• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, March 2, 2011

မြန်မာနိုင်ငံမှာ ILO ဘာတွေလုပ်ဆောင်နေ

(I L O) ဒုတိယ ညွန်ကြားရေးမှုး Mr. Guy Ryder
Source Photo from http://www.google.com/images

မြန်မာနိုင်ငံမှာ ILO ဘာတွေလုပ်ဆောင်နေ

By ဦးကျော်ဇံသာ
ဗုဒ္ဓဟူး, 02 မတ် 2011

ဒီတပတ် မြန်မာ့အရေး မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က မကြာသေးခင်မှ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (International Labor Organization) ဒုတိယ ညွန်ကြားရေးမှုး ဂိုင် ရိုက်ဒါ (Guy Ryder) ကို ဆက်သွယ်ပြီး သူတွေ့မြင်လေ့လာသိရှိခဲ့ရတဲ့ မြန်မာနိုင်ငံ လူနေမှု အဖွဲ့အစည်း၊ အလုပ်သမားများ အခြေအနေများကို မေးမြန်းဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ Mr. Guy Ryder အနေနဲ့ ဒါဟာ မြန်မာနိုင်ငံကို ပထမဦးဆုံး သွားရောက်တဲ့ ခရီးစဉ်ဆိုတော့ မြန်မာပြည်အပေါ် ပထမအမြင်ကို လွှမ်းခြုံပြီး ပြောပြပါ။ ဆိုလိုတာက လူတွေဟာ လွတ်လပ်တဲ့ လူ့အဖွဲ့အစည်းကလူတွေနဲ့ တူရဲ့လား။ စိုးရိမ်ကြောင့်ကျမှုတွေနဲ့ နေနေကြရတဲ့ ပုံစံပေါက်နေသလား၊ စသည်ဖြင့်ပေါ့။

Mr. Guy Ryder ။ ။ ဒါဟာ ကျနော့်အနေနဲ့ ပထမဆုံး သွားရောက်တဲ့ မြန်မာပြည်ခရီးစဉ်ဖြစ်ပေမဲ့ ကျနော်တို့ဆီကလူတွေ မကြာခဏ သွားရောက်ခဲ့ပြီးပါပြီ။ ကျနော်တို့ ILO ရုံးတရုံးလည်း အဲဒီမှာ ရှိနေတာပါ။ ဒါကြောင့် အဲဒီမှာ ဘယ်လိုအခြေအနေ ရှိတယ်ဆိုတာတော့ သူတို့ ဦးကျော်ဇ
ကောင်းကောင်းသိထားကြပါတယ်။ အခြေအနေကတော့ ခက်ခဲတဲ့ အခြေအနေပါ။ လွတ်လွတ်လပ်လပ် ပြောဆိုလုပ်ကိုင်ဖို့ မလွယ်ကူပါဘူး။ ကျနော်တို့ ILO အနေနဲ့တော့ အဓိကအားဖြင့် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုကိစ္စကို အဓိကကိုင်တွယ် ဖြေရှင်းဖို့ တာဝန်ရှိတာပါ။ ဒီကိစ္စကိုလည်း ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးနိုင်တဲ့ အခြေအနေမရှိတဲ့အတွက် ခက်ခက်ခဲခဲ လုပ်ကိုင်နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ လူထုအခြေအနေပေါ့။ ပွင့်ပွင့်လင်းလင်းနဲ့ လိုလိုလားလား ရှိကြပါရဲ့လား၊ မစ္စတာ Ryder နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ-

Mr. Guy Ryder ။ ။ အာဏာပိုင်တွေနဲ့ ကျနော်တို့က သိပ်ကိုပွင့်ပွင့်လင်းလင်းနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ အလုပ်သမားဝန်ကြီးနဲ့ တွေ့ခဲ့ပါတယ်။ ရှေ့နေချုပ်နဲ့လည်း တွေ့ခဲ့ပါတယ်။ သူတို့လည်း ကျနော်တို့ လုပ်ရမယ့်ကိစ္စနဲ့ ပတ်သက်လို့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြောကြတယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ILO အရာရှိတွေ အရင်ကလည်း မြန်မာနိုင်ငံကို သွားခဲ့ကြတယ်။ အဲဒီမှာလည်း ILO ရုံးတခု ဖွင့်ထားတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ခင်ဗျားလို ILO အဆင့်မြင့်အရာရှိကြီးတဦး သွားရောက်တဲ့အခါ လူတွေက ပိုပြီးမျှော်လင့်ချက်ထားကြပါတယ်။ ဒါကြောင့် ပြောပါအုံးခင်ဗျာ။ ဒီခရီးစဉ်အတွင်းမှာ အထူးသဖြင့် ဘယ်လို အောင်မြင်မှုတွေ ရရှိသလဲဆိုတာ။

Mr. Guy Ryder ။ ။ ဟုတ်ပါတယ် ဒီခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ILO ဆက်သွယ်ရေးရုံးနဲ့ အလုပ်ကြမ်းစေခိုင်းမှု တိုင်တန်းချက် အရေးယူရေး သဘောတူညီချက် သက်တမ်းတိုးဖို့ကိစ္စ ဖြစ်ပါတယ်။ အဲဒီကိစ္စမှာတော့ ကျနော်တို့ အောင်မြင်မှု ရရှိခဲ့ပါတယ်။ ဒါ့အပြင် အလုပ်သမားများရဲ့ လွတ်လပ်သောအဖွဲ့အစည်း ဖွဲ့စည်းခွင့်၊ စုဝေးခွင့် စတဲ့ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါသေးတယ်။ မြန်မာအစိုးရက သူတို့ဟာ ဒါတွေနဲ့ပတ်သက်ပြီး ဥပဒေသစ်တရပ် ရေးဆွဲနေတယ်ဆိုပြီး ILO ကို မနှစ်တုံးက အကြောင်းကြားခဲ့တာပါ။ အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့်ကိစ္စ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့ အလုပ်သမားသမဂ္ဂတရပ် ပေါ်ပေါက်လာနိုင်တဲ့ အလားအလာ တွေ့မြင်နေရပြီလားခင်ဗျာ။ မကြာခင်ကာလအတွင်းမှာ အလုပ်သမဂ္ဂအဖွဲ့တွေ ပေါ်ပေါက်လာနိုင်ပြီလား။

Mr. Guy Ryder ။ ။ ဒါဟာ ဖြေရလွယ်တဲ့ မေးခွန်းတခုတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ ပြောနိုင်တာကို ပြောရမယ်ဆိုရင် သူတို့ဟာ ဒီအတွက် ဥပဒေသစ်တရပ် ဖော်ဆောင်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ ဆိုပါတယ်။ ဒီကိစ္စဟာ နှစ်မဆိုင်းဘဲ လပိုင်းအတွင်း ပေါ်ထွက်လာဖို့ မျှော်လင့်တယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ အဲဒီဥပဒေဟာ ILO က ချမှတ်တဲ့ လွတ်လပ်စွာ ဖွဲ့စည်းစုဝေးခွင့် စံတွေနဲ့ ကိုက်ညီမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ အဲဒီတော့ ဒီ ဥပဒေဟာ ဘယ်လိုပုံစံဖြစ်လာမလဲဆိုတာ အခု ကျနော်တို့ စောင့်ကြည့်ကြရမှာပါ။ တကယ်ပေါ်ထွက်လာတဲ့အခါ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအောက်မှာ အဲဒီဥပဒေကို ဘယ်လိုအသက်ဝင် ထိရောက်မှုရှိစေမလဲဆိုတာတော့ ကြည့်ရအုံးမှာပေါ့။

ဦးကျော်ဇံသာ ။ ။ ဒါဟာ သိပ်ကောင်းပါတယ်။ ILO ရဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး အားမလိုအားမရ ဖြစ်နေကြပါတယ်။ NLD အပါအဝင်ပေါ့ခင်ဗျာ။ မြန်မာအစိုးရနဲ့ အပြန်အလှန် သဘောတူညီချက် သက်တမ်းတိုးတယ်ဆိုတဲ့ကိစ္စကို ကြိုဆိုကြပေမဲ့ ILO ဟာ ဒါ့ထက်ပိုပြီး လုပ်သင့်တယ်လို့ ထောက်ပြနေကြပါတယ်။

Mr. Guy Ryder ။ ။ ဟုတ်ပါတယ်။ ကျနော်တို့လည်း လူပေါင်းစုံဆီက ဒါမျိုးကြားရပါတယ်။ ကျနော်တို့နဲ့ တွဲလုပ်နေတဲ့ အောက်ခြေ အဖွဲ့အစည်းတွေကတဆင့် ကြားရပါတယ်။ သဘောတူညီမှု သက်တမ်းတိုးတာ ကြိုဆိုကြတယ်။ ILO ရဲ့ အခန်းကဏ္ဍ သိပ်အရေးကြီးတယ်။ ဒါ့ထက်ပိုပြီး လုပ်ပေးနိုင်ကြဖို့လိုလား နေကြတယ်လို့ ဆိုပါတယ်။ ဒီအတွက်တော့ အခြေအနေ ဘယ်လောက်ပေးသလဲဆိုတာ ကျနော်တို့ ကြည့်ရပါသေးတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာ လုပ်ဆောင်နေတာဟာလည်း အလေးအနက် ဖော်ပြကြရမယ့် ကိစ္စလို့ ထင်ပါတယ်။ အလုပ်ကြမ်းစေခိုင်းမှုအတွက် တိုင်ကြားချက်တွေဟာ အလျှင်အမြန် ကြီးတိုးတက်လာနေပါတယ်။ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာကို နှစ်ဆ တိုးလာခဲ့ပါတယ်။

မှန်ပါတယ်။ ILO အနေနဲ့ တခြားစိတ်ဝင်စားတဲ့လုပ်ရပ်တွေရှိပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အဲဒီကိစ္စကို အဓိက ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီကိစ္စကိုပဲ အဓိကထားတယ်ဆိုတော့ တိုင်တန်းချက်တွေကိုပဲ လက်ခံတာပဲလားခင်ဗျ။ တိုင်စာပဲ လက်ခံတာကိုပဲ အဓိကထားပါသလား၊ တိုင်ကြားချက်တွေကို ပြေလည်မှုရရှိအောင် ဖြေရှင်းရေးကိုရော အလေးအနက်မထားဘူးလား။

Mr. Guy Ryder ။ ။ တိုင်စာအရေးယူ ဖြေရှင်းရေးကိစ္စနဲ့ ပတ်သက်လို့လည်း အာဏာပိုင်တွေနဲ့ ဖြေရှင်းခဲ့ပါတယ်။ တကယ်တော့ တိုင်ကြားစာတွေရဲ့ သုံးပုံနှစ်ပုံဟာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို စစ်မှုထမ်းခိုင်းတာတွေနဲ့ ပတ်သက်နေပါတယ်။ ဒါဟာ အဓိကတိုင်ကြားတဲ့ကိစ္စပါ။ ဒီကိစ္စဟာ ILO Constitution အပိုဒ် ၂၉ အရ အတင်းအဓမ္မ အလုပ်ကြမ်းခိုင်းစေမှုနဲ့ အကျုံးဝင်နေပါတယ်။ ဒီလို ကလေးစစ်သားတိုင်ကြားမှုတွေအတွက် အရေးယူ ဆောင်ရွက်ချက်တွေ၊ ဖြေရှင်းချက်တွေ အတော့ကို ရှိနေပါတယ်။ ဒါဟာ ရလဒ်ကောင်းပါ၊ တိုးတက်မှုရှိနေတာပါ။ ကျနော် ဗမာပြည်ထဲ ရောက်နေတဲ့ ၃ ရက်အတွင်းမှာတောင် စစ်တပ်ထဲ သွတ်သွင်းခံထားရတဲ့ ကလေး ၂ ယောက်ကို ပြန်လွှတ်ပေးတာ တွေ့ခဲ့ရပါတယ်။ ဆိုတော့ ကျနော်ကိုယ်တိုင် ရလဒ်ကို မြင်နေခဲ့ရတာပါ။

တခြား အဓမ္မ အလုပ်ကြမ်းစေခိုင်းမှု ပြဿနာတွေနဲ့ ပတ်သက်လို့ အမှန်အတိုင်း ပြောရရင်တော့ ရလဒ်က ဒါလောက် မကောင်းပါဘူး။

ဦးကျော်ဇံသာ ။ ။ လယ်တွေ၊ မြေတွေ အတင်းအဓမ္မသိမ်းယူနေတဲ့ ကိစ္စတွေကိုရောခင်ဗျား။ မြေသိမ်းတဲ့ သတင်းတွေလည်း အမြဲလိုလို ပေါ်ထွက်နေပါတယ်။ ဒီကိစ္စကရော ILO လုပ်ပိုင်ခွင့်နဲ့ အကျုံးဝင်ပါသလား၊ ဘယ်လိုဆောင်ရွက်ခဲ့ပါသလဲခင်ဗျာ။

Mr. Guy Ryder။ ။ မှန်ပါတယ်။ မြေယာပြဿနာမျိုးစုံကို လူအများအပြား ပြောနေကြပါတယ်။ မြေယာသိမ်းယူတဲ့ကိစ္စ၊ မြေယာပိုင်ဆိုင်မှုကိစ္စ၊ မြေယာအသုံးချမှုကိစ္စတွေနဲ့ပတ်သက်ပြီး လူထုကြားမှာ စိုးရိမ်မှုတွေ အများကြီးရှိနေပါတယ်။ ခင်ဗျားမေးတာ မှန်ပါတယ်။ ဒီကိစ္စတွေနဲ့ ဘယ်နေရာမှာ စည်းခြားရမလဲဆိုတာ အတော်ခက်ခဲပါတယ်။ တချို့ကိစ္စတွေမှာ အတင်းအကြပ် အလုပ်ကြမ်းခိုင်းစေမှုကိစ္စတွေနဲ့ သက်ဆိုင်ပါတယ်။ ဒါဟာ ILO ရဲ့ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပါတယ်။ တချို့က ကျနော်တို့လုပ်ပိုင်ခွင့်နဲ့ မသက်ဆိုင်ပါဘူး။ ဘယ်ကိစ္စဟာ ILO နဲ့သက်ဆိုင်တယ်၊ ဘယ်ကိစ္စက မသက်ဆိုင်ဘူးလို့ စဉ်းစားရတာလည်း အခက်အခဲရှိပါတယ်။ လွှမ်းခြုံပြီး ပြောနိုင်တာကတော့ မြေယာပြဿနာဟာ မြန်မာပြည်အတွင်းမှာ နေထိုင်သူ အားလုံးအတွက် အင်မတန်အရေးကြီးတဲ့ ကိစ္စတရပ်ဖြစ်နေတယ်ဆိုတာပါပဲ။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်မေးချင်တဲ့ကိစ္စတခုက စစ်မှုမထမ်းမနေရ ဥပဒေပြဌာန်းတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာပြည်သူတွေ စိုးရိမ်မကင်းဖြစ်နေကြတယ်ဆိုတာ ကြားရပါတယ်။ တချို့ကလည်း ဒါဟာ ကလေးစစ်သားအသုံးပြုမှုကို အစားထိုးဖို့လုပ်လာကြတာလို့ သုံးသပ်နေကြပါတယ်။ ဒီကိစ္စကိုရော မြန်မာအာဏာပိုင်တွေနဲ့ ILO အရာရှိတွေနဲ့ ဆွေးနွေးခဲ့ပါသလားခင်ဗျ။

Mr. Guy Ryder။ ။ စစ်မှုမထမ်းမနေရကိစ္စကတော့ ကျနော်တို့ ချက်ချင်းဆွေးနွေးရမယ့် ကိစ္စမဟုတ်သေးပါဘူး။ လူတွေကို စစ်မှုထမ်းခိုင်းတာ သက်သက်ကတော့ ILO Convention ကို ချိုးဖောက်ရာ မရောက်ပါဘူး။ ပြဿနာက အဲဒီလို စစ်မှုထမ်းခိုင်းတဲ့ကိစ္စမှာ အသက်မပြည့်သူတွေပါလာမှ ဖြစ်မှာပါ။ အခုလောလောဆယ်မှာတော့ ဆွေးနွေးစရာ မဟုတ်သေးပါဘူး။ တကယ်လက်တွေ့ကျင့်သုံးတဲ့အခါမှာ ပြဿနာရှိလာရင်တော့ ကျနော်တို့နဲ့ပတ်သက်လာမှာပါ။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ကိစ္စကိုရော နည်းနည်းလောက် ပြောပြပါအုံးခင်ဗျာ။ အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တာနဲ့ ကွာခြားမှုရှိပါသလား။ အကြောင်းအရာအားဖြင့် တုန့်ပြန်ချက်ရော ဘယ်လို ကွာခြားမှုရှိပါသလား။

Mr. Guy Ryder ။ ။ ကျနော်တို့က ILO ရဲ့  လုပ်ဆောင်ချက်တွေကို အသေးစိတ်ရှင်းပြပါတယ်။ ကျနော်တို့ရဲ့  တာဝန်ကို ပြည့်မြောက်အောင် ကြိုးပမ်းမှုတွေကို ရှင်းပြပါတယ်။ ILO ရှိနေတာကို ဒေါ်အောင်ဆန်းစုကြည် က ကြိုဆိုပါတယ်။ ဒါဟာ တိုင်းပြည်အတွက် အကျိုးရှိတဲ့ လုပ်ဆောင်ချက်လို့ သူမက ယူဆပါတယ်။ ကျနော်တို့ လုပ်နေတာကိုလည်း သိပါတယ်။ ဒါပေမဲ့ ILO အနေနဲ့ ပိုပြီးလုပ်နိုင်ဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။ အခွင့်သာရင်သာသလို ILO အနေနဲ့ ဆက်လက်အားဖြည့်ဖို့လည်း ပြောပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည် ပြောလိုက်တဲ့ အဓိကအချက်တွေပါ။

ဦးကျော်ဇံသာ ။ ။ ကုလသမဂ္ဂရဲ့  လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က မြန်မာနိုင်ငံမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ စစ်ရာဇဝတ်မှုတွေ ရှိနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ က ကြီးကြပ်ကွပ်ကဲတဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့အဆိုပြုထားပါတယ်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးကိစ္စကို လေ့လာနေတဲ့ ILO အကြီးအကဲတယောက်အနေနဲ့ ဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ။ အဲဒီလို စုံစမ်းစစ်ဆေးဖို့ဆိုတာ ဖြစ်လာနိုင်မယ် ထင်ပါသလား။

Mr. Guy Ryder ။ ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ ကျနော်မသိပါဘူး။ ဒီကိစ္စမှာ ILO ရဲ့  ရပ်တည်ချက်မရှိပါဘူး။ ILO မှာ ဒီကိစ္စကို ဆွေးနွေးမယ့် ပေါ်လစီလည်း မရှိပါဘူး။ ဒီကိစ္စအတွက် Mr. Quintana က အဆိုပြုထားတယ်ဆိုတာကိုတော့ ကျနော်တို့ သိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ILO သမိုင်းမှာ သက်ဆိုင်ရာနိုင်ငံတခုခုနဲ့ အစိုးရတရပ်ရပ်နဲ့ အပြင်းအထန်ဆုံး ရင်ဆိုင်ဖြေရှင်းရတဲ့ ပြဿနာက ဘယ်နိုင်ငံနဲ့ ဖြစ်ခဲ့ပါသလဲ။ ဘယ်ပြဿနာလည်းဆိုတာကို နောက်ဆုံးမေးချင်ပါတယ်။

Mr. Guy Ryder ။ ။ အဆိုးဝါးဆုံး ပြဿနာက ဘယ်ပြဿနာလည်းဆိုတာကို ဆုံးဖြတ်ဖို့ ခက်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ ပြောစရာ နှစ်ချက်ရှိပါတယ်။ တချက်က မြန်မာနိုင်ငံကိစ္စမှာ ILO ဟာ သမိုင်းမှာ တခါမှ မသုံးခဲ့ဘူးတဲ့ သူ့ ဖွဲ့စည်းပုံ ဥပဒေထဲက အချက်တရပ်ကို ထုတ်သုံးရတယ်ဆိုတဲ့ ကိစ္စပါ။ ကျနော်တို့ဟာ ILO လုပ်ထုံလုပ်နည်းဥပဒေ ပုဒ်မ (၃၃) ကို သုံးရပါတယ်။ အဲဒါကတော့ ILO Convention ပါ ပြဌာန်းချက်ကို နိုင်ငံတနိုင်ငံအနေနဲ့ လိုက်နာအောင် လုပ်ခိုင်းရတဲ့ကိစ္စပါ။ မြန်မာနိုင်ငံမှာတော့ အတင်းအဓမ္မစေခိုင်းမှုကိစ္စပါ။ ဒါမျိုး ILO သမိုင်းမှာ တခါမှ မလုပ်ခဲ့ပါဘူး။ အခုမှ မြန်မာနိုင်ငံကိစ္စမှာ အရင်ဆုံး သုံးရတာပါ။

ဦးကျော်ဇံသာ ။ ။ တကယ်လို့ မြန်မာအစိုးရက မလိုက်နာဘူးဆိုရင် ILO က ဘာဆက်လုပ်မလဲ။ အဲဒီ ပုဒ်မအရဆိုရင်။

Mr. Guy Ryder ။ ။ ပုဒ်မ (၃၃) မှာ အဓိက ပြောထားတာက ILO စုံစမ်းရေးကော်မရှင်က ထောက်ခံတင်ပြထားတဲ့ကိစ္စကို မလုပ်ဘူးဆိုပြီး နိုင်ငံတနိုင်ငံက နောက်ဆုံးငြင်းဆန်လာရင် အဲဒီ အစိုးရရဲ့  တာဝန်သာဖြစ်တယ်လို့ အဖွဲ့ဝင်နိုင်ငံတွေကို ပြောရမယ်။ ထိုက်သင့်တဲ့ အရေးယူမှုတွေလုပ်ဖို့ ကျန်နိုင်ငံတွေကို ပြောရမယ်လို့ ဆိုပါတယ်။ ဒါကို ကျနော်တို့ အခုလုပ်ထားတယ်။ ဘယ်လိုအရေးယူမလည်းဆိုတာ အဖွဲ့ဝင်နိုင်ငံတွေအပေါ် မူတည်ပါတယ်။





Find this article at:
http://www.voanews.com/burmese/news/news-analysis/news_analysis_02-02-2011-117280973.html