• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, April 6, 2010

မောင်မှန်လိုမဖြစ်စေချင်


Video by http;//www.karenunited.com


မောင်မှန်လိုမဖြစ်စေချင်

(မင်းစိုးစံ)

ကျုပ်က နိုင်ငံရေးသမားမဟုတ်တော့ ဘာတွေကလုပ်ငန်းစဉ် ဘာတွေကတော့ဖြင့်ရည်ရွယ်ချက် ဘာ ကတော့ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နည်းဥပဒေ ဘယ်လိုဟာကဖြင့်မဟာမိတ်ဆက်ဆံရေး စည်းရုံးရေး ဝါဒဖြန့်ချီရေး အဲဒါတွေနားမလည်တာအမှန်ပါ။

ကျုပ်နားလည်တာက ဘယ်ပါတီ ဘယ်အဖွဲ့ ဘယ်အစိုးရပဲ အုပ်ချုပ်အုပ်ချုပ် ပြည်သူလူထုသက်သာ ချောင်ချိတယ် တိုင်းပြည်ဧချမ်းတယ် ဖွံ့ဖြိုးတိုးတက်တယ် ဒါဆိုရင်ပြီးတာပဲ။

ကျုပ်အဘိုးရွာသူကြီးလုပ်ခဲ့တဲ့အကြောင်း နည်းနည်းပြောပြမယ်ဗျာ။ ကျုပ်အဘိုးခေတ်တုန်းက သူကြီး ကိုခန့်တာ အခုလို မဲပုံးတွေထောင်တာမဟုတ်ဘူး၊ ရွာသားအများစုက ကြိုက်တယ်ဆိုရင် ပြီးပြီ။ အဲဒီတော့ဗျာ ကျုပ်အဘိုးလည်း ရွာသူရွာသားတွေထောက်ခံလို့ရွာသူကြီးလုပ်တာပေါ့ ကျုပ်အဘိုးမှာ လယ်မြေအသင့်အတင့်ရှိသလို ကျွဲတွေ နွားတွေလည်းပိုင်တယ်ဗျ။
ဒီနေရာမှာ ထူးခြားတာတခုက ဘယ်သူမှရွာသူကြီးမဖြစ်ချင်ကြဘူး၊ ခုခေတ်နဲ့တော့ကွာပါ့။ ခုခေတ်မှာ တော့ နယ်စပ်ဒုက္ခသည်စခန်းတွေမှာတောင် ရပ်ကွက်မှူးလုပ်ချင်လို့ မဲပုံးတွေထောင်ပြီးအရွေးခံကြ တယ်ဆိုလား။ အင်းပေါ့လေ လူထုကောင်းစားဘို့အတွက် သက်သာချောင်ချိဘို့အတွက် ကိုယ့်အစွမ်း အစ,ကိုပြချင်သူတွေများလာတယ်လို့ပဲ ဆိုရတော့မှာပေါ့။

ကျုပ်အဘိုးသူကြီးလုပ်တုန်းက အခုလိုပဲထင်ပါတယ်၊ အဖွဲ့တွေက ခပ်များများ၊ ဟိုကိုလည်းပေးရ၊ ဒီကို လည်းပေးရ၊ ခဏလေးနေရင် ဗမာစစ်တပ်က တမျိုးတောင်း၊ တောဘက်ကလည်း တမျိုးကောက်ပေါ့ မကြာပါဘူး ကျုပ်အဘိုးပိုင်တဲ့ကျွဲ တဝက်လောက်ကုန်သွားတယ်။

မကုန်ခံနိုင်ရိုးလား တောင်းသမျှ၊ကောက်သမျှ ဒိုင်ခံပေးနေတာ၊ ရွာသားတွေကိုကြည့်လိုက်ပြန်တော့ သူ့လောက်မှအဆင်မပြေတာ၊ ကြာလာတော့ သူလည်းသူကြီးမလုပ်တော့ပဲ သူ့သား(ကျုပ်ဦးလေး)ကို သူကြီးနေရာတင်လိုက်တယ်၊ ရွာသားတွေကတော့ သူကြီးသားသူကြီးလုပ်တာဆိုတော့ ဘခင်အရှိန်နဲ့ သဘောတူထောက်ခံကြတယ်၊ ဒါပေမယ့် ကျုပ်ဦးလေးသူကြီးလုပ်တော့ သူက,ရွာသားတွေကိုရှင်းရှင်း နဲ့ပွင့်ပွင့်လင်းလင်းပြောတယ်၊ အကောက်အခွံတွေကများတဲ့အတွက် ရွာသားတွေလည်းဝိုင်းပြီးပေးကြ ဘို့ အဲဒီတော့မှသူ ရွာသူကြီးလုပ်မယ်ဆိုတော့ အားလုံးကသဘောတူကြတော့ အကောက်အခွံကိစ္စအ တွက် အဆင်ပြေသွားတယ်ပေါ့ဗျာ။


ကျုပ်ဦးလေးပြီးတော့ ကျုပ်ညီဝမ်းကွဲ သူကြီးဆက်လုပ်ပြန်တယ် သူကျတော့ တပြားမှအကုန်မခံနိုင်ဘူး ရွာသားတွေဆီကပဲကောက်မယ်ပြောတော့ သူကြီးမလုပ်ချင်တဲ့ရွာသားတွေက လက်ခံပြန်တယ်၊ အဲ ကျုပ် ညီဝမ်းကွဲရဲ့သား(ကျုပ်တူ)အလှည့်ကျတော့ ရွာသားတွေက အေးအေးဆေးဆေးအလုပ်လုပ်လို့ရ တယ်၊ သူက,အလုပ်လုပ်ဘို့အချိန်မရှိဘူး၊ သွားရ,လာရ,ဆက်ဆံပြောဆိုရ,တဲ့အတွက်ပင်ပမ်းခ, တောင်း ပါလေရော။

အဲဒါကိုလည်း သူကြီးမလုပ်ချင်ကြတဲ့ရွာသားတွေဟာ သူကြီးပြောတဲ့အတိုင်းလိုက်နာကြတယ်၊ ဒါပေ မယ့် ကျုပ်တူက လည်တယ်ဗျ၊ ဘယ်အဖွဲ့ကလာလာ အားလုံးကို သင့်အောင်ပေါင်းနိုင်ဘို့အတွက်ဆို ပြီး အရက် ကြက် ဘဲ ဆိတ် ဝက် နွား အဲဒါတွေနဲ့ဧည့်ခံတာဗျို့၊ အဲဒီတော့ အကုန်အကျကများလာတာ ပေါ့လေ၊ ဒီကြားထဲသူက အရက်တပုလင်းကုန်တယ်ဆိုရင် နှစ်ပုလင်းစာရင်းတင်တာ၊ ပိုဆိုးတာပေါ့၊ ဖြစ်ချင်တော့ သူအုပ်ချုပ်တဲ့ရွာမှာ မောင်မှန်ဆိုတဲ့လူတယောက်ရှိတယ်ဗျ၊ မောင်မှန်ဆိုတာက တနေ ကုန် ရေချိန်မှန်နေတဲ့အတွက်သူ့ကို မောင်မှန်ဆိုပြီးနာမည်ပေးထားကြတာ။

မောင်မှန်က သူကြီးဟာ လူထုအပေါ်ဂုတ်သွေးစုတ်တယ်၊ မမှန်မကန်လုပ်တယ် ဘာညာဆိုပြီးပြောဆို ဝေဘန်တာပေါ့၊ ရွာသားတွေက လက်ရှိသူကြီးကိုဖြုတ်ပစ်ပြီး မောင်မှန်ကိုသူကြီးတင်လိုက်ကြတယ်၊ မောင်မှန်သူကြီးဖြစ်လာတော့ ပိုဆိုးလာတယ်၊ သူ့အရင်သူကြီးဖြစ်တဲ့လူတွေ လုပ်တဲ့ပုံစံမျိုးအပြင် တ ဆင့်တိုးလာတာက ရွာသားတွေမြို့တက်မယ်ဆိုရင် ထောက်ခံစာရေးရတယ် (ဒုက္ခသည်စခန်းကလူ တွေ မဲဆောက်သွားရင် လက်မှတ်ရေးရသလိုမျိုး) သူ့ထောက်ခံချက်မရလို့ကတော့ ရွာပြင်ထွက်မယ် မကြံနဲ့ မိလို့ကတော့လား ပါးနားအရိုက်ခံရရုံမက ဒါဏ်ငွေပါဆောင်ရတယ်။

ဒီလိုနဲ့ ရွာသားတွေက မောင်မှန်ကိုမကြိုက်ကြတော့ ဖြုတ်ချင်ပေမယ့် ဘယ်လိုမှဖြုတ်လို့မရ,ဘူးဖြစ်နေ တာပေါ့၊ ဒါကိုသိတဲ့မောင်မှန်ဟာ “အခုဒီရွာလေးဟာ လူဦးရည်များပြားလာသလို အိမ်ခြေတွေလည်း များလာတယ် ဒီတော့ ရွာသားတွေထဲက မဖြစ်မနေဆယ်အိမ်ခေါင်း(ရပ်ကွက်မှူး)နှစ်ယောက်အလှည့် ကျလုပ်ရမယ်၊ ဗမာစစ်တပ်နဲ့က တယောက်၊ ကရင်စစ်တပ်နဲ့က တယောက် အဲဒီလိုခွဲထားမှအဆင်ပြေ မယ်” ဆိုပြီးစီစဉ်ပေးတဲ့အတိုင်း ရွာသားတွေလိုက်လုပ်ကြပါရော။

တနေ့တော့ အလှည့်ကျတဲ့လူတယောက်ဟာ ခရီးလွန်နေတာမို့ သူ့အစားသူ့ဇနီးကိုတာဝန်ပေးပါတယ် အဲဒီအမျိုးသမီးမှာက သုံးလသားအရွယ်ကလေးတယောက်ရှိတဲ့အတွက် အခြားလူတယောက်နဲ့အစား ထိုးဘို့ပြောပေမယ့် ဘယ်သူမှမအားကြတော့ မတတ်နိုင်ရှာပါဘူး၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကရင်စစ်တပ် က ကြက်နဲ့အရက်တောင်းသလို ဗမာစစ်တပ်က ထန်းရည်နဲ့ငါးကို တောင်းပါရောတဲ့ဗျို့။

အရေးပေါ်ပေါ့ဗျာ၊ အဲဒီတော့ကလေးအမေလည်း ဗမာစစ်တပ်ရှိတဲ့စခန်းထဲကို သွားပို့ပါလေရော၊ အဲဒီ မှာပြဿနာတက်တော့တာပါပဲ၊ ဗမာစစ်တပ်က မှာတဲ့ငါးနဲ့ထန်းရည်ကို အခြားတယောက်က ကရင်စစ် တပ်ဘက်ပို့လိုက်သလို သူလည်းကရင်စစ်တပ်ကမှာတဲ့ ကြက်နဲ့အရက်ကို ဗမာစစ်တပ်ဆီမှားပို့မိလျှက် သားဖြစ်သွားပါတယ်။
စခန်းထဲကိုရောက်တော့ “ကျုပ်တို့မှာတာက ထန်းရည်နဲ့ငါး အခုခင်ဗျားယူလာတာက ကြက်နဲ့အရက် တော်တော်အသုံးမကျတဲ့ ကရင်မ” ဆိုပြီးနားရင်းအုပ်တဲ့လူကအုပ် ကန်တဲ့လူကကန်လုပ်ပါလေရော ဒါတင်မကသေးပဲ စခန်းထဲမှာဘမ်းချုပ်ထားလိုက်ပါတော့တယ်။

ကလေးငယ်နဲ့ဆိုတော့ သိတဲ့အတိုင်းပါပဲ၊ နို့တွေကတင်းလာပါတယ်၊ ဒါ့အပြင်နို့ရည်တွေဟာလည်းပန်း ပြီးလျှံထွက်လိုက်တာ အင်္ကျီတွေစိုရွှဲကုန်ပါတယ်၊ ကလေးငယ်ရှိတာမို့ပြန်လွှတ်ပေးဘို့ပြောတော့မ လွှတ်ပေးရုံမက မဟားဒယားပြောတာခံရရှာပါတယ်။
ညနေပိုင်းလောက်မှ မောင်မှန်ရောက်လာပြီးသူ့ကိုရွေးထုတ်သွားပါတယ်၊ အဲဒီတော့ ရွာသားတွေက “ဘယ်လိုလည်းမောင်မှန် မင်းပြောတော့ ငါတို့ရွာကိုအေးအေးချမ်းချမ်းဖြစ်အောင် သာယာအောင်လုပ် မယ်ဆို ဆယ်အိမ်ခေါင်းလည်း နားအုံကျင်းခံရ အကန်ခံရ ရွာသားတွေလည်း ငွေကုန်ကြေးကျများ အဲ ဒါ ဘယ်လိုဖြစ်တာလဲ” လို့မေးတော့ မောင်မှန်က “မင်းတို့သိချင်ရင် ငါ့လိုလုပ်ကြည့်ကြပေါ့ကွာ” လို့ ပြောသတဲ့။

အခုလည်း ဒေါက်တာဆိုင်မွန်သာတို့က ကရင်ပြည်နယ်ကလွဲရင် တတိုင်းပြည်လုံးမှာ ပါတီမှတ်ပုံတင်ပြီးအရွေးခံ မှာဖြစ်သလို အခြားကရင်အဖွဲ့တွေကလည်း ကရင်ပြည်နယ်တခုတည်းကွက်ပြီးအရွေးခံမယ်ဆိုတော့ ရှေ့ဆက်ဘာတွေဘယ်လိုဖြစ်လာမလည်းဆိုတာ အသေအခြာမသိနိုင် အတတ်မပြောနိုင်ပေမယ့် လူ ကြီးမင်းတို့ရဲ့လုပ်ရပ်တွေဟာ “မင်းတို့အတွက် ငါကောင်းစားဘို့လုပ်နေတာ” ဆိုတဲ့မဆလ ခေတ် ပါတီ ဝင်တယောက်ရဲ့ အပြောထက်ဘာမှပိုလာမှာမဟုတ်ဘူးဆိုတာသိနေပါတယ်။

ရွေးကောက်ပွဲဝင်ဘို့ပြင်ဆင်နေကြတဲ့ကရင်လူကြီးမင်းများ မပြောကောင်းမဆိုကောင်း ကံမကောင်း အကြောင်းမလှလို့ မတော်တဆ,နေရာလေးများရ,သွားခဲ့ရင်မောင်မှန်လိုမလုပ်ကြပါနဲ့လို့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး