Source Photo from http://www.google.com/images
တိုင်းရင်းသား အရေးဖြေရှင်းဘို့ ဒုတိယပင်လုံညီလာခံ လိုအပ်ရဲ့လား
By အောင်ထူး (ရှေ့နေ)
ဇန်န၀ါရီလ (၈) ရက် ၂၀၁၃ ခုနှစ်
တိုင်းရင်းသားအရေးဖြေရှင်းရန် ပင်လုံကဲ့သို့အလားတူသော ၂၁ ရာစုပင်လုံညီလာခံ (သို့မဟုတ်) ဒုတိယ ပင်လုံညီလာခံ ကျင်းပ,သင့်ကြောင်းအဆိုပြုသူများရှိသကဲ့သို့ လက်တွေ့ကျင်းပ,ရန် ပြင်ဆင်စိုင်းပြင်းနေ
သံများပင် စ,တင် ကြားနေရသည်။ စာရေးသူအနေဖြင့်မူ ယင်းညီလာခံမျိုးကျင်းပ,ရန် လုံးဝပင်မလိုအပ်
ဟုရှုမြင်သည်။ အဘယ်ကြောင့်နည်း။
ပင်လုံညီလာခံသည် သမိုင်းတွင်ခဲ့ပြီးဖြစ်သည်။ တရားဝင်ခဲ့ပြီးဖြစ်သည်။ ပင်လုံညီလာခံ၏ တရားဝင်မှုကို မည်သူငြင်း နိုင်အံ့နည်း။ အလားတူအမည်ဖြင့် နောက်တကြိမ်ညီလာခံတခု ထပ်မံကျင်းပ,မည်ဆိုလျှင် တရားဝင်မှု ပြဿနာတက်လာမည်။ ပထမပင်လုံညီလာခံက တရားဝင်သလား။ နောက်ထပ်ကျင်းပ,မည့် ဒုတိယညီလာခံက ပိုပြီး တရားဝင်သလား။ ဥပဒေအရ,ရှုတ်ထွေးသည့် ပြဿနာပေါ်လာမည်။
ပြည်ထောင်စုတည်ဆောက်ရေးနှင့်စပ်လျှဉ်း၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် ထိုခေတ်က တိုင်းရင်းသားခေါင်း
ဆောင်များပါဝင်တက်ရောက်ခဲ့သည့် ညီလာခံထက်ပို၍ တရားဝင်သောညီလာခံ၊ ယခုလည်းမကျင်းပ,နိုင်
နောင်လည်းမည်သည့်အခါတွင်မျှ ကျင်းပ,နိုင်မည်မဟုတ်တော့ပါ။
အကြောင်းမှာ မူလ,ပင်လုံညီလာခံကျင်းပ,ခဲ့စဉ်တုံးက နောက်ခံအခြေအနေကို လက်တွေ့မည်သို့မျှမရ,နိုင်
တော့သောကြောင့် ဖြစ်သည်။
ရှင်းပါမည်။
(၁) ပြည်ထောင်စုမှာ မပါဝင်လျှင် နေ၍ရ,နိုင်ခဲ့သည့် အခြေအနေ
ဗြိတိသျှလက်အောက်မှ လွတ်လပ်ရေးရ,ခါနီး ပင်လုံစာချုပ်မချုပ်မီတွင် တိုင်းရင်းသားပြည်နယ်များသည်
ပြည်ထောင်စုမှာ မပါလျှင် နေ၍ ရ,နိုင်ခဲ့သည့် အခြေအနေရှိခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သည့် မြန်မာလူမျိုးများနှင့်အတူ လွတ်လပ်ရေးမယူဘဲ အင်္ဂလိပ်လက်
အောက်မှာ ဆက်နေရန်၊ တဖြေးဖြေးမှ ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်ရေး ယူသွားရန် ကြိုးပမ်းနိုင်ခဲ့သည့် အခြေအနေရှိခဲ့သည်။
တိုင်းရင်းသားပြည်နယ်များသည် မြန်မာများနှင့်အတူ လွတ်လပ်ရေးမယူခဲ့ဘဲ အင်္ဂလိပ်လက်အောက်မှာ ဆက်နေခဲ့လျှင်ပင် သက်ဆိုင်ရာပြည်နယ်များရှိ လူထုများ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေ
များယခုထက် အဆ,ပေါင်းများစွာကောင်းနေမည်ဟု ယူဆ,သည်။
ဟောင်ကောင်ကို ကြည့်ပါ။ အင်္ဂလိပ်လက်အောက်မှာပင် တလျှောက်လုံးဆက်နေခဲ့ပြီး ၁၉၉၇ခုနှစ်ရောက်
မှလွတ်လပ်ရေးယူကာ တရုပ်ပြည်မ,ကြီးနှင့် ပေါင်းသွားခဲ့သည်။ ဟောင်ကောင်တွင် ခိုင်မာသည့် ဥပဒေစ
နစ်ရှိနေဆဲ။ တဦးချင်း လွတ်လပ်မှု အားကောင်းနေဆဲ။ စီးပွားရေးတိုးတက်နေဆဲ။
တရုပ်ပြည်မ,ကြီးတွင် အတိုးတက်ဆုံးဟုပြောနိုင်သည့် ရှန်ဟိုင်းထက်သာသည် ဟု သုံးသပ်ကြသည်။
၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ချုပ်ကိုင်ခံထားရသည့် အခြေအနေအတိုင်းသာ ဆိုလျှင် တိုင်းရင်းသားပြည်
နယ်များသည် နောက်ထပ်နှစ်ပေါင်းငါးဆယ် ကြိုးစားဦးတော့ ဟောင်ကောင်ယခုရှိနေသည့် အခြေအနေ
ရ,ရန်ပင်မလွယ်တော့ပါ။ ယခု ဒုတိယအကြိမ်ပင်လုံညီလာခံကျင်းပ,မည် ဆိုကြပါစို့။
မူလ,ပင်လုံညီလာခံကျင်းပ,စဉ်ကရှိခဲ့သည့် နိုင်ငံရေးအခြေအနေမျိုးကို အသိအမှတ်ပြုမလား၊ ပြည်ထောင်
စုမှာမပါဘဲနေလိုက,နေခွင့်ရ,သည့် အခွင့်အရေးပေးမလား ဟူ၍ ဦးသိန်းစိန် ခေါင်းဆောင်သည့် စစ်အစိုး
ရကို မေးကြည့်ပါ။ ပေးရန်ဝေး၍ ခွဲထွက်ရေးသမားဟုအမည်တပ်ကာ ပုဒ်မ,အမျိုးမျိုးဖြင့် မတရားချုပ်နှောင်
ခံရ,မှာပင် စိုးရိမ်နေရသည်။
(၂) ယုံကြည်မှု ပြဿနာ
ဗိုလ်ချုပ်အောင်ဆန်းအပေါ်ပုဂ္ဂိုလ်အရ ယုံကြည်၍တကြောင်း၊ ပင်လုံစာချုပ်တွင် ၎င်းတို့လိုလားသော အ
ချက်အလက်များ ပါဝင်ခဲ့သဖြင့် တကြောင်း တိုင်းရင်းသားခေါင်းဆောင်များက ပင်လုံစာချုပ်ကို ချုပ်ခဲ့ကြ
ခြင်းဖြစ်သည်။ ၎င်းတို့၏ လွတ်လပ်သောနိုင်ငံတည်ထောင်ခွင့်ကိုစွန့်လွှတ်ပြီး ပြည်ထောင်စုတွင်ပါဝင်ခဲ့ကြ
ခြင်း ဖြစ်သည်။ ယခုအချိန်တွင် ယုံကြည်မှုမှာ ပြဿနာများစွာတက်လျှက်ရှိပြီ။ မည်သူ့ကို ယုံကြည်မည်
နည်း။ မြန်မာမဟုတ်သော တိုင်းရင်းသားများဘက်က ကြည့်လျှင် မြန်မာများထဲက မည်သူ့ကို ယုံကြည်ရ,
မည်ဟူသည်မှာ ပြဿနာတက်နေပါပြီ။
ပြီးခဲ့သည့်ရက်ပိုင်းကမျှ ကေအင်ယူခေါင်းဆောင်များ သမ္မတဦးသိန်းစိန်နှင့် တွေ့ခဲ့ကြသည်။ ဦးသိန်းစိန်က ကရင်လူထု ကြေနပ်စေရန် ကေအင်ယူခေါင်းဆောင်များအား စားကောင်းသောက်ဖွယ်များနှင့်ဧည့်ခံပြီး၊ က
ရင်ဝတ်စုံ ၀တ်ပြလိုက်သည်။ ဤမျှသာဖြစ်သည်။ ကရင်လူထု ရ,သင့်ရ,ထိုက်သည့် နိုင်ငံရေးအခွင့်အရေး တခုတလေမျှ မပေးလိုက်။ စစ်ခေါင်းဆောင်များလိုချင်သည့် အပစ်အခတ်ရပ်စဲရေးကိုသာ ခိုင်မာအောင်
ထပ်လုပ်လိုက်သည်။ ကေအင်ယူ ခေါင်းဆောင်များသည် လက်ချည်းဗလာနှင့် ပြန်လာခဲ့ရသည်။
တိုင်းရင်းသားများက မြန်မာခေါင်းဆောင်များအပေါ် ယုံကြည်မှုပျက်နေသလို၊ မြန်မာမဟုတ်သည့် တိုင်းရင်း
သားအဖွဲ့အစည်းများတခုနှင့် အခြားတခုအကြားတွင်လည်း ယုံကြည်မှုမှာ အားကောင်းကောင်းရှိမနေ။ ပင်လုံစာချုပ်မချုပ်ဆိုခင်က အခြေအနေမျိုးမရှိတော့။ ၁၉၆၂ ခုနှစ်စစ်အာဏာသိမ်းခဲ့ပြီးနောက် စစ်အစိုးရ,
အဆက်ဆက်က,ဖန်တည်းထားခဲ့သော ကြောင့်ဖြစ်သည်။
(၃) ကိုယ်စားပြုမှုပြဿနာ
ပင်လုံစာချုပ် ချုပ်ဆိုသည့်အချိန်တွင် ကိုယ်စားပြုမှု ပြဿနာလုံးဝမရှိခဲ့ပါ။ မြန်မာလူမျိုးများအတွက် မရှိခဲ့
သလို မြန်မာမဟုတ်သည့် တိုင်းရင်းသားများအတွက်လည်း မရှိခဲ့ပါ။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာလူမျိုးများကို ကိုယ်စားပြုသလို မြန်မာအစိုးရကိုလည်း ကိုယ်စားပြုခဲ့
သည်။ ဗိုလ်ချုပ်အောင်ဆန်း တဦးတည်း လက်မှတ်ထိုးခဲ့သည်။ ယခုအချိန်တွင် မြန်မာလူမျိုးများကို ကိုယ်
စားပြု၍ မည်သူလက်မှတ်ရေးထိုးချုပ်ဆိုမည်နည်း။ လက်ရှိသမ္မတဦးသိန်းစိန်သည် မြန်မာလူမျိုးများအား
လုံးကိုကိုယ်စားပြု၍လက်မှတ် ရေးထိုးမည်ဆိုလျှင် မြန်မာတွေ တကယ်သဘောတူပါမည်လား။
ဒေါ်အောင်ဆန်းစုကြည် က ကိုယ်စားပြု၍ လက်မှတ်ထိုးမည်ဆိုလျှင်ရော ဗိုလ်ချုပ်ဟောင်း သစ်တွေ အား
လုံး သဘောတူပါမည်လား။ တိုင်းရင်းသားများ၏ ကိုယ်စားပြုမှုမှာလည်း အလားတူရှုတ်ထွေးနေသည်။ ဥပမာအားဖြင့် ယခုအချိန်တွင် ကရင်အဖွဲ့အစည်းအမျိုးမျိုးရှိနေသဖြင့် ကရင်လူမျိုးကို မည်သူကိုယ်စားပြု
မည်နည်း။
ကေအင်ယူက တာဝန်ယူလက်မှတ်ထိုးမည်ဆိုလျှင် အခြားအဖွဲ့များကြေနပ်ပါမည်လား။
ရှိသမျှ ကရင်အဖွဲ့များ အကုန်ဝင်ပြီးလက်မှတ်ထိုးမည်ဆိုလျှင် စာချုပ်၏အင်္ဂါရပ်နှင့် သင့်တော်ပါမည်လား။ အခြားလူမျိုးများမှာလည်း အလားတူ ပြဿနာရှိနေသည်။
ပင်လုံစာချုပ်ပြသနာလား၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြသနာလား
စာရေးသူ၏အမြင်မှာ ပင်လုံစာချုပ်သည် ပြဿနာမရှိ။
တိုင်းရင်းသားများလိုလားသည့် ဒီမိုကရေစီအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အခွင့်အရေးများ ပါရှိနေပြီးဖြစ်
သည်။
မူအားဖြင့် ဤမျှလောက်ဆိုရလောက်ပြီ။ အနှစ်သာရ,အရ, ပြည့်စုံလောက် ပြီ။
ပြဿနာမှာ စာချုပ်ပါအနှစ်သာရ,ကို အကောင်အထည်ဖေါ်နိုင်ရေးအတွက် ရေးဆွဲပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေများဖြစ်သည်။
၁၉၄၇ အခြေခံဥပဒေတွင် ၃၅% ခန့်ပြဿနာရှိခဲ့သည်။
၁၉၇၄ အခြေခံဥပဒေတွင် ၇၀% ခန့် ပြဿနာရှိခဲ့သည်။
လက်ရှိ ၂၀၀၈ အခြေခံဥပဒေတွင် ၁၀၀% ပြဿနာရှိနေပြီ။
သို့ဖြစ်၍ ဆွေးနွေးရမည့်ကိစ္စမှာ ၁၉၄၇ ပင်လုံစာချုပ်၏ အနှစ်သာရ,ကို ဖေါ်ဆောင်နိုင်ရေးအတွက် မည်
သည့်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုကို တည်ဆောက်သင့်သနည်း ဟူ၍သာဖြစ်သည်။
စစ်အစိုးရကျင်းပ,ပေးမည့် ပင်လုံကဲ့သို့အလားတူညီလာခံ သို့မဟုတ်
တိုင်းရင်းသားညီလာခံကို မည်သို့ရှုမြင်သင့်သနည်း
တိုင်းရင်းသားအင်အားစုများ ဆက်လက်တောင်းဆိုပါက ဦးသိန်းစိန်အစိုးရသည် အားလုံးပါဝင်ခွင့်ရ,မည့် ပင်လုံကဲ့သို့ အလားတူညီလာခံမျိုး မုချကျင်းပ,ပေးပါမည်။ ဗေဒင်မေးလျှင် ဆန်ကုန်ပါမည်။ မယုံမရှိပါနှင့်။ စစ်အစိုးရက အတုအယောင် အမျိုးသားညီလာခံကို ကျင်းပ,ခဲ့ဘူးပြီ။ လက်ရှိသမ္မတ ဦးသိန်းစိန်မှာ ဤကိစ
္စ၌ အကျွမ်းကျင်ဆုံးဖြစ်သည်။ သူကိုယ်တိုင် ကျင်းပ,ရးကော်မတီ ဥက္ကဌ လုပ်ခဲ့သည်။
ပင်လုံကဲ့သို့ အလားတူညီလာခံ ဟူသည်တွင်လည်း ဟိုအဖွဲ့၊ သည်အဖွဲ့အဖွဲ့ပေါင်းစုံကို ဖိတ်၊ အစိုးရက,ပေး
ကမ်းထောက်ပံ့လက်သပ်မွေးထားသော တိုင်းရင်းသားခေါင်းဆောင် အမည်ခံထားသည့် ပုဂ္ဂိုလ်အမျိုးမျိုးကို ဖိတ်ကာ အုတ်အရောရော ကျောက်အရောရော ညီလာခံကြီးတခု ပေါ်လာပါဦးမည်။
စစ်မှန်သည့် တိုင်းရင်းသားခေါင်းဆောင်များက ကန့်ကွက်ဦးတော့၊ မည်သူတက်သင့်သည်၊ မည်သူမတက်
သင့် ငြင်းခုံဆွေးနွေးနေသည်က,ပင် တနှစ်ခန့်ကြာသွားနိုင်သည်။
အတုအယောင်အမျိုးသားညီလာခံ ကျင်းပခဲ့ရာ၌ (၁၅) နှစ်ကြာခဲ့သည်။ အချိန်ဆွဲရာ၌ အတွေ့အကြုံအင်မ
တန်ကြီးမားသော သမ္မတဦးသိန်းစိန်က ဒုတိယပင်လုံညီလာခံကို ခေါင်းဆောင်ကျင်းပလျှင် နှစ်ပေါင်း (၃၀) ခန့်ကြာပါဦးမည်။
လက်ရှိတိုင်းရင်းသားခေါင်းဆောင် အများစုကြီးမှာ အသက် ၆၀နှစ် အထက်ရှိနေကြပြီ။ ညီလာခံပြီးသည့် အချိန်၌ မည်သူမျှ အသက်ရှိတော့မည် မထင်ပါ။ ဒေါ်အောင်ဆန်းစုကြည်လည်း ထိုအထဲတွင်ပါသွားပါမည်။ စာရေးသူလည်း ကျန်မည်မဟုတ်ပါ။ သင်္ခါရနောက် သို့လိုက်ကြရပါမည်။
ညီလာခံကြီးမှာ ဘာတခုမှ ရေရေရာရာမချမှတ်နိုင်ဘဲ နောက်မျိုးဆက် အဆင့်ဆင့်လက်ဝယ်သို့ စစ်အာ
ဏာရှင်စနစ် အမွေ၊ တိုင်းရင်းသားများအတွက် တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့် ကင်းမဲ့သည့် အမွေဆိုး များကိုသာ ချန်ထားရစ်နိုင်ဘို့သေချာသလောက်ဖြစ်သည်။ သို့ဖြစ်၍ ညီလာခံလမ်းကြောင်းကို လုံးဝ,ပင်မ
လိုက်သင့်ပါ။
ဖွဲ့စည်းပုံပြဿနာကို ဖွဲ့စည်းပုံနှင့် ရှင်း
တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းအများစုကြီး၏ ရပ်တည်ချက်မှာရှင်းသည်။ ၂၀၀၈ဖွဲ့စည်းပုံအခြေ
ခံဥပဒေသည် တိုင်းရင်းသားများလိုလားသည့် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် မရနိုင်ဟူ၍ဖြစ်သည်။ ၂၀၀၈ ဥပဒေသည် လူထုရင်ဆိုင်ကြုံတွေ့နေရသော မည်သည့် ပြသနာကြီးကိုမျှ မရှင်းနိုင်။ အခြားအရေးကြီးသည်များကို ထားပါဦး။ ပြည်ထောင်စုနှင့် စပ်လျှဉ်း၍ တချက်တည်းထောက်ပြပါမည်။
တိုင်းရင်းသားတပ်များ၏ တည်ရှိမှုကို ၂၀၀၈ ဖွဲ့စည်းပုံသည် လုံးဝ,မရှင်းနိုင်။ ဖွဲ့စည်းပုံက,တခြား၊ ပကတိ တည်ရှိနေသော အနေအထားများက တလွဲဖြစ်နေသည်။
၂၀၀၈ ဥပဒေအရ တည်ရှိနေသည့် တိုင်းပြည်အဆောက်အအုံများသည် စစ်အစိုးရ အုပ်ချုပ်ရေးယန္တယား လည်ပတ်ရေး အတွက်သာ ထောက်ကူထားပြီး လူထုအခွင့်အရေးကို ကာကွယ်စောင့်ရှောက်မှု မည်သို့မျှ
မပြု။ ၂၀၀၈ ကိုအခြေပြု၍ မတရားဥပဒေများသာ တောက်လျှောက်ထွက်ပေါ်နေသည်။
ယခင်က တည်ရှိခဲ့သော မည်သည့်မတရားဥပဒေကိုမျှ ရုပ်သိမ်းနိုင်ခြင်းမရှိ။
တိုင်းရင်းသားအဖွဲ့အစည်းများအား နိုင်ငံရေးဆွေးနွေးပွဲ ဟူသည်များနှင့် အချိန်ဆွဲထား၊ ပင်လုံနှင့် အလား
တူသော ညီလာခံ၊ တိုင်းရင်းသားညီလာခံ၊ ဟိုညီလာခံ သည်ညီလာခံ ဆိုသည်များ ကျင်းပပေးပြီး နှစ်ပေါင်း (၃၀) ခန့်မျှောထားစဉ်တွင် ၂၀၀၈ အခြေခံဥပဒေသည် အလံထူနေမည်။ အောင်ပွဲဆင်နေမည်။ ၂၀၀၈ ဖွဲ့
စည်းပုံအပေါ် အခြေခံလျှက် ရွေးကောက်ပွဲတခုပြီးတခုကျင်းပ,နေမည်။
ဤသည်မှာ စစ်အစိုးရဖန်တည်းနေသော လမ်းပြမြေပုံနောက်တခုဖြစ်သည်။ ဤလမ်းပြမြေပုံအတိုင်းသွားလျှင် ထာဝရ ငြိမ်းချမ်းရေး ရမည်ဟုလည်း ကြွေးကြော်နေကြသည်။ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ဆွေးနွေး၍ ရ,ရှိသည့်ရ,လာဒ်များအား လွှတ်တော်တင်ပေးပါမည်၊ အ
တည်ပြုရုံပါဘဲ ဟူ၍ ဦးသိန်းစိန် အစိုးရက ချော့မြူခေါ်ဆောင်လျှက်ရှိသည်။
မည်မျှပင် နှစ်ပေါင်းကြာအောင်ဆွေးနွေးသည်ဖြစ်စေ၊ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ ဘောင်အတွင်းမှာသာ လမ်းဆုံးသွားစေရန်ဖြစ်သည်။ စစ်အာဏာရှင်ဟောင်း သစ်များ မှာ နိုင်ငံရေးအရလူထုကို လှည့်ဖြားခဲ့သည့် အတွေ့အကြုံများနေကြပြီ။ ပရိယာယ်ေ၀၀ုဒ်များလှသည်။
တိုင်းရင်းသား များသည် လမ်းကြောင်းမှားကို ယောင်မှားလျှောက်မိလျှင် ပြည်ထောင်စု တရပ်လုံးနောက်
ထပ်မျိုးဆက်ပေါင်းများစွာ ချီ၍ နစ်နာပါဦးမည်။
ယင်းကို ဖြတ်ကျော်ရန်မှာ နည်းလမ်းတခုတည်းသာရှိသည် ဟု စာရေးသူယူဆ,သည်။
၂၀၁၂ ခုနှစ် နိုဝင်္ဘလာ ၂ ရက် နေ့တွင် လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက တိုင်းရင်းသားများလိုလားသည့် ဖက်ဒရယ်ဥပဒေ ပြုစုရန်သဘောတူကြောင်း ပြောကြားသွားခဲ့ပြီးဖြစ်သည်။
တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနှင့် ဒီမိုကရေစီအင်အားစုများ စုပေါင်းကာ ၁၉၉၀ ခုနှစ်ကထဲ
က စ,တင်ရေးဆွဲခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ပထမ မူကြမ်းအဖြစ် အတည်ပြုထားသည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရှိသည်။
နိုင်ငံရေးဆွေးနွေးပွဲများတွင် ယင်းမူကြမ်းကို စ,တင်ဆွေးနွေးသည်မှာ အကောင်းဆုံးဖြစ်ပါမည်။
စာရေးသူသည် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ရေးဆွဲရေးနှင့် ညီနိုင်းမှုကော်မတီ (FCDCC) က ပြုစုထားသည့် ဖက်ဒရယ် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ဖွဲYစည်းပုံအခြေခံဥပဒေ (ပထမမူကြမ်း) စာအုပ်ကလေးအား ပြည်တွင်းမှ မီဒီယာသမား အမျိုးသမီးတဦးအား မကြာသေးမီက ထုတ်ပြခဲ့သည်။ သူမသည် အံ့သြတကြီးနှင့် ဟိုလှန်သည်လှန် အကြမ်းဖျင်းဖတ် ကြည့်ရုံသာမက တန်ဘိုးထားမှုကို ပြသည့်
အနေဖြင့် စာအုပ်ကလေးအား နမ်းရှုံ့ခဲ့သည်။ ပြည်တွင်း လူထုကြီးသည် စစ်မှန်သည့်ဖွဲ့စည်းပုံအခြေခံဥပ
ဒေကို ငတ်မွတ်နေခဲ့သည်မှာ ဆယ်စုနှစ် ငါးစု ရှိခဲ့ပါပြီ။
နိုင်ငံရေးဆွေးနွေးပွဲများတွင်
မည်သည့်အင်အားစုများ ပါသင့်သနည်း
ကုလသမဂ္ဂကပင် သဘောတူချမှတ်ပေးထားသည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ရှိပါသည်။ သို့ရာတွင် ယင်းမှာ လက်တွေ့အခြေအနေကို မထင်ဟပ်တော့ပါ။
ဒီမိုကရေစီအင်အားစုများကို ကိုယ်စားပြုသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်
မှာ လွှတ်တော်အတွင်းဝင်ရောက်သွားခဲ့ပြီ။ သို့ဖြစ်၍ တပွင့်ပြုတ်သွားပြီး နှစ်ပွင့်သာကျန်သည်ဟု စာရေးသူ
ယူဆ,သည်။
နှစ်ပွင့်အနက် တပွင့်မှာ ယူအင်န်အက်ဖ်စီ ဦးဆောင်ပြီး လွှတ်တော် ပြင်ပ,ရှိ စစ်မှန်သည့် တိုင်းရင်းသား
ခေါင်းဆောင်များပါ ကိုယ်စားပြုပါဝင်ခွင့်ရစေမည့် တိုင်းရင်းသားအင်အားစုများ ဖြစ်မည်။ ကျန်တပွင့်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သူရဦးရွှေမန်းတို့ေ ခါင်းဆောင်သည့် လွှတ်တော်ကိုယ်စားလှယ် များ နှင့် ဦးသိန်းစိန်ဦးဆောင်သည့် အစိုးရကိုယ်စားလှယ်များ ဖြစ်ပါမည်။
အသင့်ရေးဆွဲပြီးဖြစ်သည့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအပေါ် ယင်းနှစ်ပွင့် ထိုင်ဆွေးနွေးခွင့်ရ
လျှင် တနှစ်ထက်ပိုပြီး မကြာနိုင်ပါ။ ကြိုက်သလိုပြင်ဆင်ဖြည့်စွက်ပြီးနောက် ကုလသမဂ္ဂ၏ ကြီးကြပ်မှုကို
တောင်းခံကာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ များကို နောက်ထပ်တနှစ်အတွင်းပြီးအောင်လုပ်နိုင်ပါသည်။ ၂၀၁၅ ခုနှစ်တွင် ဖွဲ့စည်းပုံအသစ်အပေါ် အခြေပြု၍ အထွေထွေရွေးကောက်ပွဲများကို ကျင်းပနိုင်ပါမည်။
တခုခုကို အသေအချာဦးတည် တောင်းဆို တိုက်ပွဲဝင် ခြင်းမရှိလျှင် ၂၀၁၅ ရောက်သည့်အချိန်အထိ ဘာ
တခုမျှ ရေရောရာရာမရှိဘဲ ၂၀၀၈ ဖွဲ့စည်းပုံကြောရိုးများအတိုင်း ဆက်လက်စီးမျောသွားမည်ကို စိုးရိမ်မိ
ပါသည်။
ဖက်ဒရယ်ဖွဲ့စည်းပုံမူကြမ်းတွင် ၀န်ကြီးချုပ်ဦးဆောင်သည့် ပါလီမန်စနစ်ကို ကျင့်သုံးထားသော်လည်း သမ္မတသည် ၁၉၄၇အခြေခံဥပဒေမှာကဲ့သို့မဟုတ် သတ်မှတ်ထားသည့်အခွင့်အာဏာ ရှိကြောင်းတွေ့
ရသည်။
နိုင်ငံရေးအာဏာ ရ,ယူရန်ဆန္ဒရှိသော ဒေါ်အောင်ဆန်းစုကြည်သည် ဖွဲ့စည်းပုံသစ်နှင့်အညီ တနေရာ
ယူထားပြီး အခြားတနေရာမှာ တိုင်းရင်းသားခေါင်းဆောင်တဦးဦး ယူထားခြင်းဖြင့် လှပသော နိုင်ငံရေး
ရှုခင်းတခုပေါ်လာနိုင်ပါမည်။
တပ်မတော်မှာမူ ဘားတိုက်ပြန်သင့်သည့် အချိန်ထက် ပိုလွန်နေပါပြီ။ စစ်တပ်က နှစ်ပေါင်း ၅၀နိုင်ငံရေး
အာဏာကို ချုပ်ကိုင်ထားပြီး နောက် မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှ၏ အချမ်းသာဆုံးနိုင်ငံစာရင်း
ဝင် အဖြစ်မှ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံတနိုင်ငံ ဘ၀,သို့ကျရောက်သွားခဲ့ရပြီ။ လူထုကိုထားပါဦး။ တပ်အောက်ခြေထုများကိုပင် ထမင်းနပ်မှန်အောင် မကြွေးနိုင်တော့။ စစ်တပ်က နိုင်ငံရေးတွင် ပါဝင်ပတ်
သက်မှုမှာ တော်လောက်ပြီဖြစ်သည်။
ကေအိုင်အို၏ ခုခံစစ်နှင့် နိုင်ငံရေးအပြောင်းအလဲ
ကေအိုင်အို၊ ကေအိုင်အေသည် ၁၇ နှစ်တာ အပစ်ရပ်ခဲ့သည့် အတွေ့အကြုံရှိခဲ့ပြီ။
ကချင်ပြည်နယ် လူထုအတွက်ရော ပြည်ထောင်စု တခုလုံးအတွက်ပါ မည်သည့် နိုင်ငံရေးအခွင့်အရေးမျှ မရခဲ့။
သို့ဖြစ်၍ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနှင့် စပ်လျှဉ်းသည့် နိုင်ငံရေး အပြောင်းအလဲ ခြေခြေ
မြစ်မြစ် အာမခံချက်မရှိဘဲ အပစ်အခတ်ရပ်စဲရေး လက်မှတ်မထိုးနိုင်ဟု တင်းခံကာ တိုက်ပွဲဝင်နေခြင်းဖြစ်
ကြောင်း စာရေးသူနားလည်သည်။ ၎င်းထမ်းထားရ,သည့် နိုင်ငံရေးတာဝန်မှာ ကြီးမားလှသည်။ ရင်ဆိုင်နေရ,သည့် စစ်ရေးအန္တရာယ်မှာ ကြောက်ဖွယ်ကောင်းလှသည်။
ဤသည်ကို တန်ဘိုးထားဘို့လိုပါမည်။
အထူးသဖြင့် “One for all, All for one” တယောက်ထိရင် မခံဘဲ အားလုံးဝိုင်းချကြမယ် ဟူသော ကြွေး
ကြော်သံကို စာလုံးအကြီးဆုံးများဖြင့် ရေးသားလွှင့်ထူကာ အစည်းအဝေးကြီးများကျင်းပ,လေ့ရှိသည့်တိုင်း
ရင်းသားတပ်ပေါင်းစုကြီးဖြစ်သော ယူအင်န်အက်စီသည် ကေအိုင်အိုအသဲအသန်ခံနေရ,သော်လည်း ထုတ်
ပြန်ချက်ထုတ်သည့်အဆင့်မှ မပို၊ မည်သည့်လက်တွေ့တုန့်ပြန်မှုမျှ မရှိသေးသည်မှာ ၀မ်းနည်းဘွယ်ဖြစ်
သည်။
အောင်ထူး (ရှေ့နေ)
ဇန်န၀ါရီလ (၈) ရက် ၂၀၁၃ ခုနှစ်