• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Tuesday, March 8, 2011

နှစ် ၁၀၀ ပြည့် နိုင်ငံတကာအမျိုးသမီးများနေ့

Source photo from http://www.google.com.images

နှစ် ၁၀၀ ပြည့် နိုင်ငံတကာအမျိုးသမီးများနေ့

by ဝေယံဘုန်း
(myanmar times)

မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။

အမျိုးသမီးများ အလုပ်လုပ်ခွင့်၊ မဲပေးခွင့်၊ ပညာသင်ခွင့်၊ အရပ်ဘက်ရုံး တွေမှာ ရာထူးရခွင့်နဲ့ ခွဲခြားဆက်ဆံမှုရပ်တန့်ခဲ့တာတွေအပေါ်ဂုဏ်ပြုတဲ့ အနေနဲ့ ၁၉၁၁ ခုနှစ်က စပြီး ကမ္ဘာတစ်ဝန်း ဒီနေ့ကို ကျင်းပခဲ့ကြတာမို့ လာမယ့် မတ်လ ၈ ရက်နေ့မှာ နှစ်ပေါင်း ၁၀၀ တင်းတင်းပြည့်မှာ ဖြစ် ပါတယ်။

ကမ္ဘာပေါ်မှာ အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးရရှိဖို့နဲ့ ဖိနှိပ်မှု၊ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်ဖို့အတွက် အသိနိုးကြား လှုပ်ရှား လာခဲ့ကြတာ ရာစုနှစ်တစ်ခုစာ ရှိခဲ့ပါပြီ။

အမျိုးသမီးတွေဟာ အစဉ်အလာအရ 'ဒုတိယလိင်'အဖြစ်သာ သတ်မှတ်ခံခဲ့ရပြီး ယောက်ျားတွေရဲ့ နောက်မှာပဲ နေခဲ့ရတယ်။

ပြင်သစ်စာရေးဆရာမ ဆီမွန်ဒီ ဗူးဘွားက သူ့ရဲ့နာမည်ကျော် "Second Sex" ဆိုတဲ့စာအုပ်မှာ အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းမှာ 'သူစိမ်း'ဖြစ်တယ်၊ ယောက်ျားတွေသာ သူစိမ်းဖြစ်တာမဟုတ်၊ ကိုယ့်အတွက်ပါ သူစိမ်းဖြစ်တယ်၊ မိန်းမတစ်ယောက်ကို 'မဟုတ်' အဓိပ္ပာယ်နဲ့ပဲ ဖွင့်ဆိုလေ့ရှိတယ်၊ အဲဒါကတော့ မိန်းမဆိုတာ 'ယောက်ျား မဟုတ်သူ'ပါပဲလို့ ရေးသားခဲ့ပါတယ်။

သမိုင်းတစ်လျှောက် အမျိုးသမီးတွေ ဟာ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေမှာ တန်းတူ အခွင့်အရေးမရ ခဲ့တဲ့အပြင် တချို့သော နေရာဒေသတွေမှာ နည်းမျိုးစုံနဲ့ ရက်စက်မှု၊ အကြမ်းဖက်မှုကိုပါ ခံစားနေရတာ ယနေ့ထက်တိုင်ပါပဲ။

အမျိုးသမီးလေးဦးမှာ တစ်ဦးဟာ သူ့ သက်တမ်းအတွင်း အရိုက်အနှက်ခံရခြင်း၊ အဓမ္မ လိင်ဆက်ဆံခံရခြင်း၊ ဒါမှမဟုတ် တစ်နည်း မဟုတ်တစ်နည်း မတော်တရော် အပြုခံရခြင်းတွေကို ကြုံတွေ့ခံစားနေရတယ်။ ဒါ့ပြင် သူတို့ ကို အဲဒီလိုပြုကျင့်သူတွေဟာလည်း ကိုယ်နဲ့နီးစပ်တဲ့ ယောက်ျားသားတွေထဲကပဲ ဖြစ်တယ်လို့ စာရင်းဇယားတွေက ဆိုပါတယ်။

အသက် ၁၅ နှစ်နဲ့ ၄၄ နှစ် ကြားမှာရှိတဲ့ မိန်းမတွေအတွက် အသက်အန္တရာယ်၊ သို့မဟုတ် ဒုက္ခိတဘ၀ရောက်စေတဲ့ အဓိကအကြောင်း ရင်း တစ်ခုက အကြမ်းဖက်ခံရခြင်းပါပဲတဲ့။

၁၉၉၄ ခုနှစ်တုန်းက ထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ စာရင်းတစ်ခုအရ မိန်းမတွေဟာ အဲဒီအသက်အပိုင်းအခြားအတွင်းမှာ တခြားရောဂါ အနာဘယတွေ၊ မတော်တဆဖြစ်မှုတွေထက်စာရင် မတရားပြုကျင့်ခံရဖို့နဲ့ မိသားစုဝင် တစ်ဦးဦးရဲ့ အကြမ်းဖက်တာခံရဖို့ အန္တရာယ် က ပိုများပါတယ်တဲ့။

အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရနိုင်ခြေကလည်း လက်တစ်ကမ်းမှာရှိပါတယ်။ အမျိုးသမီး ၁,၃၆၆ ဦးဆီက ကောက်ယူခဲ့တဲ့ စစ်တမ်းအရ တောင်အာဖရိကနိုင်ငံမှာ မိမိရဲ့ လင်သား/ ရည်းစားရဲ့ အကြမ်းဖက်တာ ခံရသူတွေ အနေနဲ့ အိပ်ခ်ျအိုင်ဗီပိုးကူးစက်ခံရဖို့ ၄၈ ရာခိုင် နှုန်းပိုများတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရတဲ့နေရာမှာ သူစိမ်းယောက်ျားထက်စာရင် ရင်းနှီး ကျွမ်းဝင်တဲ့ယောက်ျားရဲ့ အကြမ်းဖက် တာကိုခံရဖို့က ပိုများပါတယ်တဲ့။

ဒါ့ပြင် ကမ္ဘာပေါ်မှာ မိန်းမငါးဦးမှာ တစ်ဦးတိုင်းဟာ မတရားပြုကျင့်ခံရတာ၊ သို့မဟုတ် ပြုကျင့်ဖို့ အားထုတ်ခံရတာကို ကြုံဖူးလိမ့်မယ် လို့လည်း ခန့်မှန်းထားကြပါတယ်။

တချို့ နေရာတွေမှာဆိုရင် မတရားပြုကျင့်ခံရတဲ့ မိန်းကလေးတွေဟာ အစော်ကားခံရတဲ့အပြင် ပြဋ္ဌာန်းထားတဲ့ဥပဒေတွေ၊ သူတို့ လူမျိုး ဓလေ့အရ ထားရှိတဲ့သဘောထားတွေကြောင့် ကိုယ်က နစ်နာသူဖြစ်ပါလျက်နဲ့ ဒီကိစ္စအတွက် ပြန်ပြီးတရားခံဖြစ်နေတတ်ပြီး နေရာအတော်များများမှာဆိုရင် ဥပဒေတွေဟာ ကျူးလွန်သူယောက်ျားတွေကိုတောင် ပြန်ပြီးကာကွယ်ပေးနေတတ်ပါတယ်။

တချို့နိုင်ငံတွေမှာ ပြုကျင့်တဲ့ယောက်ျားတွေအနေနဲ့ တရားလို မိန်းကလေးတွေကို လက်ထပ်မယ်ဆိုရင် အမှုက တရားသေလွှတ်စေ လို့တောင် ဥပဒေတွေမှာ ပြဋ္ဌာန်းထားပါတယ်။

အာဖရိကနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတချို့မှာ မိန်းကလေးသန်းပေါင်း ၁၃၀ လောက်ဟာ (ယဉ်ကျေးမှုနဲ့ ဘာသာရေး ပြဋ္ဌာန်းချက်တွေ ကြောင့်) လိင်အင်္ဂါ ချို့ယွင်းစေမှု (Female Genital Mutilation) ဓလေ့ရဲ့ သားကောင်တွေ ဖြစ်ရတယ်လို့ ခန့်မှန်းသလို တစ်နှစ်ကို အဲသလို အမြှေးပါးဖြတ်ခံရမယ့် အခြေအနေမှာရှိတဲ့ မိန်းကလေးပေါင်းကလည်း နှစ်သန်းရှိတယ်လို့ ဆိုပါတယ်။

ဒီလိုမျိုးနစ်နာမှုတွေအပြင် သတို့သားဘက်က တောင်းသလောက် မပေးနိုင်တာကြောင့် အသတ်ခံရ၊ နှိပ်စက်ခံရတဲ့ အမျိုးသမီးတွေ ကလည်း အိန္ဒိယစတဲ့ တောင်အာရှနိုင်ငံတွေမှာ ဒုနဲ့ဒေးရှိပါတယ်။

အိန္ဒိယမှာ ၂၀၀၆ ခုနှစ်အတွင်း အမျိုးသမီး ၇,၆၁၈ ဦးဟာ ယောက်ျားလေးဘက်က တောင်းသလောက် မပေးနိုင်တာကြောင့် အသတ် ခံခဲ့ရပါတယ်။ ဒါ့ပြင် မတရားပြုကျင့်ခံရလို့၊ အိမ်ထောင်မပြုခင် အပျိုစင်ဘ၀ကို မထိန်းသိမ်း (ဘူးလို့ သံသယရှိ)လို့၊ အိမ်ထောင် ဖောက်ပြန်တယ်လို့ စွပ်စွဲခံရလို့ ကိုယ့် မိသားစု၊ ဆွေမျိုးသားချင်းရဲ့ 'ဂုဏ် သိက္ခာအတွက် သတ်ဖြတ်မှု' (Hon-our Killing) ကိုခံရတဲ့ အမျိုးသမီးပေါင်းကလည်း တစ်နှစ်ကို ၅,၀၀၀ လောက်ရှိတယ်လို့ ကုလသမဂ္ဂ လူဦးရေရန်ပုံငွေ အဖွဲ့က ခန့်မှန်းထားပါတယ်။

Source photo from http://www.google.com.images

အရွယ်မရောက်ခင်မှာ လက်ထပ်ပေးတာခံရတဲ့ မိန်းကလေးတွေကလည်း ၂၀၀၆ ခုနှစ် အတွင်း အာဖဂန်တစ်နိုင်ငံတည်းမှာကို အမျိုးသမီး ဦးရေရဲ့ ၅၇ ရာခိုင်နှုန်း ရှိတယ်လို့ ကုလအစီရင်ခံစာတစ်စောင်က ဆိုပါတယ်။

ဒါ့ပြင် ကမ္ဘာတစ်ဝန်း ကြီးထွားလာနေတဲ့ လူကုန်ကူးမှုမှာဆိုရင်လည်း အဓိကလူကုန်ကူးခံရသူတွေဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ဆိုသလို ကျား-မ ခွဲခြားဆက်ဆံမှုတွေကြောင့် အမျိုးသမီးတွေဟာ ဆင်းရဲမွဲတေမှုအန္တရာယ်နဲ့ ပိုမိုရင်ဆိုင်ရပြီး လူကုန်ကူးမှုရဲ့ သားကောင် ဘ၀ရောက်ဖို့ ပိုမိုနီးစပ်လာရပါတယ်။

အမျိုးသမီးတွေဟာ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုကို ငြင်းပယ်ခံရလို့လည်း အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရတယ်။

စစ်မက်ဖြစ်ပွားရာဒေသ/ နိုင်ငံတွေမှာ ဆိုရင်လည်း ကျဆုံးတဲ့စစ်သည် အရေအတွက်ထက် အရပ်သားက ပိုများသလို အဲဒီမှာလည်း အမျိုးသမီးနဲ့ ကလေးငယ်တွေက ပိုများပါတယ်။ ဒါ့ပြင် အမျိုးသမီးတွေဟာ စစ်ပွဲအတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ စော်ကားနှောင့် ယှက်ခံရပါတယ်။

နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို ပေါ်ပေါက်စေခဲ့တဲ့ ရောမဥပဒေမှာဆိုရင် 'စစ်ပွဲအတွင်း မတရားပြုကျင့်မှုကို လက်နက်တစ်ခုသဖွယ် အသုံးချခြင်း'ကို စစ်ဆေးစီရင်ခွင့် အဆိုပါခုံရုံးကို ပေးအပ်ထားပါတယ်။

ဘာသာတရားဟာလည်း ခွဲခြား ဆက်ဆံမှုရဲ့ နောက်ခံတစ်ခု ဖြစ်နေတတ်ပါတယ်။ ဥပမာ ရိုမန်ကက်သလစ်ဘာသာကို ကျင့်သုံးတဲ့ နိုင်ငံတွေမှာ တစ်ချိန်က လင်မယားကွာရှင်းမှုကို ဘာသာရေးအရ လက်မခံတဲ့အတွက် ဥပဒေပြဋ္ဌာန်း မပေးထားပါဘူး။ နောက်ပိုင်း ဘာသာရေးနဲ့ နိုင်ငံရေး သတ်သတ်စီဖြစ်လာမှသာ အဲဒီနိုင်ငံတွေမှာ ကွာရှင်းမှုကို ဥပဒေပြဋ္ဌာန်းပေး လာကြပါတယ်။ ဒါတောင် ကမ္ဘာပေါ်မှာ ကွာရှင်းပြတ်စဲခြင်းကို ခွင့်ပြုတဲ့ဥပဒေ မရှိသေးတဲ့ နိုင်ငံနှစ်နိုင်ငံ ကျန်ပါသေးတယ်။ (ဖိလစ်ပိုင်နဲ့ မော်လ်တာ)။

ဖိလစ်ပိုင်ဟာ အမျိုးသမီးအခွင့်အရေးကို အသိအမှတ်ပြုတဲ့နေရာမှာ အတော်လေး ရှေ့တန်းရောက်ပေမယ့် အမျိုးသမီးတွေရဲ့ ၀န်ထုပ်ဝန်ပိုးကို လျော့ကျစေမယ့်၊ အမျိုးသမီးတွေဘက်က ကာကွယ်ပေးမယ့် အချို့သောဥပဒေတွေ မရှိသေးတာကို တွေ့ရပါတယ်။

ဘာသာရေး ခေါင်းဆောင်ပိုင်းက ပဋိသန္ဓေတားတာကို လက်မခံတာ၊ မိသားစုစီမံကိန်းအတွက် သားဆက်ခြားဥပဒေ မရှိသေးတာ တို့ကြောင့် နောက်ဆက်တွဲပြဿနာ အများအပြားနဲ့ အစိုးရမှာ ခေါင်းခဲနေရပါတယ်။ အမျိုးသမီးအခွင့်အရေးသမားတွေကလည်း လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းနိုင်ဖို့ တိုက်ပွဲဝင်နေကြရဆဲပါ။

မြန်မာအမျိုးသမီးတွေဟာ ၁၉၃၅ ခုနှစ်မှာ မဲပေးခွင့်ရခဲ့ပြီး ထိုင်းကလွဲရင် အမျိုးသမီးမဲပေးခွင့်ပေးတဲ့နေရာမှာ ကျန်အာဆီယံနိုင်ငံတွေ ထက်ရော၊ ကမ္ဘာ့နိုင်ငံကြီးအချို့ထက်ပါ စောပါတယ်။ ၁၉၄၆ မှာတော့ မြန်မာအမျိုး သမီးတွေ ၀င်ရောက်ရွေးကောက်ခံ ယှဉ်ပြိုင်ခွင့်ရ တာကို တွေ့ရပါတယ်။

အမျိုးသမီးများ မဲပေးခွင့် ပထမဆုံးရတဲ့ နိုင်ငံကတော့ နယူးဇီလန်(၁၈၉၃)ပါ။ ၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂ အထွေ ထွေညီလာခံက အတည်ပြု ပြဋ္ဌာန်းပေးခဲ့တဲ့ CEDAW (ခေါ်) 'အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးစာချုပ် (Convention on the Elimination of All Forms of Discrimination against Women) ပါ။

၎င်းဟာ ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေရဲ့ရပိုင်ခွင့်တွေ၊အကာအကွယ်တွေအတွက် အာမခံထားတဲ့ နိုင်ငံတကာ သဘောတူညီ ချက် ဖြစ်ပြီး 'ပေကျင်း ပလက်ဖောင်း'နဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၃၂၅တို့နဲ့လည်း ကာကွယ်ပေးထားပါတယ်။

Source Article from
http://www.myanmar.mmtimes.com