• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Monday, August 19, 2013

အာဏာ ၊ မြေယာ နှင့် စစ်အုပ်စု

ကာတွန်းစောငို
လယ်လုပ်သူ တပ်မတော် လယ်ပိုင်သည် သြဂုတ် ၁၉ ။ ၂၀၁၃

အာဏာ ၊ မြေယာ နှင့် စစ်အုပ်စု

တူမောင်ညို
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်)

ပြည်ထောင်စုလွှတ်တော်အတွင်း လယ်ယာမြေစုံစမ်းရေးကော်မရှင်၏ “အစီရင်ခံစာအပိုင်း ၃” ကို ဆွေးနွေး
ကြရာ၌ စစ်သားအမတ် ဗိုလ်ကျော်ဦးလွင်က
“တပ်မတော်ကို ပြည်သူတွေရဲ့ကြားမှာ သွေးခွဲမှုဖြစ်အောင် အကြိမ်ကြိမ်ပြောဆိုနေတဲ့ သဘောမျိုးသက် ရောက်နေတဲ့အတွက် နာယကကြီးအနေနဲ့တားမြစ်ပေးပါရန်နဲ့ ဒီဆွေးနွေးမှုများကို မှတ်တမ်းတင်ခြင်းအား ပယ်ဖျက်ပေးပါရန်”
လွှတ်တော် နာယက ဗိုလ်ရွှေမန်းထံတင်ပြခဲ့သည်။

စစ်တပ်နှင့် ပြည်သူအကြား သွေးခွဲမှုဖြစ်အောင်၊ သွေးကွဲအောင် မည်သူကမျှ၊ မည်သည့် အဖွဲ့အစည်းကမျှ
ထူးပြီး ပြောနေ၊ လုပ်နေစရာပင် မလိုပါ။ လူမျိုးပေါင်းစုံပြည်သူများ၏ လက်တွေ့ဘဝအတွေ့အကြုံအရ စစ်
တပ်ဆိုလျှင် ရွံမုန်းကြီးဖြစ်နေသည်မှာ ကြာတောင်း ကြာလှပြီဖြစ်သည်။
စစ်တပ်ကို ပြည်သူများရွံမုန်းကြီးဖြစ်သွားအောင် ပြည်သူများဘက်က ပြုလုပ်ခဲ့ခြင်းမဟုတ်။ နိုင်ငံရေးပါတီများ
က ပြုလုပ်ခဲ့ခြင်းလည်းမဟုတ်ချေ။

စစ်တပ်ကိုပြည်သူများက ကြောက်သွားအောင်၊ မုန်းသွားအောင်၊ ရွံသွားအောင်အစီအစဉ်ရှိရှိ လုပ်ဆောင်ခဲ့
ကြသည့်သူများမှာ အုပ်စိုးသူအဆက်ဆက်နှင့် စစ်အုပ်စုအဆက်ဆက်ပင်ဖြစ်သည်။ စစ်အုပ်စုသည် စစ်တပ်
ကို တစ်လက်ကိုင်လုပ်ပြီး ပြည်သူများနှင့် သွေးခွဲရန်တိုက်ပေးခဲ့သည်။
စစ်အုပ်စုသည် စစ်တပ်ကို အလုပ်သမားလယ်သမားများ၊ ရဟန်းသံဃာများ၊ ကျောင်းသားကျောင်းသူများ
၏ ဆန္ဒပြမှုများကို ဖြိုခွဲနှိမ်နင်းရာတွင်လည်းကောင်း၊ တိုင်းရင်းသားဒေသများတွင် မီးရှို့ လုယက် သတ်ဖြတ်
မုဒိန်းကျင့် ရာတွင်လည်းကောင်း လက်ကိုင်တုတ်အဖြစ် အသုံးချခဲ့၏။

လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများတွင် စစ်သားများကို အရပ်ဝတ် ဝတ်ဆင်စေ၍ ပါဝင်အကြမ်းဖက်
စေခဲ့၏။ ဤသို့သော ရက်စက်ရိုင်းစိုင်းယုတ်မာမှုများကို အကြိမ်ကြိမ်အထပ်ထပ်တွေ့ကြုံခံစားခဲ့ရဖူးသဖြင့် လူမျိုးပေါင်းစုံပြည်သူများသည် စစ်တပ်ဆိုလျှင် အော့ကြောလန် ရွံမုန်းကြီးဖြစ်နေတော့၏။ ကွယ်ရာတွင်
ဖက်ဆစ်တပ်၊ မုဒိန်းတပ်ဟုပင်ခေါ်ကြသည်။

စစ်အုပ်စုကလည်း စစ်တပ်ကို ပြည်သူများနှင့်သွေးခွဲထားနိုင်မှသာ သူတို့၏အုပ်စိုးမှု သက်ဆိုးရှည်ကြာမည်
ဖြစ်သည်ကို ကောင်းကောင်းသိ၏။ စစ်တပ်နှင့်ပြည်သူပူးပေါင်းသွားမှာ၊ စစ်တပ်က စစ်အုပ်စု၏အမိန့်ကို မ
နာခံတော့ဘဲ ပြည်သူများဘက်ကူးပြောင်းသွား မှာကို စစ်အုပ်စုသည်သေမလောက်ကြောက်၏။
သို့အတွက် စစ်တပ်ကိုလည်း အမိန့်စည်းကမ်းများဖြင့် တင်းတင်းကြပ်ကြပ်ချုပ်ကိုင်ထား၏၊ စစ်အုပ်စုသည်
စစ်ဗိုလ်စစ်သားများကို အခြားတစ်ဖက်ကလည်း အခွင့်အရေးတချို့ဖြင့် မြှူဆွယ်ဖြားယောင်းထား၏။ သို့ဖြင့်
စစ်အုပ်စုသည် ပြည်သူများနှင့်စစ်တပ်ကို သွေးခွဲကာ စိတ်ကြိုက်ဖိနှိပ်အုပ်ချုပ်နေနိုင်ခြင်းဖြစ်သည်။

စစ်အုပ်စုကိုမဖယ်ရှားနိုင်သမျှ၊ စစ်တပ်ကို စစ်အုပ်စုက ချုပ်ကိုင်ထားနေသမျှကာလပတ်လုံး ပြည်သူများ
သည် စစ်တပ်အပေါ် ရွံမုန်းကြီးဖြစ်နေမြဲ ဖြစ်နေမည်သာဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းတပ်ဖြစ်ဖို့ဆိုလျှင်
စစ်တပ်ဂုတ်ပေါ် ခွစီးနေသည့်စစ်အုပ်စုကို အပြီးတိုင်ဖယ်ရှားနိုင်မှသာ ဖြစ်နိုင်လိမ့်မည်။

ထို့အပြင် စစ်အုပ်စုဝင်တို့၌“စစ်အုပ်စုဝံသာနုစိတ်”အပြည့်ရှိကြပေ၏။ “ဘယ်သူခွဲခွဲ ဒို့မကွဲ အမြဲစည်းလုံး
မည်” ဟူသော စကားနှင့်ညီပေစွ။ မည်သည့်နေရာ၌ စစ်အုပ်စုဝင်တို့သည် “စစ်အုပ်စုဝံသာနုစိတ်” ရှိကြ
သနည်း။
စစ်အုပ်စု၏ အတိတ်၊ပစ္စုပ္ပန်၊ အနာဂတ် အကျိုးစီးပွားမှန်သမျှကို ထိန်းသိမ်းကာကွယ်ကြရာ၌ စစ်အုပ်စုဝင်
တို့သည် တစ်စိတ်တည်းတစ်ဝမ်းတည်းရှိကြကုန်၏။ စစ်အုပ်စုဝင်များ၏ “စစ်အုပ်စုဝံသာနုစိတ်” ကို ပြည်
ထောင်စုလွှတ်တော်အတွင်း လယ်ယာမြေစုံစမ်းရေးကော်မရှင်၏ “အစီရင်ခံစာ အပိုင်း ၃ ” ဆွေးနွေးကြရာ
တွင် အထင်အရှားမြင်လိုက်ကြရသည်။
ဤသည်မှာ စစ်အုပ်စု၏ အတိတ်အကျိုးစီးပွားနှင့် ပစ္စုပ္ပန်အကျိုးစီးပွားကို စစ်အုပ်စုဝင်များ (သူတို့ ရောက်ရှိ
ရာနေရာကနေ) အတိုင်အဖောက်ညီစွာ ကာကွယ်နေကြပုံဖြစ်၏။

စစ်တပ်က လယ်ယာမြေသိမ်းဆည်းပုံနဲ့ပတ်သက်ပြီး “ဝေသာလီပြည် ဘီလူးဝင်သလိုပဲ” ဟု ထိထိမိမိဝေ
ဖန်လိုက်သောအခါ ကာကွယ်ရေးဝန်ကြီး ဗိုလ်ဝေလွင်တို့လို တာဝန်ထမ်းဆောင်ဆဲစစ်ဗိုလ်များ ဆတ်ဆတ်
ခါနာသွားကြသည်။
လွှတ်တော်ထဲ၌ စစ်သားအမတ် ဗိုလ်ကျော်ဦးလွင် က “အစီရင်ခံစာအပိုင်း ၃ ” ဆွေးနွေးနေသည်ကို ကန့်
ကွက်တားဆီးပေးရန် ပြော၏။ လွှတ်တော်နာယကဆိုသူ ဗိုလ်ရွှေမန်း ကလည်း ဗိုလ်ကျော်ဦးလွင် တောင်း
ဆိုသည့်အတိုင်း ဆွေးနွေးနေမှုကို ရပ်ဆိုင်းစေ၏။ ဗိုလ်ရွှေမန်း၏ ကာကွယ်ပြောဆိုခဲ့ပုံမှာ သင်းလှပေ၏။

“ဟိုတစ်ချိန် ဟိုတစ်ခါက တာဝန်ခံဆောင်ရွက်ခဲ့တဲ့ ပုဂ်္ဂိုလ်များ မနစ်နာစေရေး အတွက်လည်း ကြည့်ရမှာ
ဖြစ်ပါတယ်။ ဟိုတစ်ချိန် ဟိုတစ်ခါမှာ လုပ်ခဲ့တဲ့ ပုဂ္ဂိုလ်များဟာလည်း ဟိုတစ်ချိန် ဟိုတစ်ခါမှာ ရှိခဲ့တဲ့ အမိန့်
တွေ ညွှန်ကြားချက်တွေအရလုပ်ခဲ့တာဖြစ်ပါတယ်” တဲ့။

ဗိုလ်ရွှေမန်း၏သဘောထားမှာ လယ်ယာမြေဆုံးရှုံးနေရသည့် လယ်သမားနစ်နာချင် နစ်နာသွားပါစေ၊ လယ်
ယာမြေများကို တစ်ချိန်က မတရားသိမ်းယူခဲ့သူတွေ မနစ်နာစေနဲ့ ဆိုသည်ပင်ဖြစ်သည်။ ဤအချက်ကပင်
စစ်အုပ်စုသည် သူတို့၏ အတိတ်အကျိုးစီးပွားကို သူတို့ကိုယ်တိုင် ကာကွယ်နေကြခြင်းဖြစ်သည်။
လယ်ဆုံး/ယာဆုံး တောင်သူလယ်သမားများဘက်မှ ရပ်တည်ကာကွယ်ပေးမည့်သူ၊ တိုက်ပွဲဝင်မည့်သူ ရှား
ပါးလှသည်။ နော်အုန်းလှတို့ကဲ့သို့ တောင်သူလယ်သမားများဘက်မှရပ်တည်၊ ကာကွယ်ပေးနေသူ၊ အရေး
ဆိုနေသူတချို့ကို (ဗိုလ်) ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက အညှိုးတကြီးဖမ်းဆီးနေသည်။

လွှတ်တော်ထဲ၌ (ဒီချုပ်)ပုသိမ်အမတ်ဦးဝင်းမြင့် က လယ်ယာမြေသိမ်းပိုက်ခံရမှုများကို (ဗိုလ်)ဦးသိန်းစိန်ကြံ့
ဖွံ့အစိုးရက ဆောလျင်စွာအရေးယူဆောင်ရွက်ပေးနိုင်အတွက် “အချိန်ဇယားထုတ်ပြန်ကြေညာ၍” ဆိုသည့်
အမြှီးကလေးကိုဖြည့်စွက်တပ်ဆင်ရန်ကြိုးပမ်းခဲ့သော်လည်း အဆိုရှင်(ဦးတင်ထွတ်)၏ မူလအဆိုအတိုင်း
သာ လွှတ်တော်ကဆုံးဖြတ်ခဲ့သဖြင့် ဒီချုပ်အမတ်ဦးဝင်းမြင့်တပ်ဆင်ပေးလိုသည့် “အချိန်ဇယားထုတ်ပြန်
ကြေညာ၍” ဆိုသည့် အမြှီးကလေးပင်မပါရှိနိုင်တော့ချေ။
လွှတ်တော်ထဲ၌ ကာကွယ်ရေးဝန်ကြီးဗိုလ်ဝေလွင်က “စစ်တပ်ပိုင်မြေများအား ပြန်လည်ရရှိရေးအတွက်
တောင်သူများမှ ဆန္ဒပြ ခြင်း၊ဆက်လက်တိုက်ပွဲဝင်နေခြင်းများ” ကိုတားဆီးရပ်တန့်ပေးရမည်ဟု တောင်းဆို
ခဲ့သည်။ ဤသည်မှာသူခိုးကလူဟစ်နေခြင်းသာဖြစ်သည်။

တကယ့်ဖြစ်ရပ်မှန်မှာ တောင်သူပိုင်လယ်ယာမြေများကို စစ်တပ်က အတင်းအဓမ္မသိမ်းပိုက်ခဲ့သဖြင့်တောင်
သူများ က ပြန်လည်ရရှိရေး ဆက်လက်တိုက်ပွဲဝင်နေခြင်းသာဖြစ်သည်။ တောင်သူများမှာ လက်ငုတ်လက်
မလွတ်ရေး/မိမိပိုင်လယ်ယာမြေ မိမိပြန်လည်ရရှိရေးအတွက် ဆန္ဒပြနေမှု၊ တိုက်ပွဲဝင်နေမှုကို ကာကွယ်ရေး
ဝန်ကြီးက သွားပုတ်လေလွင့် ပြောနေ ခြင်းဖြစ်သည်။
 “ဟိုတစ်ချိန်ဟိုတစ်ခါက” လယ်ယာမြေအမြောက်အများကို သိမ်းယူခဲ့သူများမှာ အခြားမည်သူမျှမဟုတ်
ဘဲ။ ဗိုလ်သန်းရွှေ၊ ဗိုလ်မောင်အေး၊ ဗိုလ်ခင်ညွန့်၊ ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်းတို့ ကိုယ်တိုင်ပါဝင်ခဲ့ကြသည့်
(နဝတ-နအဖ) စစ်အစိုးရပဲ ဖြစ်သည်။
“ဟိုတစ်ချိန်ဟိုတစ်ခါက” ဆိုသည်မှာ ၂၃ နှစ်တာကာလဖြစ်သည့် ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက် မှ
၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိဖြစ်သည်။

“ဟိုတစ်ချိန်ဟိုတစ်ခါက” ဆိုသည့်ကာလအတွင်း စစ်အုပ်စုသည် (နဝတ-နအဖ) စစ်အစိုးရဟူသော အရေ
ခွံဖြင့် လူမျိုးပေါင်းစုံ ပြည်သူများအပေါ် ဖိနှိပ်မှု၊ လုယက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ စသော အဓမ္မမှုပေါင်းများ
စွာကို စိတ်ကြိုက်မင်းမူဗိုလ်ကျခဲ့ကြခြင်းဖြစ်သည်။
ယနေ့တွင်လည်း စစ်အုပ်စုသည်“ဟိုတစ်ချိန်ဟိုတစ်ခါက”(နဝတ-နအဖ)စစ်အစိုးရဟူသည့် အရေခွံဟောင်း
ကိုချွတ်ကာ “၂၀၀၈အခြေခံဥပဒေ”ဆိုသည့် အရေခွံသစ်ဖြင့် “ဟိုတစ်ချိန်ဟိုတစ်ခါက” က လုယက်သိမ်း
ပိုက်ခဲ့သော သူတို့၏အကျိုးစီးပွားပိုင်ဆိုင်မှုများကို ကာကွယ်ထိန်းသိမ်းနေခြင်းဖြစ်သည်၊ တိုးချဲ့နေခြင်းသာ
ဖြစ်သည်။
ယနေ့ကာလ၌ ပြောဆိုနေကြသည့် “အပြောင်းအလဲ”ဆိုသည်မှာ စစ်အုပ်စုသည် ဟိုတစ်ချိန်ဟိုတစ်ခါက
“(နဝတ-နအဖ) စစ်အစိုးရ”ဟူသည့် အရေခွံဟောင်းကိုချွတ်ကာ “၂၀၀၈ အခြေခံဥပဒေ” ဆိုသည့် အရေ
ခွံသစ်ကို ဝတ်ဆင်လိုက်ခြင်းသာဖြစ်သည်။


ထို “အပြောင်းအလဲ” ဆိုသည့်အပေါ် တောင်သူလယ်သမားများဘက်မှပြောရလျှင် (နဝတ-နအဖ) စစ်အ
စိုးရက မိမိတို့ပိုင်လယ်ယာမြေများ အတင်းအဓမ္မသိမ်းပိုက်ခဲ့မှုနှင့် သိမ်းပိုက်ခဲ့သူများကို လက်ရှိ (ဗိုလ်) ဦး
သိန်းစိန် ကြံ့ဖွံ့အစိုးရနှင့် လွှတ်တော်က မျက်နှာပြောင်တိုက်အကာကွယ်ပေးနေခြင်းနှင့် တောင်သူလယ်သ
မားများ၏ နစ်နာဆုံးရှုံးမှုများကို လစ်လျူရှုခြင်းသာဖြစ်သည်။ သို့အတွက် အောက်ပါကောက်ချက်ချလိုက်
ပါသည်။ 
စစ်အုပ်စုသည် မည်သည့်အရေခြုံထားသည်ဖြစ်ပါစေ “အာဏာနှင့်မြေယာ” ကို ပြန်ပေးလိမ့်မည်မဟုတ်။

တူမောင်ညို

See more at: http://moemaka.com/archives/37428#sthash.emjomC0r.dpuf