• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Friday, August 28, 2009

ဘဲကလော်ကို ဖြတ်သန်းခြင်း

ဘဲကလော်ကိုဖြတ်သန်းခြင်း
ဘိက္ခုရာဇက္ကန္ဒ(ABYMU)

ခရီးသွားတဲ့....ငါ
ကားပေါ်က ဝဲယာကိုကြည့်
စိတ်ထဲမှာ တခဏချမ်းမြေ့။

ကား....မြန်မြန်
လေ....ထန်ထန်မှာ
ဘဲကလော်ရွာကို အဖြတ်
နေပူစပ်ခါး
ရေခပ်သွားကြသူ
မြေပူလမ်းထဲ၊ ပြေးလျှောက်သူ
လေပူရှူနေ.... သူ
ပင့်ကူလူသားတွေ မြင်ရ
ဘဝမခြား ခဏမနား
ဆန်းပြားမျက်နှာနဲ့
မြောက်ပိုင်းကန္တာရ ခရီးသွားတွေထင်ရဲ့။

ဟော....ဟိုတယောက်
ချိုင်းထောက် ထောက်ရင်း
ပလိုင်းခြင်း ကျောပိုး
မျှစ်ချိုးဖို့သွားသလား....မသိ။


အိမ်အပြန်မှာ
ဆန်တပြည် နှစ်ပြည်လွယ်ရင်း
အတင်း တဖွဖွ
ဝေငှသူနဲ့ မကြေမလည်
မျက်နှာငယ် ဒေါသကဲ
လမ်းထဲမှာ ဆဲတောင် ဆဲလိုက်သေးတယ်။

ဟော.....ဟိုမှာလူအချို့
ခေါင်းမော့မရဘူး
မြေတူးမြေယက်
ခြေကုန်လက်ကျ
လုပ်ရ
မီးသွေးရဘို့အရေး
အားခဲနေလိုက်တာ။

ဟော.....ဟိုမှာလူအချို့
ခေါင်းမော့မရဘူး
ဦးဦးဖျားဖျား ထ
ဦးဦးဖျားဖျား သွားကြ
ဦးဦးဖျားဖျား ကောက်ရ
ဦးဦးဖျားဖျား ပြန်ကြ
ဖက်....ရမှဝမ်းဝမယ်။
အင်း....မွန်းလွဲတနာရီတောင် ထိုးနေပြီကော။

ဖက်မိုးဖက်ကာ
ဖက်....ရမှ ဖက်တဲဖြစ်
ဖက်.....ရှိ ငွေ....ရှိ
ငွေရှိဘို့ ဖက်ရှာ
ဖက်ရမှ ဝမ်းဝ
ဘဝကို ဖက်....လွှမ်းမိုးနေသူများ
ဖက်....ပြည်သူတွေရဲ့ရိုးတံကျဲ....တဲ
ငါ့....နှလုံးသားထဲမှာ ကြေကွဲ။

လမ်းနံဘေးက
ရိပ်မြုံအိုလေးတခုထဲ
ကလေးတသိုက်
အော်ဟစ်လိုက်တဲ့အသံ
နေလျှံနဲ့လွင့်ပါး
ရွာသားများ စည်းဝေးနေကြသည်
ကစားမလား နားမလား....တဲ့။

ယေဘူယျ
သောကကိုပွေ့ပိုက်
ဒုက္ခစစ်နဲ့ကစား
အားမရှိ ဆား မစားရဲသော်မင့်
အရှုံးပေးမယ့်မျက်နှာ
တခုမှ မတွေ့ရဘူး။

တောက်
ဒေါသအလျှောက်ထွက်သွား
ခံစားချက်ကြောင့်ပ
အိုး....ငါ့သား၊ငါ့သွေး၊ မကွဲတဲ့သွေး
ရဲကြစမ်း.....ဟေ့။
မွေးကြစမ်းဟေ့....အား။

တဒင်္ဂ
ဘဲကလော်ကို ဖြတ်
ဘတ်(စ်)ကားနဲ့ ခရီးသွားတဲ့ငါ
(အပြန်မှာ)
သဘာဝတ္တံ အလှတရား
ကားပေါ်မှ ဝဲယာပြန်ကြည့်
စိတ်ထဲမှာတော့
တခဏ
ချမ်းမြေ့သွားပြန်ရော။


ဘိက္ခုရာဇက္ကန္ဒ(ABYMU)
သနူးထူးဂျာနယ်
June, 2002