
ဓါတ်ပုံ co2 zenith
သူ့အထွာနဲ့ သူ၊ ကိုယ့်အထွာနဲ့ ကိုယ်
ကျုပ်ရေးမယ့် အကြောင်းအရာလေး မရေးခင်မှာ ပုံပြင်တပုဒ်လောက် ရေးပြပါ
ရစေ။
တောမီးတွေလောင်တော့ တောထဲမှာကျက်စားနေကြတဲ့ သတ္တဝါတွေ မီးလွတ်ရာကို
ပြေးကြတာပေါ့၊ အဲဒီလိုပြေးလွှားလို့ မီးလွတ်တဲ့နေရာကိုရောက်တာ့
အမောအပမ်းဖြေကြရင်း ဆင်ကပြောတယ် ကြည့်ကြစမ်းပါဦးကွာ သစ်ကိုင်းနဲ့ခြစ်မိလို့
ငါ့ကျောက်ကုန်း(ကျောကုန်း)တထွာလောက်ပြဲသွားတယ် လို့ပြောတော့
ဖြုတ်ကလည်း ငါ့ကျောက်ကုန်း(ကျောကုန်း)လည်း တထွာလောက်ပြဲနေတယ်လို့
ဆိုလိုက်တော့ ဆင်က မင်းကွာ၊ အကောင်ကဖြင့် လက်သည်း(လက်သဲ)ထိပ်လောက်တောင်
မရှိတာများ တထွာလောက်ပြဲတယ်ဆိုတော့ လွန်တာပေါ့တဲ့။
ဒီတော့ဖြုတ်က ခင်ဗျားလည်း ခင်ဗျားအထွာနဲ့ခင်ဗျား၊ ကျုပ်လည်း ကျုပ်အထွာနဲ့ ကျုပ်ပေါ့ဗျာတဲ့။
ကျုပ်ဘာကြောင့် စကားဦးသန်းထားရသလဲဆိုတော့ ကျုပ်အတွေးအခေါ်လေးနဲ့
သတင်းသုံးသပ်မလို့ပါ၊ ဝါရင့်နိုင်ငံရေးသမားတယောက် မဟုတ်ရသလို၊အတွေ့အကြုံရင့်ကျက်တဲ့
သတင်းသမားတယောက်လည်း မဟုတ်ရပါဘူး။
ဒီလိုဗျဒီလို။
မိုင်းပပျောက်ရေးလှုပ်ရှားသူတွေက မြေမြှုပ်မိုင်း အသုံးပြုတာတားဘို့ မြန်မာနိုင်ငံ က
အခုအချိန်အထိ အကောင်အထည်မဖေါ်နိုင်သေးဘူးဆိုပြီး ဝေဘန်သွားတော့ ဗမာစစ်အစိုးရက
လက်နက်ကိုင် အဖွဲ့ ၁၈ခုထဲက ၁၇ဖွဲ့နဲ့ ငြိမ်းချမ်းရေးယူထားပြီး ဖြစ်တဲ့အပြင် ကျန်နေတဲ့တဖွဲ့နဲ့လည်း
ညှိနှိုင်းနေပါတယ်၊ ပဋိပက္ခတွေ မရှိတော့ တဲ့အတွက် သူတို့အနေနဲ့ မိုင်းထောင်တဲ့ကိစ္စကို
ထည့်ပြောနေစရာမလိုပါဘူး ဆို ပြီး မနှစ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာလုပ်ခဲ့တဲ့
မြေမြှုပ်မိုင်းပပျောက်ရေးနဲ့ဆိုင်တဲ့ အစည်းအဝေးမှာ ပြောခဲ့တယ်ဆိုပါလား။
ဒါပေမယ့် အခြေအနေတွေဟာ အခုအချိန်အထိ တိုးတက်မှုရှိမလာသေးဘူး ဆိုပြီး
မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး တဦး ဖြစ်တဲ့
မစ္စအမ်မီလီ ကီတူဒတ် Ms. Emilie Kedutdat ကပြောပြန်ပါတယ်။
မိုင်းဗုံးတွေကို စက်ရုံက ထုတ်တာပဲဖြစ်ဖြစ်၊အိမ်နောက်ဖြေးက လုပ်တာပဲ ဖြစ်ဖြစ်
သာမာန်အိမ်သုံးပစ္စည်းမဟုတ်တာကြောင့် ဘာမှမထူးဘူး၊ နိုင်ငံတကာ
သဘောတူညီချက်တွေအရ ဒါဟာ တရားမဝင်ဘူး၊ လက်လုပ်ဗုံးတွေဟာ အထိအခိုက်
နည်းပေမယ့် သေစေနိုင်လောက်အောင် အန္တရာယ်ရှိတယ်၊ အထူးသဖြင့်ဘယ်လိုဘယ်ပုံ
လုပ်ထားမှန်းမသိတဲ့အတွက် မိုင်းရှင်းသူတွေအတွက် အခက်အခဲအများအပြား
ကြုံတွေ့ကြရတတ်တာကြောင့် အိမ်တွင်းဖြစ်မိုင်းတွေဟာ၊ စက်ရုံကထုတ် တဲ့မိုင်းတွေလိုပဲ
အန္တရာယ်ကြီးမားပါတယ်ဆိုတဲ့အကြောင်း၊ မြေမြှုပ်မိုင်းတားဆီးရေးအဖွဲ့ဝင်တဦးဖြစ်တဲ့
မစ္စမေရီဝဲဟမ်း Ms. Mary Wereham ကပြောသွားပါသေးတယ်။
ဗမာစစ်အစိုးရရဲ့ စကားအသွားအလာအရ ၁၈ဖွဲ့ထဲက တဖွဲ့ပဲကျန်တယ်ဆိုတော့၊
မြေမြှုပ်မိုင်းကို KNU ပဲသုံးတာ၊ သူတို့မသုံးဘူးလို့ပြောလိုက်တာပါ၊ စစ်အစိုးရရဲ့စကားကို
အားပေးထောက်ခံလိုက်တဲ့၊ အရေးအသားတခုပေါ်လာပါတယ်၊ KNLA တွေဟာ
SPDC နဲ့ DKBA တို့ ထိုးစစ်ဆင်လာမှာကို ကြိုသိထားတဲ့အတွက် ဒေသတခုလုံးမှာ၊
မြေမြှုပ်မိုင်းတွေ၊ ထောင်ချောက်မိုင်းတွေ ပြည့်နှက်နေတဲ့အပြင် KNLA တို့ကိုယ်တိုင်
ထုတ်လုပ်ထားတဲ့ ရှေ့ထွက်မိုင်းတွေနဲ့ ခုခံတိုက်ခိုက်နိုင်တဲ့ အကြောင်း ရေးသားထားတာ
တွေ့ရပါတယ်။
အဲဒီသတင်းနဲ့ တရက်ထဲလိုလိုမှာ မီးလောင်ရာလေပင့်တဲ့ အရေးအသားတခု
ထပ်တွေ့လိုက်ရပြန်ပါတယ်၊ ခြောက်လအတွင်း ရွာသားအယောက် ၃၀ မိုင်းနင်း မိပြီး
၁၅ယောက်သေတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးထားတာပါ။

ဓါတ်ပုံ co2zenith မှ ကူးယူဖေါ်ပြပါသည်။
ဒီတော့ဗျာ ပြောလက်စနဲ့ ကျုပ်ပြောပါရစေ၊ သတင်းစာလွတ်လပ်ခွင့်ဆိုတာ
ရှိနေလေတော့ သတင်းကိုအတတ်နိုင်ဆုံး မြန်ဆန်မှန်ကန်တိကျမှုဖြစ်အောင်
ကြိုးစားရေးသားထုတ်လွှင့်ကြရမှာက သတင်းသမားတွေရဲ့ တာဝန်ဖြစ်သလို၊
ကိုယ်တင်ပြရေးသားလိုက်တဲ့သတင်းဟာ ကိုယ့်အာဘော်မဖြစ်အောင် ထိန်းသိမ်းရမယ့်ဝတ္တရား
ရှိတယ်ဆိုတာကိုလည်း သတင်းသမားတိုင်းသိကြပါတယ်။
ကျုပ်သင်တန်းတခုတက်ခဲ့တုန်းက တကယ်လို့များခင်ဗျားဟာ သတင်းမပေးရဲသူ
မပေးချင်သူတယောက်စီက သတင်းယူမယ်ဆိုရင်၊ သူပြောချင်လာအောင် လုပ်ပါ၊
အကယ်၍များ ခင်ဗျားက သတင်းပေးသူဖြစ်မယ်ဆိုရင်တော့ သတင်းသမားရဲ့
စကားနောက်ကို မလိုက်မိအောင်သတိထားပြီး ကိုယ်ပြောရမယ့်အချက်
အလက်ကိုသာ ထပ်ခါတလဲလဲပြောပါ၊ ဆိုပြီးသင်ခဲ့ရသဗျ။
ဘာကြောင့်လဲဆိုတော့တဲ့ သတင်းသမားတွေတိုင်းဟာ ကိုယ့်လူချည်းပဲမဟုတ် နိုင်လို့ပါတဲ့။
ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ မိုင်းနင်းမိလို့ ငိုညည်းနေသူတွေ၊ သေနတ်ဒါဏ်ယာကြောင့် လဲကျနေသူရဲ့
ပုံတွေကိုဖေါ်ပြထားတဲ့ တချို့ဘလော့ဂ်တွေမှာ SPDC နှင့် DKBA တို့၏ ဘာညာဆိုပြီးရေးသားကြတာ
တွေ့ရပါတယ်၊ အဲဒီလိုရေးမယ့်အစားပြည် တွင်းစစ်၏ အနိဌာရုံများ၊ ဒါမှမဟုတ်
လူသတ်လက်နက်များထုတ်လုပ်ကြသည့် နိုင်ငံများအတွက် ပေးဆပ်နေကြရသည့်
အပြစ်မဲ့ကရင်ပြည်သူများ စသည်ဖြင့် ကျယ်ကျယ်ပြန့်ပြန့်လေးဖြစ်သွားအောင် အရေးအသားတွေ
ပြင်စေချင်ပါတယ်။
ဘာကြောင့်လည်းဆိုရင် လက်နက်ကိုင်အဖွဲ့အစည်းတိုင်းဟာ အခြေအနေပေါ်မူ တည်ပြီး
လုပ်ရကိုင်ရတဲ့အခါကျတော့ မလွှဲမရှောင်နိုင်တဲ့ မတော်တဆမှုဆိုတာ အနည်းနဲ့အများ
ကြုံတွေ့တတ်ကြရတာကြောင့်ပါ။
မစ္ဈိမ သတင်းဌာနနှင့် ကေအိုင်စီ သတင်းစဉ်တို့မှ သတင်းအချက်အလက်များကို
မှီငြမ်းရေးသားထားခြင်း ဖြစ်ပါသည်။
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
Minnesota, USA. April 25, 2009




