• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Sunday, March 10, 2013

ဠင်းတ နဲ့ အလှချင်းပြိုင်မလို့လား


ဠင်းတ နဲ့ အလှချင်းပြိုင်မလို့လား

March 10, 2013
Sunday

By မင်းစိုးစံ

ကမ္ဘာကြီးက တစ်နေ့ထက်တစ်နေ့ တစ်ရက်ထက်တစ်ရက် ပိုပြီးပူနွေးလာတယ်၊ မြေပြိုတယ်၊ ရာသီဥတု
ဖေါက်ပြန်တယ်၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာတယ်၊ တောမီးလောင်တယ်၊ အဲဒီတော့ တတ်သ
လောက်မှတ်သလောက်လေး ရေးလိုက်မိပါတယ်။ ပြောချင်တဲ့လူက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
သမားကြီးဖြစ်သွားပြန်ပြီ တဲ့။

နောက်တခါ ဘာသာတရားကိုင်းရှိုင်းဘို့ တရားရှုဘို့ ငါးပါးသီလ ဆောက်တည်ဘို့ မေတ္တာတရားပွါးများဘို့
ရေးမိပြန်တော့ ခေါင်းကိုပြောင်အောင်တုံး၊ သင်္ဃန်းစည်းပြီး ဘုန်းကြီးဝတ်လိုက်ပါလား တဲ့။ ဟိုလုပ်ဒီလုပ်နဲ့
မလုံ့တလုံ မပေါ့်တပေါ် မမြင့်တမြင် မိန်းကလေးတွေပုံကို ပညာပေးတဲ့အနေနဲ့ တင်လိုက်ပြန်တော့ အဘိုး
ကြီး တော်တော်ဗူးတာပဲ၊ နှာခေါင်းကြီးများ မီးသီးအနီတတ်ထားတဲ့အတိုင်းပဲ တဲ့။

နားအေးပါးအေး ကရင့်အမျိုးသားရေးလေးရေးမိပြန်တော့ ခင်ဗျားကြီးက တော်တော်အစွန်းရောက်တာပဲ
တဲ့။ နောက် တစ်ယောက်က ပြောသေးတယ်၊ အကြောက်လွန်နေတဲ့လူ တဲ့။ သူများဘာပဲပြောပြော ဆက်
ရေးတယ်၊ ရုပ်သံလေးတွေနဲ့ အကျိုးသင့်အကြောင်းသင့်ရှင်းပြပေးပြန်တော့ ဒီမှာ စောမျိုးချစ်ရှိသလားဟေ့
ဆိုပြီးခနဲ့တဲ့တဲ့လုပ်လာပြန်တယ်။

သူတို့ကို စိတ်ဆိုးသလားလို့မေးလျင် စိတ်မဆိုးပါဘူး။
ကိုယ့်ဘာသာအေးအေးမနေပဲ ဟိုရေးဒီရေး ဟိုအရုပ်လျှောက်တင် သည်အရုပ်လျှောက်တင် သိသလိုလို
တတ်သလိုလို နားလည်သလိုလို မလည်ရှုတ်လုပ်နေတဲ့ ကျုပ်သာလျှင် အဓိက,တရားခံဆိုတော့ ကိုယ့်
ကိုယ်ကို ကိုယ်ပဲအပြစ်တင်ရမှာဖြစ်ပါတယ်။
ဘယ်သူမပြု မိမိမှု လို့ ဆိုထားသားပဲ။

သူများအပြောမခံချင်လျင် သူများဆဲဆိုတာ မခံနိုင်လျင် သူများစော်ကားတာကို ဆတ်ဆတ်ထိမခံချင်လျင်
ဘာမျှမလုပ်နဲ့။ ဘာမျှမရေးနဲ့။ ဘာတစ်ခွန်းမျှ မဟ,နဲ့။ ကိုယ့်ထမင်းကိုယ်စား ကျန်းမာရေးလေ့ကျင့်ခန်းလုပ်
ဘုရားကျောင်းဆောင်ထဲမှာ တင်ပ္လင်ခွေထိုင် ပုတီးစိပ်၊ တရား မှတ် အရပ်လေးမျက်နှာ အရပ်ရှစ်မျက်နှာ
အရပ်ဆယ်မျက်နှာ ရှိရှိသမျှသတ္တ၀ါတွေကို မေတ္တာပို့။ အဲဒါအကောင်းဆုံး။ ဒါထက်ကောင်းတာ မရှိဘူး။

အခန်းအောင်းနေရတာငြီးငွေ့လာတယ်ဆိုလျင် အပြင်လေးထွက် လေညှင်းလေးခံ။ အကြော အချင်တွေ
ဆန့်။ အသက်ပြင်းပြင်းရှူသွင်း ရှူထုတ် ဟန်ကိုကျလို့။ သွေးအေးနေလို့ နေရထိုင်ရ မအီမသာဖြစ်နေတယ်
ဆိုလျင် အမြည်း ကောင်းကောင်းလေးနဲ့ တစ်ခွက်လောက် သောက်ချလိုက်၊ ကိုယ်ကြိုက်တတ်တဲ့ သီချင်း
ကို အသံထွက်အောင် ဆိုကြည့်လိုက်စမ်း။ ဘယ်လောက်ငြိမ်းချမ်းသလဲ။

အခုတော့ အငြိမ်မနေပဲ ဟိုရေးသည်ရေး ဟိုလိုက်ဖွ သည်လိုက်ဖွ။ တကယ်သိသလားဆိုတော့ မဟုတ်ပြန်
ဘူး။ တကယ်လုပ်သလားမေးလျင် မလုပ်ပြန်ဘူး။ ကိုယ့်အရေးအသားတွေထဲမှာ လူအားလုံးနဲ့အဆင်ပြေ
တဲ့ အရေးအသားမျိုး ကိုယ်မှမရေးနိုင်တာ၊ ဆိုတော့ ကိုယ့်အရေးအသားကို ဖတ်နေချိန်မှာ စာဖတ်သူရဲ့ နှ
လုံးသားထဲမှာကြည်ကြည်လင်လင်နဲ့ ရွှင်ပြနေတယ်ဆိုလျင် တော်ရုံတန်ရုံ အမှားအယွင်းလောက်ကိုမဆိုနဲ့
ဘယ်လောက်ပဲလွဲချော်နေတဲ့ အရေးအသားမျိုးဖြစ်နေပါစေ သူက ဒီလောက်ပဲရေးတတ်တာပဲလေ နား
လည်ပေးရမှာပေါ့ ဆိုတဲ့သဘောမျိုးထားနိုင်ပေမယ့် စိတ်နှလုံးမကြည်လင်တဲ့အချိန်မျိုးဆိုလျင် အရေးအ
သားတွေက အမြီးမလွတ်အမောက်မလွတ်ဖြစ်နေတာမျိုးမဆိုနဲ့ သတ်ပုံလေးတစ်လုံးမှားနေလျင်တောင် စာ
လုံးလေး တစ်လုံးကျကျန်နေလျင်တောင် တော်တော်ရှော်တဲ့လူပဲ။ မတင်ခင်မှာ အသေအခြာစစ်တာမဟုတ်
ဘူး။ ငါ့ရှီးတဲ့မှ ပဲ။ ဆိုပြီး စိတ်ထဲကနေ အပြစ်တင်ကောင်းတင်နေတတ်ပါလိမ့်မယ်။

အမြီးအမောက်မတည့်တဲ့အရေးအသားမျိုးသာဆိုလျင် ဖြင့် ဒီမှာညစ်နေရတဲ့ကြားထဲ ဆိုပြီး ဆိုက်ပိုင်ရှင်ကို အပြုသဘောထက် အပျက်သဘောဆောင်တဲ့ အရေးအသားမျိုးကို မဆိုင်းမတွ ရေးမိကြပါတော့တယ်။
ဘာကြောင့်လဲဆိုတော့ စိတ်မငြိမ်တာကြောင့် ဒေါသ,စိတ်တွေမွှန်ထူနေတာကြောင့် ဖြစ်ပါတယ်။ 

ဟုတ်ကဲ့ ဒါဆိုလျင် လူတွေအားလုံးလက်ခံနိုင်တဲ့ အရေးအသားမျိုးမရေးနိုင်လျင် မရေးနဲ့လို့ပိတ်ပင်တားဆီး
ကြမလို့လား ကျုပ်ထင်ပါတယ် လူတွေအားလုံး လက်ခံတဲ့အရေးအသားဆိုတာ မရှိနိုင်သလို လူတွေအား
လုံးလက်မခံတဲ့အရေးအသား ဆိုတာလည်း မရှိနိုင်ပါဘူး။
လူအများစုလက်ခံတဲ့ အရေးအသားနဲ့ လူအများစု လက်မခံတဲ့အရေးအသား ဆိုတာပဲ ရှိနိုင်ပါလိမ့်မယ်။

ဆိုတော့ကာ ကမ္ဘာကြီးရဲ့လက်ရှိအခြေအနေပူနွေးလာရခြင်းဟာ သစ်ပင်သစ်တောတွေ ပြုဉ်းတီးကုန်လို့၊ သ
ဘာဝ, သယံဇာတ,အရင်းအမြစ်တွေကို မဆင်မခြင်ထုတ်လို့ စသည်ဖြင့်ပြောတဲ့လူကပြောနေကြပေမယ့် စီး
ပွါးရေးလောဘဇော တိုက်နေတဲ့လူအများစုကတော့ မရပ်ကြပါဘူး။

အဲဒီတော့ သဘာဝလောက,ကြီး ပျက်စီးမယ့်အရေးကိုတွေးပြီး ကမ္ဘာကြီးအသက် ရှည်ကျန်းမာဘို့ ကိုယ်
တတ်နိုင်တဲ့ဘက်က ရေကိုချွေတာသုံးမယ်၊ မီးကိုချွေတာသုံးမယ်၊ ကာဗွန်ဒိုင်အောက်ဆိုက်တွေနည်း
အောင် ကားမသုံးဘူး၊ ရေခဲသေတ္တာမသုံးဘူး၊ လေအေးပေးစက်မသုံးဘူးဆိုပြီး ကာကွယ်နေတဲ့လူတစ်
ယောက်ဟာ အများစုသိနေသလို ကမ္ဘာကြီးသူ့နဂိုရ်မူလ,အတိုင်းပြန်မဖြစ်နိုင်မှန်းသိပေမယ့်လို့ သူလုပ်စ
ရာရှိတာ သူလုပ်သင့်တယ်လို့ထင်တာကို လုပ်နေတာပါ။
တနည်းအားဖြင့် သူ့အလုပ်သူလုပ်နေတာသာဖြစ်ပါတယ်။ စကားကြီးစကားကျယ် ပြောမယ်ဆိုလျင် သူ့သ
မိုင်း သူရေးနေတာဖြစ်ပါတယ်။

ဒီကနေ့အခြေအနေဟာ ကရင့်ယဉ်ကျေးမှုတွေ အလုံးအရင်းနဲ့ အင်နဲ့အားနဲ့ ထုနဲ့ထည်နဲ့ အရှိန်အဟုန်ကြီး
မားစွာနဲ့ဖျက်စီးပစ်တာခံနေရတဲ့ကြားကနေ တတ်သလောက်မှတ်သလောက် သိသလောက်မြင်သလောက်
လက်လှမ်းမီသလောက် ကာကွယ်တားဆီးတဲ့အနေနဲ့ ကရင့်ရိုးရာ စောင်းကောက် သီချင်းလေးတစ်ပုဒ်ကို
ရှာဖွေတင်ပြပေးလိုက်ပါတယ်။
နားဆင်ခံစားကြည့်ကြပါ။

ဘယ်လိုအလုပ်မျိုးမဆို ငွေလိုအပ်တာမှန်ပေမယ့် အလုပ်နဲ့ပတ်သက်တဲ့ ခိုင်မာတဲ့စိတ်ဓါတ်ဆိုတာမရှိလျင် အဲဒီငွေဟာ လူကို အဆိပ်အတောက်ဖြစ်စေတတ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)