• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Showing posts with label ပုံပြင်. Show all posts
Showing posts with label ပုံပြင်. Show all posts

Thursday, September 9, 2010

အိမ်နီးချင်းကောင်းဆိုသည်မှာ

ပုံပြင်လေးက ဆိုးတော့မဆိုးဘူး။
ဒါပေသိ အဲဒီအိမ်နီးချင်းကောင်းရဲ့ စရိုက်က တမျိုးကြီးပဲ။
ဘဲပေးလိုက်ရုံနဲ့ပြေလည်သွားလို့ကတော့ ကောင်းတာပေါ့ဗျာ။ ဘဲပြီးတော့ ရ,မှန်းသိလို့ ငတိကြီးက မျက်နှာသာပေး ရွှေရေးပုဂံတက် လုပ်လျင် ဘာဆက်လုပ်မလဲ?
ပုံပြင်ဆိုတော့လည်း ယုံချင်မှယုံပေါ့နော်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်နဲ့ အိမ်နီးချင်းဖြစ်ပြီး အစိမ်းတွေပေးနိုင်လို့ ဝါးတီးမှန်နိုင်ပေမယ့် အစိမ်းမပေးနိုင်တဲ့ တနေ့ကျ ဘဝပျက်တဲ့လူတွေအများကြီးပါဗျာ။
ပုံပြင်ထဲက ရွာသူကြီးကတော့ ခန့်မှန်းရခက်သလိုလိုပဲ။ နအဖ ခေတ်တရားသူကြီးများ ပြန်ဖြစ်နေတာလားနော်


တစ်ခါက လယ်သမားတဦးနှင့် မုဆိုးတစ်ဦးသည်
အိမ်နီးချင်းများ ဖြစ်ကြသည်။ လယ်သမားမှာ ဘဲများကို မွေးမြူထားပြီး
မုဆိုးတွင် အမဲလိုက်ခွေးများ မွေးထားသည်။ ထိုအမဲလိုက် ခွေးများသည် မကြာခဏဆိုသလို လယ်သမား၏ ခြံထဲသို့ ကျူးကျော် ၀င်ရောက်ပြီး ဘဲများကို ကိုက်ဖြတ်စားသောက်သည်။ လယ်သမားက မုဆိုးအား ခွေးများကို လှောင်ထားပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း မုဆိုးမှာ ခွေးများကို သေချာထိန်းထားခြင်း မရှိခဲ့ပေ။ နောက်ဆုံး လယ်သမားမှာ သည်းမခံနိုင်သည့်အဆုံး ရွာသူကြီးအား ခွေးများကို အရေးယူပေးပါရန် သွားရောက် တောင်းဆိုခဲ့သည်။


လယ်သမား၏ တိုင်တန်းချက်ကို နားထောင်ပြီးနောက်
ဥာဏ်ပညာရှိသော သူကြီးက. . “အဲဒီမုဆိုးကို ကျွန်တော် အရေးယူပေးလို့ရတယ်။
ခွေးတွေကိုလည်း လှောင်ထားဖို့ အမိန့်ပေးလို့လည်း ရတယ်။ ဒီလိုလုပ်လိုက်ရင် ခင်ဗျားမှာ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း တစ်ယောက် လျော့သွားနိုင်ပြီး ရန်သူတစ်ယောက် တိုးလာနိုင်တယ်။ ရန်သူတစ်ယောက်နဲ့ အိမ်နီးချင်းလုပ်ချင်သလား.. မိတ်ဆွေတစ်ယောက်နဲ့ အိမ်နီးချင်း လုပ်ချင်သလား”

“မိတ်ဆွေနဲ့ပဲ အိမ်နီးချင်းလုပ်ချင်တာပေါ့”

“ကောင်းပြီလေ….ဒီိလိုဆို ကျွန်တော့် အကြံဥာဏ်ကို ခင်ဗျား လိုက်နာရမယ်။ ခင်ဗျားရဲ့ဘဲတွေ မဆုံးရှုံးစေသလို မိတ်ဆွေကောင်း တစ်ဦးတိုးလာပါလိမ့်မယ်”



သို့နှင့် လယ်သမားမှာ သူကြီး၏ပြောစကားအတိုင်း အိမ်သို့ရောက်သော် အလှဆုံး ဘဲသုံးကောင်ကိုရွေးပြီး မုဆိုး၏ သားသုံးယောက်အား လက်ဆောင်အဖြစ် ပေးလိုက်သည်။ လက်ဆောင်ဘဲများနှင့် နေ့တိုင်း ပျော်ရွှင်စွာ ဆော့ကစားနေသော သားများကိုတွေ့သော် မုဆိုးမှာလည်း ၀မ်းသာကြည်နူးမိသည်။ ထိုအခါမှ မုဆိုးလည်း သားတို့၏ ဘဲများကို ကိုက်ဖြတ်မည် စိုးသောကြောင့် ခွေးများကို သေသေချာချာ လှောင်ထားတော့သည်။ လယ်သမားအားလည်း ကျေးဇူးတင်ပြီး အမဲလိုက်ရမှ ရလာသော အသားများကိုလည်း ဝေငှာတတ်လာသည်။ လယ်သမားလဲ ခြံထွက် အသီးအနှံများ ဘဲဥများကို လက်ဆောင်အဖြစ် ပေးကမ်းခဲ့သည်။ ချစ်ခင်မှုများ အပြန်အလှန် ဖလှယ်ကြရင်း နှစ်ဦးစလုံးမှာ အိမ်နီးချင်းကောင်းများ ဖြစ်လာခဲ့ကြသည်။

ဒီပုံပြင်ကို http://myanmarinsingapore.com/ကနေ ကူးထားတာ။
ကြိုက်တတ်တာလေးတွေ လေ့လာနိုင်ပါတယ်။
မကြိုက်လျင်လည်း မသွားနဲ့ပေါ့နော်။ ရေးတဲ့သူက ရေးချင်တာရေးလိမ့်မယ်။ ဖတ်တဲ့သူက ကြိုက်တာဖတ်မယ်။
ဖတ်သူများလျင် ကြိုက်သူများမယ်။
ကြိုက်သူမများတာ ဖတ်သူမရှိလို့။
ဖတ်သူမရှိတာ တင်ဆက်ပုံအားနည်းလို့။
တင်ဆက်ပုံအားနည်းတာက မိမိတာဝန်။
ကိုယ့်တာဝန် ကိုယ်သိ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

Tuesday, June 22, 2010

မုန့်ဟင်းခါးပုံပြင်


မုန့်ဟင်းခါးပုံပြင်

နံနက်ဝေလီဝေလင်း နာမည်ကြီး မုန့်ဟင်းခါးဆိုင်မှာ လူတွေပြည့်ကျပ်လို့နေတယ်..။

“မုန့်ဟင်းခါးတစ်ပွဲ ပဲကပ်ကြော်နဲ့…” “ အသုပ်တစ်ပွဲ ချဉ်ငံစပ်….” “ဟင်းရည်ပေးပါဦး” စတဲ့အသံ မျိုးစုံနဲ့ နံနက်ခင်းဟာ အသက်ဝင်လို့နေပါတယ်....။

အဲဒီအချိန်မှာပဲ ချောချောလှလှကောင်မလေး တစ်ယောက်ဆိုင်ရှေ့ရောက်လာတော့ မုန့်ဟင်းခါးကိုအငမ်းမရ စားနေတဲ့ကောင်လေးတွေက စိတ်ဝင်တ စားလှည့်ကြည့်လိုက်ကြတယ်..။

ကောင်လေးတွေ အများကြီးဝိုင်းကြည့်နေတော့ ကောင်မလေးလဲ ရှက်ရှက်နဲ့ မုန့်ဟင်းခါးတစ်ပွဲလို့ပဲ ခပ်တိုးတိုး လေးမှာလိုက်နိုင်ပါတယ်…..။

လူကလဲရှုပ်နေတော့ ဆိုင်ရှင်ကလဲဘာနဲ့စားမှာလဲမမေးမိတော့ဘူး..ဒီလိုနဲ့ပဲကောင်မလေးရှေ့ကိုရောက်လာ တဲ့ မုန့်ဟင်းခါးပန်းကန်က ငရုတ်သီးတွေ အများကြီးနဲ့ မြင်ရတာနဲ့တင်ချွေးပြန်စရာ…။

ပြန်မှာရမှာလဲ ခပ်ရှက်ရှက်နဲ့ ဆိုတော့ ကောင်မလေးလဲဘာလုပ်ရမှန်းမသိဖြစ်လို့နေပါတယ်....။

ဒါတွေကိုအစအဆုံး သတိပြုမိလိုက်တဲ့ ကောင်လေးတစ်ယောက်ကကောင်မလေးအနားကိုသွားပြီးသူက ငရုတ်သီးကို အလွန်ကြိုက်ကြောင်းမုန့်ဟင်းခါးစားတိုင်းလဲ ငရုတ်သီးများများနဲ့ စားလေ့ရှိကြောင်းပြောပြပြီးတော့ ကောင်မလေးမုန့်ဟင်းခါးကို … သူစားလိုက်ပြီး ကောင်မလေးအတွက် မုန့်ဟင်ခါး အသစ်တစ်ပွဲ မှာပေး လိုက်ပါတယ်…….။

ဒီလိုနဲ့ပဲ မြင်မြင်ချင်း ချစ်လိုက်မိတဲ့ကောင်လေး နဲ့ ငရုတ်သီးမကြိုက်တဲ့ကောင်မလေးတို့ဟာ သိပ်မကြာခင်မှာပဲ မေတ္တာမျှသွားကြပါတော့တယ်။

သူတို့နှစ်ဦးတစ်တွဲတွဲ ဈေးဝယ် ၊ဘုရားသွား၊ ပန်းခြံထဲလျှောက်လည်ကြလို့ မကြာခင်မှာပဲ ရာသက်ပန်အတူတူ နေဖို့ လက်ထပ်မင်္ဂလာပြုခဲ့ကြပါတယ်…….။

ချစ်သူတွေဘ၀မှာရော အကြင်လင်မယားဘ၀မှာပါ ကောင်မလေးက ကောင်လေးကို မုန့်ဟင်းခါးစားတိုင်း
ငရုပ်သီးခပ်များများကို ထည့်ပေးလေ့ရှိပါတယ်။ ကောင်လေးမစားခင် မုန့်ဟင်းခါးကို မြည်းလိုက်တိုင်း စပ်လွန်း လို့ ကောင်မလေးမျက်နှာဟာ ရှုံ့ ရှုံ့ သွားရမြဲပါ။

ကြာခဲ့ပါပြီ။

ဟိုတုန်းက ကောင်မလေးဟာ အခုတော့ အသက် ငါးဆယ်ကျော် ခြောက်ဆယ်နီးပါးအဘွားအရွယ် ရောက်ခဲ့ ပါပြီ။

သူ့လက်ထဲမှာ စာတစ်စောင် ကိုင်ပြီးဖတ်နေပါတယ်..မျက်လုံးအစုံမှာလဲ မျက်ရည်စတွေနဲ့......။

“မောင်ဘ၀မကူးခင် အမှန်ကိုဝန်ခံခဲ့ပါရစေ။ အချစ်ကိုစတင်မြင်တွေ့စနေ့က မြင်မြင်ချင်းချစ်မိပါတယ်။ တကယ်တော့ မောင်ဟာ အပူအစပ်ကို မောင်လုံးဝမကြိုက်ဘူး။
ဒါပေမဲ့ အချစ်နဲ့စတွေ့ခဲ့တဲ့ အချိန်ကစပြီး ဒီငရုတ်သီးစပ်စပ်နဲ့ မုန့်ဟင်းခါးကို မောင်တစ်သက်လုံးစားခဲ့ရတယ်။ ဒီအတွက် စိတ်မကောင်းမဖြစ်နောင်တမရမိပါဘူး။
အချစ်နဲ့ဆုံခဲ့ ၊ အတူနေခဲ့ရတဲ့ အချိန်တွေဟာ မောင်ဘ၀အတွက်အပျော်ဆုံး မို့ပါ။
နောက်ဘ၀တွေမှာ အချစ်နဲ့ပြန်ဆုံဖို့အတွက် ဒီ မုန့်ဟင်းခါး စပ်စပ်ကို စားရမယ်ဆိုရင် မောင်စားဦးမှာပါ။”

မျက်လုံးအစုံက မျက်ရည်စ,တွေဟာ စာရွက်ပေါ် တွေတွေကျသွားပါတယ် ။

မျက်ရည်ကိုအသာအယာ သုပ်လိုက်ရင်း မုန့်ဟင်းခါးထဲကို ငရုတ်သီးခပ်များများထည့်ပြီး အားရပါးရစားနေပါ တော့တယ်။

ဒီအချိန်မှာ သမီးလုပ်တဲ့သူက ရောက်လာပြီး အံ့အားသင့်ဟန်ကြည့်ပြီး....။

“ဟယ် မေမေ ဒီလောက် ငရုတ်သီးအများကြီး ထည့်စားနေတာ မစပ်ဘူးလား ..စားလို့ရောကောင်းရဲ့လား”
လို့မေးတော့ မျက်ရည်ဝေနေတဲ့ မျက်လုံးနဲ့ ချွေးတွေတစ်ဒီဒီး ကျနေတဲ့ကြားထဲက ပြုံးပြီးပြန်ဖြေလိုက်ပါတယ်။

“အရမ်းစားလို့ ကောင်းတာပဲ သမီးရယ်တဲ့”


ကုန်ဈေးနှုံးတွေ အပြောင်းအလွဲရှိပေမယ့် အချစ်ဆိုတာကတော့ အပြောင်းအလွဲမရှိပါဘူး။
ပုံပြင်ထဲက ကောင်လေးနဲ့ကောင်မလေးတို့ရဲ့အချစ်မျိုးကတော့......။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
ဒီပုံပြင်ကို http://www.jacbaburma.blogspot.com/ ကနေ ကူးယူဖေါ်ပြထားတာပါ

Saturday, January 9, 2010

ကောင်းလိုက်တဲ့ အမှတ်သည်းခြေ

ကောင်းလိုက်တဲ့ အမှတ်သည်းခြေ
(မင်းစိုးစံ)

ဟိုးတခါတုန်းက အင်မတန်မှတ်ဥာဏ်နည်းလွန်းတဲ့ လူငယ်လေးတယောက်ရှိပါသတဲ့၊ ဘယ်လောက်မှတ်ဥာဏ် နည်းသလဲဆိုရင် ဘာတခုမှသင်ပေးလို့မရ,နိုင်အောင်ကို ဖြစ်နေတဲ့အတွက် သူ့ကျောင်းနေဘက်တွေဟာ တ တန်းပြီးတတန်းအောင်သွားကြပေမယ့် သူကတော့ ဝ,တန်းပုဒ်ကနေမတက်နိုင်ရှာဘူးတဲ့။
တနေ့မှာတော့ ဆရာလုပ်တဲ့သူက သူ့ကိုနှုတ်တိုက်(အလွတ်)ပြောဘို့ စကားတချို့ကို မနက် ဖြန်ကျောင်းတက် ရင် သင်ထားတဲ့အတိုင်း ပြန်ရွတ်ပြရ,မယ်ဆိုပြီးသင်ပေးလိုက်သတဲ့။

“ငါဟာ မင်းရဲ့ဆရာ၊ မင်းဟာ ငါ့ရဲ့တပည့်၊ မင်းဘေးနားမှာထိုင်နေတာ မင်းရဲ့သူငယ်ချင်း”

အိမ်ပြန်ရောက်တော့ သူ့အဖေက ဒီနေ့ကျောင်းမှာ ဘာတွေသင်ခဲ့သလဲ? လို့မေးတော့ သူ့အဖေနဲ့အမေရဲ့ ရှေ့ မှာ ကျောင်းက ဆရာသင်ပေးတဲ့အတိုင်း အဖေနဲ့အမေကို ရွတ်ဆိုပြသတဲ့။ ဒီတော့ အဖေလုပ်သူက မှတ်ဥာဏ် နည်းတဲ့သားဖြစ်သူအတွက် စိုးရိမ်တကြီးဖြစ်သွားပြီး မင်းပြောတာမှားနေတယ်၊ အသေအခြာမှတ်ထားလို့ဆိုပြီး သူ့ သားကိုပြန်ပြောပြရှာသတဲ့။
ကျောင်းခန်းထဲကိုရောက်တော့ ဆရာဖြစ်တဲ့သူက မနေ့က သင်ပေးလိုက်တာ ပြန်ဆိုပြပါဆိုတော့ အဲဒီကျောင်း သားလေးဟာ ဆရာသင်ထားတာကို မေ့သွားပြီး သူ့အဖေပြောပြတဲ့အတိုင်း ရွတ်ဆိုပြလိုက်ပါရောတဲ့။

“ငါဟာ မင်းရဲ့အဖေ၊ မင်းဟာငါ့ရဲ့သား၊ ငါ့ဘေးနားမှာထိုင်နေတာ ငါ့မိန်းမ”

ကျုပ်ငယ်ငယ်တုန်းက ရုပ်ပြောင်တခုမှာ ဘတ်ခဲ့ရဘူးတဲ့ စာသားအချို့ကို ပြန်ရေးပြလိုက်တာပါ၊ ရေးတဲ့သူကို မမှတ်မိတော့တဲ့အတွက် နာမည်ဖေါ်မပြနိုင်တာကို နားလည်ခွင့်လွှတ်စေလိုပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

Monday, November 2, 2009

အကျင့်

အကျင့်
ရွာတရွာမှာ မလိမ်ရ,ရင်မနေနိုင်တဲ့ မောင်လူလိမ် ဆိုတဲ့လူတယောက်ရှိပါသတဲ့။
ညတညမှာတော့ မိုးသက်လေပြင်းတွေကျပါရော။
မိုးလင်းဝေလီဝေလင်းအချိန်မှာ မောင်လူလိမ်ဟာ ရွာသူရွာသားတွေကို
"မနေ့ညက လေမုန်တိုင်းတိုက်လို့ ရွာပြင်မှာ လေယာဉ်ပျံတစဉ်းပျက်ကျနေတယ်
သွားကြည့်ကြပါလား"?
အကြောင်းသိနေတော့ ရွာသားတွေက မယုံကြပါဘူး။
ဒါပေမယ့်ပြောဖန်များလာတော့ ရွာသားတွေက
"အေး မဟုတ်လို့ကတော့ မင်းကို သတ်ပစ်မယ်" ဆိုပြီးလိုက်ကြည့်ကြသတဲ့။
လား...လား ရွာပြင်ကိုရောက်တော့ လေယာဉ်ပျံတော့လေယာဉ်ပျံပါပဲ၊
ဒါပေမယ့် ကလေးကစားတဲ့ ကော်လေယာဉ်ပျံ ဖြစ်နေပါတယ်။

တနေ့မှာတော့ မောင်လူလိမ်က "ရေတွင်းထဲမှာ ချေ(ဂျီ)တကောင်ကျနေတယ်"
ဆိုပြီးပြောပြန်ပါသတဲ့။
ရွာသားတွေက လုံးဝ,နားမထောင်ပဲနေကြသတဲ့။
မောင်လူလိမ်က တနေကုန်ငိုပြီးပြောတော့ ညနေစောင်းလောက်မှာ
ရွာသားတွေသွားကြည့်လိုက်တဲ့အခါ
အလိုလေးလေး.....ချေ(ဂျီ)တကောင် ရေတွင်းထဲကျနေတာတွေ့ပါလေရောတဲ့။
အဲဒီတော့ ရွာသားတွေက မောင်လူလိမ်ကို
"ဒီတခါ မောင်လူလိမ်မလိမ်တော့ဘူး၊ လိမ္မာလာပြီ" လို့ပြောတော့
မောင်လူလိမ်ပြန်ပြောလိုက်ပုံက
"ငါပြောတုန်းကသာ မင်းတို့လာမယ်ဆိုရင် နှစ်ကောင်တောင်ရ,မှာကွ"
တဲ့။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

Monday, June 22, 2009

ရသေ့ရှစ်သောင်း ဆရာကောင်း

ရသေ့ရှစ်သောင်း ဆရာကောင်း
ဟိုးတချိန်တုန်းက ကရင်ဇာတ်တွေ ခေတ်စားနေချိန်မှာ၊ ရွာတရွာကလူတချို့ ဇာတ်ထောင်ကြသတဲ့။
ဇာတ်သဘင်အကြောင်း ဘာတခုမှနားမလည်တဲ့သူတို့ဇာတ်အဖွဲ့ကို ဘယ်သူမှမငှားကြဘူးတဲ့။
ကုန်ကုန်ပြောရရင် သူတို့ရွာက အလှူတောင်မှ သူတို့ဇာတ်ကိုမငှားပဲ တခြားနယ်ကဇာတ်ကို သာ ငှားသတဲ့။
အတိုချုပ်ပြောရရင် အဲဒီဇာတ်အဖွဲ့ဟာ နံမည်သာရှိပြီး၊ ဘာတခုမှ လှုပ်ရှားမှုမရှိတဲ့နောက် ဇာတ်အဖွဲ့ပျက်လုပျက်ခင်ဖြစ်နေတဲ့ အချိန်လေးမှာပဲ အခြားနယ်တနယ်က အလှူပွဲအတွက် သူတို့ဇာတ်ကိုလာငှားပါလေရော။
နဂိုလ်ကတည်းက ဇာတ်သဘင်အကြောင်းနားမလည်တဲ့အပြင် ပျက်ခါနီးနေတဲ့ဇာတ်အဖွဲ့ဟာ လူအင်အားကလည်းနည်း ဇာတ်သဘင်တခုမှာရှိသင့်တဲ့ အရာတွေက မပြည့်စုံဆိုတော့ ဘာဇာတ်ကလို့ကရမှန်းမသိအောင် ဖြစ်နေသတဲ့။
အဲဒီတော့ အဖွဲ့ခေါင်းဆောင်လို့ယူဆရတဲ့လူက သူ့အစီအစဉ်နဲ့ ရသေ့ရှစ်သောင်း၊ ဆရာကောင်း ဆိုတဲ့ ဇာတ်ကို ကမယ်ဆိုပြီး ဆုံးဖြတ်ချက်ချကျေငြာလိုက်သတဲ့။
ညနေပိုင်းမှာတော့ အဲဒီနယ်က နယ်သူနယ်သားလူကြီးလူငယ်အားလုံး ဇာတ်ပွဲကြည့်ဘို့သူ့ ထက်ငါ အလုအယက် ဖျာတွေခင်းပြီးနေရာယူကြတာပေါ့။
အဲဒီဇာတ်ဟာ ညဦးယံကတည်းက ကလာကာဖွင့်လိုက် ရသေ့တပါးကိုပြလိုက်၊ ကလကာပြန်ချလိုက်၊ နောက်တခါ ကလကာဖွင့်လိုက် ရသေ့တပါးကိုပြလိုက်၊ ကလကာပြန်ချလိုက်နဲ့ လုပ်နေလိုက်တာ သန်းကောင်ကျော်တဲ့အထိ ရသေ့ချည်းသက်သက်ပြနေရောတဲ့ဗျို့။
ပွဲကြည့်တဲ့လူအုပ်ထဲက အသက်ခပ်ကြီးကြီးလူတယောက်က
မနေနိုင်တော့တာနဲ့ ဘယ်လိုလဲ ကွ မင်းတို့ဟာက ရသေ့ချည်းပဲပြနေတော့မှာလား ဆိုပြီးဘုတောတော့ ဇာတ်အဖွဲ့ခေါင်းဆောင် လေအေးအေးလေးနဲ့ပြောလိုက်ပုံက ဆန္ဒမစောပါနဲ့ဗျာ အခုအချိန်အထိရသေ့တထောင် တောင် မပြည့်သေးပါဘူး၊ ရသေ့ရှစ်သောင်းနဲ့တယောက် ပြည့်တဲ့အထိ ဆက်လက်ကြည့်ရှု အားပေးကြပါ ခင်ဗျား တဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး