• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, November 3, 2015

ရွှေ့ပြောင်းအိမ်သာအတွင်းမှ တွေးမိတွေးရာများ

Photo from
http://www.google.com?images

November 01, 2015

ရွှေ့ပြောင်းအိမ်သာအတွင်းမှ တွေးမိတွေးရာများ

By မင်းစိုးစံ

အိမ်သာဆိုတဲ့အဓိပ္ပါယ်ကို ဘယ်လိုနားလည်မိသလဲဆိုတာ ရေးကြည့်ပါ့မယ်။
အိမ်မကြီးနဲ့ခပ်လှမ်းလှမ်း ခြံဝင်းထဲက ထောင့်တနေရာရာမှာပဲဖြစ်ဖြစ် သင့်တော်ရာတနေရာမှာပဲဖြစ်ဖြစ် မ
စင်စွန့်ဘို့ဆောက်ထားတဲ့ အဆောက်အဦး ခပ်ငယ်ငယ်လေးကို အိမ်သာလို့ခေါ်လျင် ရမယ်လို့ထင်ပါတယ်။
အနံ့အသက်က အတော်ဆိုးလေတော့ အိမ်မကြီးနဲ့ နီးနီးနားနား ထားဘို့ခက်ခဲပါတယ်။
ကျုပ်တို့ငယ်ငယ်တုန်းကတော့ ရေလောင်းအိမ်သာမရှိသေးပါဘူး။
ကျောင်းက အိမ်သာကိုသုံးတဲ့အခါ အင်မတန် ညစ်တီးညစ်ပတ်နိုင်လှပါတယ်။
ဘယ်လိုတွေညစ်ပေပြီး ဘယ်လောက်အထိညစ်ပတ်လို့လဲလို့ မေးတဲ့လူရှိခဲ့လျင် ရေးပြချင်စိတ်မရှိတော့တဲ့
အထိကို ညစ်ပတ်နံဆော်တာပါ။
ထိုင်းလူမျိုး(ယိုးဒယား)တွေကျတော့ အိမ်သာကို ဟောင့်နန်း လို့ ခေါ်ပါတယ်။
ဟောင့် ဆိုတာက အခန်း။
နန်း ဆိုတာက ရေ။
ဆိုတော့ ရေခန်း။ ရေအိမ်။ အဲဒီလို ထင်ပါတယ်။

အိမ်သာကို ကရင်လိုဘယ်လိုခေါ်သလဲဆိုတာ ခုခေတ်ကရင်လေးတွေ သိအောင်ရေးပြပါရစေ။
အိမ်သာကို ကရင်လို ဟ်ါဍါ်(ဟိုင်ဒိုင်) လို့ခေါ်ပါတယ်။ ဟါ် ဆိုတဲ့အဓိပ္ပါယ်ကို မပြောတတ်ပေမယ့် ဍါ် ဆို
တာက ဗမာလို ရေပါ။
ရေအိုးကို ဍ်ါနုံ.(ဒိုင်နုံး) လို့ခေါ်ပါတယ်။
မြစ်ရေတက်ရင် ဍ်ါကုတု(ဒိုင်ကယ်တယ်)လို့ပြောပြီး မြစ်ရေကျတာကို ဍ်ါဆုဂ်(ဒိုင်ချောင်)လို့ ပြောပါတယ်။ ပူအိုက်တဲ့နွေရာသီရောက်လို့ သောက်ရေအိုးတွေမှာ တခါတလေ ရေကုန်သွားရင် ဏ်ုသီးဆ်ုယိုဝ် မွဲါဍ်ါဆုဂ်
ဟှ ဆိုပြီး ရေကုန်နေတာကို ယဉ်ယဉ်ကျေးကျေးလေး အသိပေးလေ့ရှိပါတယ်။
ရှေးကရင်လူကြီးတွေဟာ လူတယောက်ရဲ့အားနည်းချက်ကို ဘယ်သောအခါမျှ ပက်ပက်စက်စက်ထောက်
မပြ ကြပါဘူး။

အိမ်သာဘက်ကို ဆက်ရေးပါမယ်၊ လူနေမှုစနစ်တိုးတက်ပြောင်းလဲလာသလို အိမ်သာတွေလည်း စနစ်တ
ကျနဲ့ တိုးတက်လာပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အိမ်သာဆိုတာ လူတွေအတွက် လိုအပ်တာအမှန်ပါ။
အိမ်သာမရှိတဲ့ ဒေသတွေမှာ လူမှုရေးမဖွယ်မရာကိစ္စတွေ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်အတန်ကြာတုန်းက ရွာတရွာကို အလည်အပတ်ရောက်သွားတဲ့ ဧည့်သည်တယောက်ဟာ မ
နက်ဝေလီဝေလင်းအချိန် အခင်းသွားပါလေရော။
အဲဒီအချိန်အခါတုန်းက တောနေလူနေမှုစနစ်အတိုင်း သူလည်းပဲ ခြုံတောကြားထဲက လဲကျနေတဲ့သစ်ပင်ရဲ့ ပင်စည်ပေါ်ဆောင့်ကြောင့်ထိုင်ရင်း အခင်းသွားဘို့ပြင်နေတုန်း သူ့အပေါ် နွေးတေးတေးအရည်တွေနဲ့အတူ
မစင်တွေကျလာလို့ သူ့ခေါင်းပေါ်မှာမိုးနေတဲ့ သစ်ကိုင်းပေါ်ကိုမော့ ကြည့်လိုက်တဲ့အခါ အမျိုးသမီးတစ်
ယောက်ဖြစ်နေတာ တွေ့ရပါရောတဲ့ဗျား။
တကယ်တော့ သူထိုင်နေတဲ့ မြေကြီးပေါ်လဲကျနေတာက သစ်ကိုင်းကြီးဖြစ်နေပြီး အမျိုးသမီးထိုင်တဲ့အပေါ်
ဘက်က ပင်စည်ဖြစ်နေတာကို မနက် လင်းလင်းချင်းချင်းအချိန်ရောက်မှ သိရပါသတဲ့။

ဒီဘက်ခေတ်မှာတော့ ရေလောင်းအိမ်သာတွေရှိလာသလို အိပ်ခန်းနဲ့ကပ်လျှက် ရေချိုးခန်းနဲ့အိမ်သာတွဲထား
တဲ့ အဆောက်အဦးမျိုးတွေရှိလာပါပြီ။
ဒါတင်မကသေးပဲ သူ့အလိုအလျှောက် ရေဆွဲချတဲ့အိမ်သာမျိုးတွေတောင်ရှိ လာပါပြီ။
အတွေ့အကြုံမရှိလျင် လန့်ဖျတ်သွားနိုင်ပါတယ်။

ကျုပ်ကိုယ်တွေ့လေး တခုရေးပြပါ့မယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် နှစ်၂၀ နီးပါးတုန်းကပေါ့။ ဘန်ကောက်ကို စရောက်တော့ လက်ရှိ VOA မြန်မာပိုင်း
အစီအစဉ်က ဆရာ ဦးကျော်ဇံသာက အလည်လာဘို့ခေါ်လို့ သွားလည်တဲ့အခါ တခါမှမမြင်ဘူးတဲ့ (အခုအ
ခေါ်ဘိုထိုင်အိမ်သာ)ကို သုံးလို့အပြီး ရေဆွဲချဘို့ ခလုတ်လိုက်ရှာတာမတွေ့တာနဲ့ ထိုင်နေရာကနေ ထ,အ
ကြွမှာ ဝေါကနဲဆင်းချသွားတဲ့ အသံကြောင့် လန့်ဖျတ်သွားခဲ့ရပါတယ်။
မတွေ့ဘူး မကြုံဘူးရင် လူတိုင်း အနည်းနဲ့အများ ဖြစ်တတ်ပါတယ်။
အခုချိန်က စ,လို့အိမ်သာထဲမှ တွေးမိတွေးရာများ ဆိုတာကို စ,ပါတော့မယ်။
အိမ်သာခန်းတခုရဲ့ ဖွဲ့စည်းပုံအရ ၁။ အိမ်သာခွက်။ ၂။ လက်ဆေးကန်။ ၃။ စက္ကူလိပ်ပုံး။ ၄။ မှန်။ ၅။ လက်
ဆေးဆပ်ပြာရည်ခွက်။ ၆။ အမှိုက်ခွက်။ စတာတွေ ရှိပါတယ်။

ပြည်နယ်တခုကနေ တခုကိုဆက်သွယ်ထားတဲ့ အဝေးပြေး လမ်းမကြီးဘေးက Rest Aria အိမ်သာခန်းတွေ
မှာတော့ လက်အခြောက်ခံစက် အပြင် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ မသန်မစွမ်းသူတွေအ
တွက် ခါးတောင်းကျိုက်တွေကိုပါ ထားပေးထားတာကို တွေ့ရပါတယ်။
အမျိုးသမီးအဆောင်မှာတော့ ရာသီပန်းပွင့်လျှင်သုံးဘို့ အခုအခံလေးတွေထားပေးလိမ့်မယ်လို့ ထင်ပါရဲ့။
ဘာကြောင့်လဲလို့မေးမယ်ဆိုရင် မိသားစု စားဝတ်နေရေးအတွက် ကျုပ်ရဲ့ပထမဆုံး ဗွေဆော်ဦးလုပ်ခဲ့တဲ့ အ
လုပ်က House keeping အလုပ်မို့လို့ အဲဒီက ရတဲ့အတွေ့အကြုံအရ အမျိုးသမီးတွေအတွက် လိုအပ်လျင်
သုံးဘို့ အခုအခံလေးတွေ ရှိနိုင်မယ်လို့ခန့်မှန်းလိုက်တာပါ။
တနေ့သောနေ့မှာတော့ ကျုပ်ဟာ အန္တရာယ်ကို လွယ်မထားနိုင်တဲ့ အဖြစ်ကိုကြုံရပါတော့တယ်။
အိမ်သာ(ရေအိမ်)တစ်လုံးတည်းသာရှိပြီး လူတွေပြွတ်သိပ်လွန်းတဲ့အပြင် သံဃာတော်တွေပါ အသုံးပြုရတဲ့
အချိန်ကာလမျိုး ဖြစ်တဲ့ စည်ကားသိုက်မြိုက်လှတဲ့အလှူပွဲကြီးတခုမှာ ဖြစ်ပါတယ်။
အဲဒီတော့ အပြင်မှာ ထားထားတဲ့ ရွှေ့လို့ပြောင်းလို့ရတဲ့ အိမ်သာကို အသုံးပြုရပါတော့တယ်။

ရာသီဥတုက နှင်းမကျပေမယ့် တိုက်နေတဲ့လေက အေးစိမ့်နေတဲ့အတွက် အနွေးထည်ကိုဝတ်ပြီး ရွှေ့လို့
ပြောင်းလို့ ရတဲ့အိမ်သာထဲဝင်ပြီး ပြဿနာကို ရှင်းလိုက်ပါတယ်။
ပြဿနာကို ရှင်းနေရင်း ရွှေ့ပြောင်းအိမ်သာတခုရဲ့ ဖွဲ့စည်းပုံကိုကြည့်လိုက်တဲ့အခါမှာ ကျုပ်ရဲ့လင်္ယျာဘက်မှာ
စက္ကူလိပ်ထားတဲ့နေရာ။ လက်ဆေးဆပ်ပြာရည်ခွက်။မှန် တွေရှိပြီး ရှေ့တည့်တည့်တံခါးပေါက်ပေါ်မှာတော့
သူ့ကုမ္ပဏီရဲ့ ဖုံးနံပါတ်နဲ့ လိပ်စာကို ထင်ထင်ရှားရှားရေးထားတာကို တွေ့ရပါတယ်။
လက်ဝဲဘက်မှာတော့ လက်ဆေးဘို့ ခွက်လိုလို စင်လေးလိုလို တစ်ခုရှိပါတယ်။
အမှိုက်ခွက်တော့ မရှိပါဘူး။ အနံ့အသက်မရှိပါဘူး။ အနံ့ဆိုးတွေ မထွက်တာကိုပြောတာပါ။

ကျုပ်လည်း လက်ဆေးခွက်ကလေးကိုကြည့်ပြီး ရေလေးဘာလေးယူလာရအကောင်းသားဆိုပြီး တွေးလိုက်
မိရာကနေ ဧည့်သည်တွေအတွက် လှလှပပပြင်ဆင်ထားတဲ့ ရေသန့်ဘူးတွေကို မြင်ယောင်သွားပါတယ်။
ရေသန့်ဘူးထဲက ရေနဲ့ ကိုယ့်အညစ်အကြေးတွေကို ဖြေရှင်းဘို့တွေးမိရာကနေ ရေမသောက်ရလို့ ဒုက္ခအ ကြီးအကျယ်ရောက်နေကြရတဲ့ လူတွေဘက်ကို အတွေးရောက်သွားပြန်ပါတယ်။
တဆက်တည်း ရေမြောင်းတခုက ရေတွေကို လက်ခုပ်ကလေးနဲ့ ခပ်သောက်နေတဲ့ အမျိုးသမီးတစ်ယောက်
ရဲ့ဓါတ်ပုံကို မြင်ယောင်လာပြန်ပါတယ်။


ကမ္ဘာကြီးပူနွေးလာမှုကြောင့် သောက်သုံးရေတွေ ခမ်းရတယ်၊ ကမ္ဘာကြီး ပူနွေးလာရတဲ့ အချက်တွေထဲမှာ
စားသောက်လို့မကုန်တဲ့ စားသာက်စရာတွေကို စွန့်ပစ်မှုကြောင့်ဖြစ်ရတာလို့ဆိုပြန်တာမို့ ပေါများတဲ့ဘက်နဲ့ ရှားပါးတဲ့ဘက်တွေရဲ့ ဓါတ်ပုံတွေကို မြင်ယောင်လာပြန်ပါတယ်။
ရှားပါးတဲ့ဘက်ခြမ်းက လူတွေဟာ အမှိုက်ပုံထဲက စားကြွင်းစားကျန်တွေကို ခွေးနဲ့အတူမွှေ နှောက်ရှာစား
နေကြရတဲ့အချိန်မှာ ပေါများတဲ့ဘက်ခြမ်းက လူတွေများကျတော့ ခုံတန်းရှည်တခုပေါ်မှာ ၀တ်လစ္စလစ်ပက်
လက်လှန်အိပ်နေတဲ့ ချောချောလှလှမိန်းမပျိုလေးတဦးရဲ့ ခန္ဓာကိုယ်ပေါ်က အစားအစာတွေကို အရသာခံစား
နေကြပုံများ တော်တော်ကိုထိတ်လန့်စရာကောင်းလှပါလားလို့ တွေးမိရာကနေ ဖိနှိပ်အုပ်ချုပ်တဲ့ လူတန်းစား
တွေကို အမှုန့်ကြိတ်ပစ်ချင်စိတ်တွေ ပေါ်လာပြန်တယ်။

သေသေခြာခြာတွေးကြည့်ပြန်တော့ ကိုယ်ရောက်နေတာက ပင်လယ်ရပ်ခြားမှာဆိုတော့ ဘာမျှမတတ်နိုင်ပါ
ဘူး၊ အနီးကပ်ရှိနေချိန်မှာတောင် ဘာမှမတတ်နိုင်ခဲ့တဲ့ဟာကို။
ရေဝေးမြေခြားဘ၀ဆိုတော့ လေပေးရင်း သေသွားရဘို့ပဲရှိပါတယ်။
ဟုတ်တယ်လေ ဘာမျှမလုပ်နိုင်ပဲ ပြောချည်းနေတာကိုး။
လုပ်နိုင်တဲ့အချိန်ဆိုတာတော့ ရှိခဲ့ပါတယ်၊ ဒါပေမယ့် ဆရာမန်းထက်ခေါင်ရဲ့ စာတကြောင်းလိုပေါ့
ဆင်ခြင်တုံတရား ကင်းမဲ့သူတစုမှ လက်နက်နှင့်အင်အားကို ရယူကာ ဖိနှိပ်အနိုင်ယူမှုကြောင့် သမိုင်းပေး
တာဝန်ကျေပြွန်လိုသူတို့ ပျေက်ကွယ်ခဲ့ရသည်မှာ များလွန်းလှပြီဖြစ်၏။ ထိုအကျိုးဆက်သည်ကား နိုင်ငံတနိုင်ငံ လူမျိုးတမျိုး၏သမိုင်းကြောင်း မကောင်းခြင်းပင်ဖြစ်၏ တဲ့။
ကျုပ်တို့နိုင်ငံ နဲ့ ကျုပ်တို့လူမျိုးရဲ့သမိုင်းကြောင်း ကောင်းမကောင်းဆိုတာ ကျုပ်တို့အသိဆုံးပေါ့။
ဟုတ်တယ်မဟုတ်လား။

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ပြောခဲ့သလို ပွက်ပွက်ဆူနေတဲ့ ရေကိုအေးအောင်စောင့်နေတဲ့အချိန်မှာ အပူဆိုတဲ့
ကာလတခုကို ဖြတ်ရမယ် တဲ့။
ဟုတ်ကဲ့ အပူဆိုတဲ့ကာလ ဆိုတာကို ဖြတ်ချင်သည်ဖြစ်စေ မဖြတ်ချင်သည်ဖြစ်စေ ဖြတ်ရမှာပါ။
ဒါပေမယ့် ပူနေတဲ့ရေကို လောင်စာအပြည့်ဖြည့်ထားတဲ့ မီးဟုန်းဟုန်းတောက်နေတဲ့မီးဖိုပေါ်ကမချပဲနဲ့ ဒီအ
တိုင်းထိုင်စောင့်နေလို့ အပူဆိုတဲ့ကာလ ဆိုးကြီးက ပျောက်ကွယ်နိုင်မှာတဲ့လားဗျာ။

ကဲဒါဆိုရင်လည်း ကိုယ်တတ်နိုင်တာလေးနဲ့ လောကကောင်းကျိုးကိုလုပ်မိရဲ့လားလို့ ကျုပ်ကိုယ်ကို ကျုပ်ပြန်
ပြီးဆန်းစစ်ကြည့်လိုက်တော့ ဝေးသေး။
အခုပဲကြည့်လေ အခုကျုပ်စွန့်လိုက်တဲ့ အညစ်အကြေးတွေကို လူတစ်ယောက်ယောက် ပုဂ္ဂိုလ်တစ်ဦးဦးဟာ
မဖြစ်မနေ လာသယ်သွားရမယ်၊ ပြီးတော့ ကျုပ်ထိုင်နေတဲ့ ဒီအိမ်သာကို သန့်ရှင်းအောင်လုပ်ရဦးမယ်၊ ဒါကို
က ကျုပ်ဟာ လောကကို အကျည်းတန်စေတဲ့လူတစ်ယောက် ဖြစ်မနေဘူးလား။
ကျုပ်ကြောင့် အခြားတပါးသူတဦးဦးမှာ တာဝန်တခု ၀န်ထုပ်ဝန်ပိုးကြီးတခု ဖြစ်မနေဘူးလား။
အဲဒီလိုတွေတွေးနေတုန်း အပြင်က တံခါးခေါက်သံကြားလိုက်ရတယ် အော် ကျုပ်လိုလူတွေရှိနေတာပဲလေ ဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုယ်ကို ဖြေသိမ့်တွေးရင်း ကိစ္စတွေကိုလက်စသတ် လိုက်ပါတယ်။

အပြင်ကလူက ထွက်လာတဲ့ကျုပ်ကို ကျေးဇူးတင်ပါတယ် တဲ့။
လူဟာ မဆိုင်တာတွေကို ကျေးဇူးတင်တတ်ကြပြီး အမှန်တကယ်ကျေးဇူးတင်ထိုက်တာကို မေ့နေတတ်တဲ့ သတ္တ၀ါတမျိုးများလား။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)