Source Photo from http://www.google.com/images
မျက်ရည်
By မင်းစိုးစံ
December 5, 2012 Wednesday
မျက်ရည်ကျဘူးကြပါသလား။ ကျုပ်အတတ်ပြောရဲတာတခုကတော့ လူတိုင်းမျက်ရည်ကျဘူးကြပါတယ်။ လူ့တသက်တာမှာ အနည်းဆုံး မဖြစ်မနေတကြိမ်လောက်တော့ လူတိုင်းမျက်ရည်ကျဘူးကြပါတယ်။ ကျဘူးရပါလိမ့်မယ်။
လူ့ဘ၀တသက်တာမှာ တကြိမ်တခါမျှမျက်ရည်မကျဘူးဘူးဆိုတဲ့ လူကတော့ အင်မတန်ရှားပါးတဲ့အံ့သြစ
ရာကောင်းတဲ့လူဖြစ်ပါလိမ့်မယ်။
တခုတော့ရှိပါတယ် ခလောက်နို့သားပြောသလို မင်းငါ့အကြောင်း ကောင်းကောင်းမသိသေးလို့ပါကွာ၊ သိ
လျင် မင်းရဲ့မျက်ရည် ဘယ်ဘက်တဘက်ပဲကျလိမ့်မယ်၊ လို့ပြောတော့ သူ့သူငယ်ချင်းက ဘာဖြစ်လို့ ဘယ်
ဘက်တဘက်တည်းကျရမှာလဲ လို့ပြန်မေးတော့ ညာဘက်က ကန်းနေတာကိုး လို့ပြန်ပြောသတဲ့ဗျာ။
ကဲထားလိုက်ပါတော့၊ ကျုပ်ကတော့ မျက်ရည်အကြိမ်ကြိမ်ကျဘူးပါတယ်။ လူမသိသူမသိကျခဲ့တဲ့မျက်ရည်၊ ကျ နေတဲ့မျက်ရည်။ လူရှေ့သူရှေ့မှာကျခဲ့တဲ့မျက်ရည်။
အဲဒီလိုမျက်ရည်ပေါက်တွေ ကျခဲ့ရ၊ ကျနေရပါတယ်။
တခါတလေ ကျုပ်ဘ၀ရပ်တည်နိုင်ဘို့အရေးမှာ ကျုပ်ရဲ့မျက်ရည်တွေကို အလွန်အကျွံသုံးနေမိသလားဆို
တာ တွေးနေမိပါတယ်။
ချစ်သူခင်သူတွေနဲ့ ကွေကွင်းရလို့ကျတဲ့မျက်ရည် ရှိသလို၊ ကိုယ့်ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ လွင့်
ပါး ပျောက်ဆုံးရတဲ့အချိန်မျိုး၊ ပြီးတော့ နာကျည်းဒေါသဖြစ်လို့ မျက်ရည်တွေကျရသလို ၀မ်းသာလွန်းတဲ့အ
ခါမျိုးမှာ မျက်ရည်ကျတာမျိုးလည်းရှိပါတယ်။
ကျုပ်အတွက် ၀မ်းသာလို့ကျတဲ့ မျက်ရည်ကတော့ ရှားပါတယ်။
ဒါကတော့ ကျုပ်တယောက်ထဲ ကျရတဲ့မျက်ရည်အကြောင်း ခပ်ပါးပါးလေး ရေးပြလိုက်တာပါ။
Source Photo from http://www.google.com/images
ကမ္ဘာပေါ်က လူတွေကျခဲ့ရတဲ့ အယောက်စီတိုင်းရဲ့မျက်ရည်ကိုသာ ခွက်တခုခုနဲ့ ခံထားခဲ့မယ်ဆိုလျင် အခု
လောက်ဆို သမုဒ္ဒရာတစင်းစာမကရှိနေနိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။
အခုဆိုကျုပ်တို့နေထိုင်တဲ့ကမ္ဘာမြေကြီး မျက်ရည်ကျနေရှာပါပြီ။
သူ့ကျန်းမာရေးချို့တဲ့နေလို့ပါ။
သူ့ကျန်းမာရေးအတွက် ဘယ်သူတွေမျှ ထိထိရောက်ရောက် ဂရုမစိုက်ကြပါဘူး။
လူသားတွေဟာ ကမ္ဘာမြေကြီးကို ကျေးဇူးဆပ်ရ ကောင်းမှန်းမသိခဲ့ကြပါဘူး။
သင်္ခါရသဘောတရားအရ ကမ္ဘာမြေကြီးဟာ ပျက်ဆီးပျောက်ကွယ်သွားရမှာ မလွဲပါဘူး။ အဲဒါကိုသိပါလျက်နဲ့ လူသားတွေဟာ ကမ္ဘာမြေကြီး ထာဝရကျန်းမာနေဘို့အတွက် ဘယ်လိုဂရုစိုက်ရမလဲ ဆိုတာ မစဉ်းစားခဲ့ကြပါဘူး။
ပျက်ဆီးတော့မယ့် ကမ္ဘာမြေကြီးကို ဘယ်လိုနည်းနဲ့စွန့်ခွါရမလဲဆိုတာကိုသာ စိုင်းပြင်းစဉ်းစားရင်း တစိုက်
မတ်မတ် လုပ်ဆောင်နေခဲ့ကြပါတယ်။
အာကာသတွေမှာ စခန်းကြီးတွေဆောက်ဘို့ အချိန်ပေးကြတယ်၊ ငွေကြေးမြောက်များစွာ အကုန်အကျခံပြီး အာကာသ စူးစမ်းလေ့လာမှုကြီးတွေကိုလုပ်ကြတယ်။
တကမ္ဘာလုံးမှာရှိတဲ့နိုင်ငံအားလုံးရဲ့ စမ်းသပ်မှုတနှစ်စာကုန်ကျ ငွေ ဘယ်လောက်ရှိတယ်ဆိုတာ မတွက်ဆ
မခန့်မှန်းနိုင်အောင်များပြားပေမယ့် ကမ္ဘာကြီးအတွက်သုံးတဲ့ငွေကတော့ အာကာသယဉ်တစီးစာရဲ့ ဆောက်
လုပ်မှုကုန်ကျငွေလောက်တောင် ရှိမယ်မထင်ပါဘူး။
လက်နက်တွေကို သူ့ထက်ငါ အစွမ်းထက်အောင်ထုတ်လုပ်ကြပေမယ့် ကမ္ဘာကြီးငြိမ်းချမ်းဘို့အတွက်သုံးတဲ့
ငွေကျတော့ တကမ္ဘာလုံးကလက်နက်ထုတ်လုပ်မှုကုန်ကျငွေရဲ့ အပုံတစ်သန်းပုံလျင် တစ်ပုံတောင်ရှိမယ်မ
ထင်ပါဘူး။
အခုဆို ကမ္ဘာကြီး မျက်ရည်ကျနေပါပြီ။
၂၄နာရီလုံးလုံးဖွင့်တဲ့ဆိုင်တွေလို ကမ္ဘာကြီးခမျာ ၂၄နာရီလုံးလုံးငိုကြွေးနေပါပြီ။
ကမ္ဘာမြေကြီးရဲ့ အလေးချိန်ဟာလည်း လျော့ကျလာနေပါပြီ၊ အပေါက်အပြဲတွေ ချိုင့်ခွက်တွေနဲ့ ရုပ်ပိုင်းဆိုင်
ရာအရ ယိုယွင်းနေပါပြီ။
ဘယ်သူမျှ ပြုစုကုသဘို့ မတွေးတောကြပါဘူး။
ကမ္ဘာမြေကြီးရဲ့ အသွေးအသားကို သူ့ထက်ငါ အလုအယက် ဖေါက်ထုတ်နေကြပါပြီ။ သူတို့ကိုယ်ကျိုးအတွက် အများစုဟာ လိုအပ်တာထက် ပိုပြီးဖေါက်ထုတ်နေကြပါတယ်။
ကမ္ဘာကြီးဟာ သက်တမ်းစေ့နေသွားဘို့ ရပ်တည်လို့မဖြစ်နိုင်တော့တဲ့အခြေအနေမျိုး ပိုပိုပြီးနီးကပ်လာနေ
ပါပြီ။
သူ့ကိုကုသမယ့်သူမရှိတဲ့နောက် သူ့အတွက်သူ့ဘာသာသူ ကုသနေရရှာပါပြီ။ သူ့ကုသနည်းကတော့ လေမုန် တိုင်းတိုက်ခတ်ပြီးတော့ အဆောက်အဦးတွေကို မြေပြင်ပေါ်မှာ ပြားပြားဝပ် ဖွပ်ဖွပ်ကြေစေသလို မီးမုန်တိုင်းနဲ့ လူတွေဖန်တည်းထားတဲ့အရာတွေကို ပြာချပစ်ပါတယ်။
လေဆင်နှာမောင်းမုန်တိုင်းဆင်ပြီး လူသားတွေရဲ့ပိုင် ဆိုင်မှုကို ၀ါးမြိုပစ်ပြီး မိုးမုန်တိုင်းနဲ့ နေရာထိုင်ခင်းတွေ
ကို ရေမြှုပ်ပစ်သလို မိုးကြိုးမုန်တိုင်း ငလျင်မုန်တိုင်း အပူလှိုင်း သဲမုန်တိုင်း စတာတွေနဲ့ သူ့ရဲ့အတွင်းပိုင်းမှာ ဂလိုင်ဖြစ်နေတာတွေကို အစားထိုးနေရရှာပါတယ်။
ကုသမှုမခံရတဲ့ ကမ္ဘာကြီးခမျာ လူသားတွေရဲ့ငိုကြွေးသံတွေကို မခံနိုင်တော့ပေမယ့် မျိုးဆက်သစ်လူသား
တွေအတွက် လက်ရှိလူသားတွေရဲ့ ကိုယ်ခန္ဒာ ရုပ်ဝတ္ထုပစ္စည်းတွေကို မလွှဲသာမရှောင်သာ ပူလောင်လွန်း
တဲ့နေရာ အေးခဲနေတဲ့ဒေသ ဟောင်းလောင်းကြီးဖြစ်နေတဲ့နေရာအတွက် မျှမျှတတ ဖြစ်အောင်သူ့နည်းသူ့
ဟန်နဲ့ ဖြည့် ဆည်းထိန်းသိမ်းနေရပါပြီ။
ကျုပ်တို့လူသားတွေ ကမ္ဘာကြီးကိုပစ်ထားလို့ မရသလို ပစ်သွားလို့မရသေးပါဘူး။
ဘာဖြစ်လို့လဲဆိုလျင် အခု ထက်တိုင် ကျုပ်တို့လူသားတွေအတွက် နေထိုင်ဘို့သင့်တော်တဲ့ နေရာဆိုတာ
မရှိသေးလို့ပါ။
ဒီတော့ ကျုပ်တို့တတွေ မိုးကိုမျှော်ကြည့်ပြီး ကမ္ဘာမြေကြီးကို ခြေကန်ရုန်းဘို့မဖြစ်နိုင်ပါဘူး။
ကျုပ်တို့တတွေ ကမ္ဘာကြီးကိုခြေကန်ရုန်းဘို့အတွက် ကြိုးစားလုပ်နေတာတွေကိုရပ်တန့်ပြီး အဲဒီအတွက် သုံးမယ့်ငွေတွေကို ကမ္ဘာမြေကြီးကိုပြုစု စောင့်ရှောက်ဘို့နေရာမှာ အစားထိုးသုံးစွဲဘို့လိုအပ်နေပါပြီ။
ကမ္ဘာကြီးကိုစောင့်ရှောက်ဘို့သာရေးနေတာ ကိုယ့်တိုင်းပြည်မှာဖြစ်နေတဲ့ပြဿနာတောင် ဘာမျှမလုပ်နိုင်
ပဲနဲ့များ၊ ဘ၀အဖိနှိပ်ခံပြည်သူတွေရဲ့မျက်ရည်ကို သုတ်မပေးနိုင်ပဲနဲ့များ၊ ဘ၀တူအဖိနှိပ်ခံပြည်သူတွေအ
တွက် ဘာတခုမျှ အကူအညီမပေးနိုင်ပဲနဲ့များ၊မတန်မရာရေးမိတဲ့အတွက်ဖတ်မိတဲ့လူတွေ ဒေါသဖြစ်နေ
ကြပြီထင်ပါတယ်။
ဒေါသမဖြစ်ကြပါနဲ့ဗျာ။
ကမ္ဘာကြီးအတွက် တခုခုတော့လုပ်ပေးကြပါစို့လို့ တိုက်တွန်းရင်း သူတပါးမျက်ရည်ကျပါမှ ကိုယ်ရာထူးရ
မယ့် မြဲမယ့် အလုပ်မျိုး၊ ကိုယ့်မိသားစု ၀မ်းဝ ခါးလှမယ့်အဖြစ်မျိုး၊ ကိုယ့်စည်းစိမ်တည်တံ့မယ့် အဖြစ်မျိုး၊ ကိုယ့်ဘ၀တိုးတက်ဘို့အရေး သူတပါးဘ၀ကို စတေးတဲ့အဖြစ်မျိုး မလုပ်ခြင်းအားဖြင့်လည်း ကမ္ဘာ ကြီးရဲ့
ရောဂါဝေဒနာကို တနည်းတဖုံသက်သာပျောက်ကင်းစေတဲ့ ကုသနည်းတနည်းဖြစ်နိုင်ပါကြောင်း ကျုပ်ရဲ့ ထင်မြင်ယူဆချက်ကို တင်ပြလိုက်ရပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် က၇င်ဒုက္ခသည်တဦး)