမှ ဥပဒေပညာရှင်များထံ ထပ်မံချည်းကပ်လေ့လာပါသည်။
ဆွီဒင်နိုင်ငံ စတော့ဟုမ်း တက္ကသိုလ် ဥပဒေပညာဌာနမှ နိုင်ငံတကာ ဥပဒေပါမောက္ခ ဒေါက်တာ ဒေးဗစ် ဖစ်ရှာ နှင့် အင်္ဂလန်နိုင်ငံတွင် အခြေစိုက် နေထိုင်လျှက် ရှိသော ၀တ်လုံတော်ရ နှင့် ဥပဒေပညာရှင် တဦး (အိုင်ယာလန်နိုင်ငံမြောက်ပိုင်း၏ ဥပဒေကော်မရှင်နာ မင်းကြီး ဖြစ်သော) ဒေါက်တာ ဗင်းခက် အိုင်ယာ တို့ကလည်း
ဟောင်ကောင်တက္ကသိုလ်မှ ပါမောက္ခ ဆိုင်မွန်ယန်း နှင့် အလားတူ သဘောထားများ ပေးကြသည်။
 (၄င်းတို့ ၏ သဘောထားမှတ်ချက် မူရင်းများအား စာရေးသူက အင်္ဂလိပ်ဘာသာဖြင့် ရေးသားသော ဤဆောင်းပါး တွင်ရှုပါ။
  • ဒီနေရာကို ကလစ်လိုက်ပါ
  • ထိုနည်းတူပင် အမေရိကန်ပြည်ထောင်စု အင်ဒီးယားနား တက္ကသိုလ် မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပညာရှင် ပါမောက္ခ ဒေးဗစ် ၀ီလီယမ် ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၂၄ အရ ခုံရုံး၏ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်ကြောင်း ထောက်ပြ၍ အောက်ပါအတိုင်းမှတ်ချက်ပြုသည်။
    “In a common law system, the tribunal’s decision stands even though the justices have been impeached.
    The decision is precedent unless and until a future tribunal overturns it.
    Though the Hluttaw may have the power to impeach judges, it does not have the power to overturn judicial decisions, which is purely judicial business, not legislative.
    Clearly, the 2008 constitution contemplates that arrangement.
    Section 322 gives the constitutional tribunal the power to interpret the constitution, and Section 324 says that decisions of the tribunal shall be final and conclusive.”
    အခြေခံဥပဒေဆိုင်ရာ ခုံရုံးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရပင်လျှင် တရားစီရင်ရေးကဏ္ဍတွင် အထင်
    ကရ ထည့်သွင်း ပြဌာန်းတည်ဆောက်ထားသော တရားရုံးကြီးဖြစ်သည်။
    အင်မတန်မှ သေချာသောအချက်မှာ လွှတ်တော်အနေဖြင့် ခုံရုံးတရားသူကြီး များအား ဖြုတ်ထုတ် နိုင်သော်လည်း ခုံရုံးမှ ချမှတ်ထားခဲ့ပြီး ဖြစ်သော ဆုံးဖြတ်ချက်ကို ၄င်းတို့အလိုကျ ပြောင်းပြန်လှန်၍ မရပါ။
    တရား သူကြီးများကို ဖြုတ်လိုက်ရုံဖြင့် ခုံရုံး၏ဆုံးဖြတ်ချက်သည် အလိုအလျှောက်ပျက်ပြယ်မသွားပါ။ ဤတွင် ပြဿနာရှိလာပါသည်။ လွှတ်တော်သည်လည်းကောင်း သမ္မတ သည်လည်းကောင်း ဘာဆက်လုပ်ကြ
    မည်နည်း ဟူ၍ဖြစ်သည်။
    တိုင်းပြည်၏ အမြင့်ဆုံး တရားသူကြီးများအား ဖြုတ်ထုတ်စေလိုက်ခြင်းဖြင့် တရားစီရင်ရေးမဏ္ဍိုင်သည် ကြီးကြီး မား
    မား ယိမ်းယိုင်သွားခဲ့ပြီ။
    လွတ်လပ်သော တရားစီရင်ရေး ၏ အခြေခံကို ပြောင်ပြောင်တင်းတင်း ရိုက်ချိုးလိုက်ခဲ့ပြီ။
    အမြင့်ဆုံး တရားရုံးကြီး၏ တရားသူကြီးများသည် နိုင်ငံရေးအစုအစည်းဖြစ်သော လွှတ်တော်ကို ဒူးထောက်ခဲ့ရပြီ။
    မြန်မာနိုင်ငံ၏ တရားစီရင်ရေးရာဇ၀င် ရိုင်းသွားခဲ့ပြီဖြစ်သည်။
    လူထုအတွက် အားကိုးရာ လွတ်လပ်သည့် တရားစီရင်ရေး မဏ္ဍိုင်ဟူသည်မှာ စိတ်ကူးအိပ်မက် ဖြစ်သွားခဲ့ပြီ။
    ထိုမှတဖန် လွှတ်တော်သည် ဘာဆက်လုပ်ဦးမည်နည်း။
    အမြင့်ဆုံးတရားရုံး၏ စီရင်ချက်ကိုမလိုက်နာဘဲ လွှတ်တော်သည် ၄င်းဖာသာချမှတ်ထားသောဆုံးဖြတ်ချက်ကို ဇွတ်
    အတင်း အကောင်အထည်ဖေါ်သွားမည်ဆိုလျှင် ကွန်မွန်းလော ဥပဒေစနစ်အခြေခံတွင် တည်ဆောက်ထားသည့် ဥပဒေစိုးမိုးရေး ပျက်သွားပြီဟု ပြောရပါမည်။
    မှုခင်းများ၏ အပြီးအပြတ်အဆုံးအဖြတ်သည် တရားစီရင်ရေးတွင်မရှိတော့ဘဲ လွှတ်တော်ကယူလိုက်သည့် သဘော
    သက်ရောက်သွားခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ဖြစ်လျှင် ဥပဒေစနစ်တစုံလုံးပျက်သွားပါမည်။
    အကျိုးဆက်အနေဖြင့် နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမှုများ ကြီးကြီးမားမားလာရောက်ရန် မမျှော်လင့်ပါနှင့်တော့။ ဥပဒေစိုးမိုးရေးကင်းမဲ့သောနိုင်ငံတွင် မည်သည့်နိုင်ငံခြားကုမ္မဏီကြီးများကမျှ ရေရှည်အခြေတကျ လာရောက်မြှုပ်နှံ
    ရန်မရှိ။ ပေါ်ပင် အညွန့်ခူးစားနိုင်သည့် လုပ်ငန်းမျိုးတွင်သာ လုပ်ကိုင်ကြမည်။
    လူထုများ ဆင်းရဲတွင်း ဆက်နက်နေပါမည်။
    အမြင့်ဆုံးတရားရုံး၏ စီရင်ချက်ကိုမလိုက်နာဘဲ လွှတ်တော်သည် ဆက်လက်၍ မိုက်တွင်းနက်နေမည်၊ တရားစီရင်
    ရေးကဏ္ဍ၏ အရေးပါမှုကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုထားမည်ဆိုလျှင် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းေ
    ရေးသည်လည်း ရွှေပြည်တော် မြှော်တိုင်းဝေးဖြစ်သွားပါတော့မည်။
    ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရများအကြား၊ ပြည်နယ်အစိုးရအချင်းချင်းအကြား၊ နိုင်ငံသား တဦးချင်းစီ
    နှင့် အစိုးရများအကြား ဖြစ်ပွားသည့် ပြဿနာများမှာ အစိုးရ၏တာဝန်၊ နိုင်ငံသားများ၏ အခွင့်အရေး၊ ပြည်ထောင်
    စု အဖွဲ့ဝင်ပြည်နယ်များ၏ ရပိုင်ခွင့် စသည်တို့နှင့် သက်ဆိုင်နေလျှင် ဖွဲ့စည်းပုံဆိုင်ရာခုံရုံး၏ ဖြေရှင်းမှုကို အပြီးသတ်
    နှင့် နောက်ဆုံးအနေနှင့် လက်ခံရပါမည်။
    ဤနည်းဖြင့်သာ နိုင်ငံရေးပြသနာကြီးများအား လက်နက်ကိုင်ဖြေရှင်းစရာမလိုတော့ဘဲ ငြိမ်းချမ်းစွာဖြေရှင်းခွင့်ရခြင်း
    အားဖြင့် စစ်မှန်သော ငြိမ်းချမ်းမှု၏ အခြေခံကို တည်ဆောက်နိုင်ပါမည်။
    ယင်းသို့ဖြစ်စေရန် တရားလွှတ်တော်ချုပ်နှင့် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတို့မှာ လွတ်လပ် ၊ထက်မြက်၊ အားကောင်းနေဘို့
    လိုပါသည်။ ဤအခြေခံကို ပြန်လည်တည့်မတ်ရန် နည်းလမ်းမရှာဖွေနိုင်ပါက တစစီပြိုကွဲလျှက်ရှိသော ပြည်ထောင်
    စုကြီးကို ငြိမ်းချမ်းစွာ ပြန်လည်တည်ဆောက်ရန် မမြှော်မှန်းပါနှင့်တော့။
    ယခုကျင်းပလျှက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများသည် လည်းကောင်း၊ ပင်လုံကဲ့သို့အလားတူညီလာခံကြီး တ
    ခုကျင်းပရန်ကြိုးစားနေကြသည် စသည်တို့သည်လည်းကောင်း၊ တံလျှပ်ကို ရေထင်၊ ရွှေသမင် အလိုက်မှားသည့် ကိန်းဖြင့်သာ နိဂုံးကမ္ပတ် အဆုံးသတ်ဘွယ် ရှိပါသည်။
    သမ္မတ ဦးသိန်းစိန်သည် များမကြာမီ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတရားသူကြီးများကို ခန့်ရပါတော့မည်။ ခန့်ပြီးလျှင် သမ္မတ
    အနေဖြင့်ဘာဆက်လုပ်မည်နည်း။ လွှတ်တော်က ဖွဲ့စည်းထားသောကော်မတီများအား လွှတ်တော်၏အလိုကျ ပြည်
    ထောင်စု အဆင့်သတ်မှတ်ကာ ခံစားခွင့်များထုတ်ပေးတော့မည်လော။
    သို့မဟုတ် ၂၀၀၈ ဖွဲ့စည်းပုံနှင့်အညီ ခုံရုံး၏ဆုံးဖြတ်ချက်မှာ အပြီးအပြတ်နှင့် အတည်ဖြစ်သည် ဟူသောအချက်ကို လက်ခံကာ လွှတ်တော်၏ဆန္ဒကို အတိအလင်းငြင်းဆန်မည်လား။
    ခုံးရုံးဆုံးဖြတ်ချက်ကြီး အထင်အရှားရှိနေပါလျှက် လွှတ်တော်၏အလိုကို လိုက်နာမည်ဆိုလျှင် သမ္မတသည်လည်း ဥပဒေစိုးမိုးရေးကို ဖျက်ဆီးသည့် ကြံရာပါဘ၀နှင့် နိဂုံးချုပ်သွားပါမည်။
    ယင်းသို့မဖြစ်စေလိုလျှင် သမ္မတသည် အသစ်ခန့်လိုက်သော ခုံရုံးတရားသူကြီးများရှေ့မှောက်တွင်မှုခင်းကို ပြန်
    လည်တင်သွင်းပြီး ထပ်မံဆုံးဖြတ်စေရပါမည်။
    ဤတွင် ခုံရုံးအသစ်သည် ခုံရုံးအဟောင်း၏ ဆုံးဖြတ်ချက်အတိုင်း အတည်ပြုရပ်တည်သွားမည် ဆိုပါက လွှတ်တော်
    သည် ဘာဆက်လုပ်မည်နည်း။
    ခုံရုံးတရားသူကြီး အသစ်များကို ထပ်မံဖြုတ်ဦးမည်လော။
    ယင်းသို့ ဖြစ်ပါက မြန်မာနိုင်ငံ တရားစီရင်ရေး သမိုင်းသည် ရိုင်းသည့် အဆင့်ထက်ပင်ကျော်လွန်ကာ ပျက်ရယ်ပြု
    ဘွယ်ဖြစ်သွားပြီး လွှတ်တော်သာမက တနိုင်ငံလုံးပါ နိုင်ငံတကာရှေ့မှောက်တွင် အရှက်ကွဲပါတော့မည်။
    အထက်ပါ အကြပ်အတည်းများကို ကျော်လွှားရန်မှာ တနည်းသာရှိသည်။
    ယင်းမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တရားစီရင်ရေး ကဏ္ဍမှ စတင်၍ ထိထိရောက်ရောက် ပြင်လိုက်ရန်
    ဖြစ်သည်။
    မိမိတို့ယုံကြည်လေးစားသည့် တရားသူကြီးများ ရရှိရေးအတွက် တရားလွှတ်တော်ချုပ်နှင့် ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံး
    တရားသူကြီးများအားရွေးချယ်ခန့်အပ်မှု မည်သို့ ဖြစ်သင့်သည်ဟူသည်ကို လူထုထံမှ သဘောထားတောင်းခံသည့် လုပ်ငန်းစဉ်ကို အမြန်ဆုံးစတင်ရန်လိုသည်။
    ခန့်အပ်ပြီးသော တရားသူကြီးများ ရာထူးနေရာ တည်မြဲမှုအတွက်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအကျ ထည့်သွင်းပြဌာန်းရပါမည်။ လွှတ်တော်၏ ရေးရာ ကော်မတီများ မှာ မည်သည့် အဆင့်ဖြစ်သင့်သည်ကို လူထုထံမှ သဘောထားတောင်းခံပြီး ဖွဲ့စည်းပုံတွင် အတိအလင်းဖေါ်ပြရပါမည်။
    ၂၀၀၈ ဖွဲ့စည်းပုံအား တရားစီရင်ရေးကဏ္ဍမှ စတင်ပြင်ဆင်မည်ဆိုလျှင် တဆက်တည်းလုပ်သင့်သည်မှာ စစ်ဘက်
    ဆိုင်ရာ တရားရုံးများဟူသည်ကို လုံးဝထုတ်ပယ်လိုက်ရန်ဖြစ်သည်။
    စစ်ဘက်ဆိုင်ရာတရားရုံးများ သီးခြားခွဲတည်ထောင်ထားမှုမှာ လုံးဝမဖြစ်သင့်ပါ။ စစ်ဘက်ဆိုင်ရာတရားရုံးကို သီး
    ခြားခွဲတည်ထောင်ပြီး အယူခံစီရင်ပိုင်ခွင့်အာဏာကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရယူထားခြင်းအားဖြင့်
    တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို မည်သည့် တရားရုံးကမျှ စီရင်ပိုင်ခွင့်မရှိတော့သောကြောင့်ဖြစ်သည်။
     ယင်းသို့ ဖြစ်နေသမျှ မြန်မာနိုင်ငံသည် မည်သည့်အခါတွင်မျှ ဥပဒေစိုးမိုးရေးမရနိုင်ပါ။ စစ်ဘက်ဆိုင်ရာ တရားရုံး
    များသည် အရပ်ဘက်ဆိုင်ရာ အမြင့်ဆုံးတရားရုံးကြီးများ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိရပါမည်။
     ဤအတိုင်းပင် တည်ဆဲဖြစ်သော ၁၉၅၉ ခုနှစ် တပ်မတော်ဥပဒေတွင် ပြဌာန်းထားရှိပြီးဖြစ်သည်။
    ၂၀၀၈ ဖွဲ့စည်းပုံတွင် စစ်ဘက်ဆိုင်ရာတရားရုံးများ သီးခြားခွဲတည်ထောင်ထားမှုကို ဖျက်သိမ်းပြီး ၁၉၅၉ ခုနှစ် တပ်မ
    တော် ဥပဒေအတိုင်း ပြန်လည်အသက်သွင်းကျင့်သုံးခြင်းဖြင့်သာ ဥပဒေစိုးမိုးရေး တည်ဆောက်နိုင်မည်ဖြစ်ပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအား တရားစီရင်ရေးကဏ္ဍမှ စတင်ပြင်ဆင်ရန်ကိုပင် လွှတ်တော်အမတ်ဟူသော ပုဂ္ဂိုလ်များက မသိ
    ကျိုးကျင်ပြုနေကြပါက တချိန်တွင် လူထုသည်အုံကြွကာ (၁၉၇၄ ဖွဲ့စည်းပုံတခုလုံးအား ဆုတ်ဖြဲလွှင့်ပစ်ခဲ့သကဲ့သို့) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုလုံးအား သမိုင်းအမှိုက်ခြင်းထဲသို့ ထည့်ပစ်လိုက်နိုင်ဘွယ် အရိပ်အယောင်များ စတင်တွေ့မြင်နေရပါပြီ။
    အောင်ထူး (ရှေ့နေ)
    အောက်တိုဘာလ (၂) ရက် ၂၀၁၂ ခုနှစ်