• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်
Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

Friday, October 9, 2015

စားရက်ရင် စား

October 06, 2015
Tuesday

စားရက်ရင် စား

By မင်းစိုးစံ

နေရောင်က အနီရင့်
အစိမ်းရင့်က သစ်ရွက်အရောင်
ဟန်ဆောင်ကောင်းတာက ပင်လယ်ရေ
ကောင်းကင်ပြာရင် သူပြာတယ်
ကောင်းကင်ညိုရင် သူလိုက်ညိုတယ်။

ပန်းရောင်စုံတွေကြား
ပျံလွှားနေတဲ့ပျားဟာ
ပန်းအတွက်သစ္စာမကျိုးပဲ
ပန်းတမျိုးတည်းကိုသာ ၀တ်မှုံကူးပါသတဲ့။

လိပ်ပြာကသစ္စာမဲ့
တွေ့တဲ့နေရာတိုင်းမှာနား
ပန်းတွေကြားမှာလည်းပျော်
ပန်းတွေရဲ့ဘ၀ကို မငဲ့
ဝတ်ရည်ဝတော့ ထားခဲ့။


သူငယ်ချင်း
နေမင်းလို မင်း နီရဲ့လား
သစ်ရွက်များလို မင်း စိမ်းရဲ့လား
ပျားပိတုန်းပမာ
သစ္စာတရားကို မင်း လက်ကိုင်ထားရဲ့လား။

မဟုတ်ရင်
ပင်လယ်ပြင်လိုဟန်ဆောင်
လိပ်ပြာတစ်ကောင်လိုသစ္စာပျက်
အရောင်ပြောင်းသိက္ခာမဲ့
ပြည်သူအတွက် လှည့်မကြည့်တော့ဘူးလား။

စဉ်းစားမိရဲ့လား
ဟိုလူတွေရဲ့ ပြောစကားထဲမှာ
ချမ်းသာသွားရင် ဘယ်သူမှ စစ်မတိုက်ချင်တော့ဘူး တဲ့။


အေး........။
မင်း ချမ်းသာနေတဲ့ ဓနဥစ္စာမှန်သမျှ
ပြည်သူတွေရဲ့ ဘ၀၊ မျက်ရည်၊ အသက်၊ သွေး၊ ချွေး၊
အဲဒါတွေနဲ့ စတေးခဲ့ရတယ်။
အဲဒီအရာတွေကို သူတို့ ပေးဆပ်ခဲ့ရတယ်။

ဒီတော့............။
မင်း စားရက်ရင်စား။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Sunday, November 30, 2014

ပေါက်ကွဲမှု ဖြစ်စဉ်


November 30, 2014
Sunday

“ EXPLOSIONS “

A fermenting pot of toddy bubbles with froth
A ram-shackled bamboo container resembles a toddler’s balancing act
And my hands holding the coconut cup become somewhat boneless.

Inside a dilapidated hut with a torn roof
and tattered thatch walls,
My beloved family barely tolerates the monsoon.

This meaningless life saddens my heart
Worse than an old rat’s hole
Absorbing a continuous flow of pouring toddy.

Vapors of anger evaporates,
as the jaw clenches and the tears burst.
What does the future hold for someone like me,
Being born under a useless rule of a military regime?

As Saing Htee Saing’s fists hit the wall,
With much resentment,
mine hits the palm tree
left and right,
Leaving bloodstained hands
contused and crushed.

Where is my family’s food for tomorrow’s tomorrows,
If--------I cannot climb
the palm tree?

MIN SOE SAN
A Karen Refugee from Afar
Translator (Mi Mi Oo)  

ပေါက်ကွဲမှု ဖြစ်စဉ်

By မင်းစိုးစံ

မြူအိုးထဲက ထန်းရည်
အမြှုပ်တွေ ပလုံစီ
ရီတီတီ ၀ါးကျည်ထောက်
လမ်းလျှောက်သင်တဲ့ ကလေးလိုယိုင်
အုန်းမှုတ်ခွက်ကိုင်တဲ့ ငါ့ရဲ့လက်
အရိုးမဲ့သလို ဖြစ်။

ငါချစ်တဲ့မိသားစု
ယိုင်ပြိုလုတဲအိုပျက်
ထရံပြဲနဲ့ ခေါင်မိုးလန်
သည်မိုးဒါဏ် မခံနိုင်။

ဘ၀,က အဓိပ္ပါယ်မဲ့
မချိတဲ့ငါ့ရင်ထဲ
ထန်းရည်တွေ တွင်တွင်လောင်း
ကြွက်တွင်းဟောင်းထက်ဆိုး။

ဒေါသ,က အခိုးပျံ
အံကြိတ်လို့ခံလိုက်
မျက်ရည်တွေ ပျိုက်ကနဲကျ
ဘာမျှသုံးလို့မရတဲ့စနစ်
စစ်အစိုးရခေတ်မှာ လူဖြစ်ရတဲ့ဘ၀,
အနာဂါတ်ဆိုတာ ဘာလဲ။

စိုင်းထီးဆိုင်ရဲ့ လက်သီးက
နံရံကို ထိုးချလိုက်တဲ့အချိန်
မကြေနပ်မှုများစွာနဲ့ ငါ့လက်သီး
ထန်းပင်ကို ဘယ်ညာ ပိတ်တီးလိုက်တယ်။

နီရဲစေးထန်းတဲ့ ငါ့ရဲ့လက်တွေ
စုတ်ပြတ်မွကြေ။

မိသားစုအတွက်ထမင်း
မနက်ဖြန်ရဲ့ မနက်ဖြန်များအတွက်
ငါ ထန်းမတက်နိုင်လို့ကတော့။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
December 25, 2009

Tuesday, November 25, 2014

မည်သူမျှမဘတ်သည့် ကဗျာနှစ်ပုဒ် နှင့် ၃၇ဦးသာဘတ်သည့် ကဗျာတစ်ပုဒ်

November 25, 2014
Tuesday

သူငယ်ချင်းရေ
အတွေးများနေလို့  ဘာရေးရမှန်းမသိတော့တာနဲ့ မင်းအတွက် ငါရေးခဲ့တဲ့ကဗျာတွေထဲက ဘယ်သူမှမဘတ်
တဲ့ ကဗျာ၂ပုဒ်နဲ့ ၃၇ယောက်ဝင်ဘတ်တဲ့ ကဗျာ ၁ပုဒ်ကို တင်ပေးလိုက်ပါတယ်။
၂၀၁၀ခုနှစ် ၆လပိုင်းတုန်းက ရေးခဲ့တဲ့ ကဗျာတွေပါ။
အပေါ်က ၂ပုဒ်က ၂၀၁၀ထဲကစလို့ မနေ့ကအထိ ဘယ်သူတစ်ဦးတစ်ယောက်မျှ ၀င်မဘတ်တဲ့ ကဗျာတွေ
ပေါ့။
နောက်ဆုံးတတိယအပုဒ်ကိုတော့  ၃၇ယောက်ဝင်ဘတ်တာတွေ့ရတယ်။
ငါရေးတဲ့ကဗျာကို အရက်ကလေးတမြမြနဲ့ ခံစားကြည့်လိုက်စမ်းပါ။
ပြီးတော့ ငါ့ကိုလည်း မင်းရဲ့အမြင်တွေ ပြန်ပြောပြဘို့ မမေ့နဲ့။


 ရေစုန်မှာ လှေကြုံမလိုက်စတမ်း

By မင်းစိုးစံ

တို့အိမ်ရဲ့ ကြမ်းခင်းလေး
ဆွေးနေတာမြင်တော့
တို့တတွေပြင်မယ်ဆိုပြီး
သစ်ပင်ခုတ်ချ ပျဉ်ခွဲကြနဲ့
ကြမ်းခင်းကို အသစ်လဲလိုက်ကြတယ်။

လဲပြီးလို့မကြာသေး
ကြမ်းပြင်က ထပ်ဆွေးလို့
နောက်တခါထပ်လဲနဲ့
အကွပ်မဲ့တဲ့ကြမ်းတွေဟာ ပရမ်းပတာဖြစ်ခဲ့တယ်။


ကြမ်းဆွေးနေတာပဲသိ
ဘာကြောင့်ဆွေးသလဲဆိုတာ
ရှာမကြည့်မိတဲ့နောက်
တတိတိနဲ့ငါတို့အိမ်ဟာ
ကျောခင်းစရာမဲ့တော့မယ်။

ဘာညာအချင်းများ
အညင်းပွါးနေကြရုံနဲ့
ခိုလှုံစရာအိမ်အတွက်
ကျက်သရေတက်စရာမရှိဘူးဆိုတာ
အားလုံးသိဘို့လိုတယ်။


ကျောချစရာမရှိ
ထိုင်စရာနတ္ထိမဖြစ်ခင်
ခေါင်မိုးကိုပြင်မယ်ဟဲ့
သက်ငယ်ကို အလျင်ရိတ်
ဝါးကိုအစိပ်စိပ်ခွဲ
သက်ငယ်နဲ့အတံတွဲသီပြီး
ခေါင်မိုးဆီဦးတိုက် မိုးလိုက်ကြစို့။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)



သွပ်ဆူးကြိုးကြားက ဘဝများ

By မင်းစိုးစံ

ငါ…စဉ်းစားနေတာလား
ဒါမှမဟုတ်
ငါ….ကြောင်နေတာလား။


နောက်တမျိုး
ငါ့ဦးဏှောက်ထဲ ပိုးဝင်နေတာလား
ပိုးထဲကို ငါ့ဦးဏှောက်တွေ ရောက်သွားတာလား။
ဦးဏှောက်ထဲကို ပိုးတွေပဲဝင်ဝင်
ပိုးတွေထဲကို ဦးဏှောက်ပဲရောက်နေနေ
ကြောင်နေတာနဲ့တွေးနေတာ ဘာမျှမကွာဘူး။


ငါ့ ဘဝကို
သွပ်ဆူးကြိုးတွေက ထိန်းချုပ်ထားတာလား။
သွပ်ဆူးကြိုးကြား
ငါ့ဘဝကို ပုံအပ်လိုက်တာလား။
ငါ့ဘဝကို
သွပ်ဆူးကြိုးက ကိုက်ဖြတ်စားသောက်နေတာလား။
သွပ်ဆူးကြိုးကို
ငါ့ဘဝက ကိုက်ဖြတ်စားသောက်နေတာလား။
ဘဝကိုသွပ်ဆူးကြိုးကြား ဘယ်လိုပဲပုံပုံ
သွပ်ဆူးကြိုးကဘဝကို ဘယ်လိုပဲထိန်းချုပ်ထိန်းချုပ်
သွပ်ဆူးကြိုးတွေကို
ဘဝတွေကကိုက်စားကြသလို
ဘဝတွေကိုသွပ်ဆူးကြိုးတွေက
ကိုက်စားနေကြပြန်တယ်။

ဘဝတွေနဲ့ သွပ်ဆူးကြိုးတွေကြား
ရိုက်စား လုပ်နေသူတွေကတော့
စည်းရိုးခပ်သူနဲ့ သံဆူးကြိုးထုတ်တဲ့သူတွေပါ။


သြော်….
၁၉၈၄ ခုနှစ်ကနေ ၂၀၁၀ အထိဆိုတော့ဗျာ
စေတနာရှင်တွေ သဘောပေါက်နေကြပါပြီ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)



စောင်းကောက်သံကြားချင်တယ်

By မင်းစိုးစံ

နုညက်အိစက်ခြင်းမရှိတဲ့ ငါ့ရဲ့လက်ချောင်း
စောင်းကြိုးပေါ်တက်ဆင်း
ညှင်းသွဲ့ဆော့ပြေး လ,ရေးရေးကြား
“လေလေး....” ဆိုတဲ့တေးသံတွေ လွင့်ပျံနေခဲ့။ ။

  Source photo from http://www.bbcburmese.com/images

“လေလေး....” နဲ့အစ,ပျိုး
မရိုးနိုင်တဲ့ကရင့်တေး
စစ်ခွေးတွေကြောင့်တိတ်ဆိတ်
တပြည်လုံးထိတ်လန့်
စောင်းသံပါတန့်ကုန်တယ်။ ။

Source photo from http://www.bbcburmese.com/images
ဒီတော့……..
အိစက်နုညက်ခြင်းမရှိတဲ့ ငါ့ရဲ့လက်ချောင်း
သေနတ်မောင်းကိုဖြုတ်ဘို့
အလိုလိုဖြစ်သွား
စောင်းသမားငါ့ရဲ့ဘဝ
သေနတ်သမားဖြစ်ခဲ့ရပေါ့။

  Source photos from http://www.bbcburmese.com/imges

သေနတ်မောင်းထဲက,ငါ့လက်ချောင်း
စောင်းခတ်သလိုမနှေးပဲ
ရန်သူ့နှလုံးသွေးကိုဖေါက်ထုတ်ဘို့
ခပ်သုတ်သုတ်ကုတ်ရင်း
ဝပ်ကျင်းထဲက,ငါ ဆန္ဒပြုလိုက်ပါတယ်
သာယာတဲ့ကရင့်စောင်းကောက်သံ
စီညံလျှံပါစေ။

အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် တော်လှန်သူများအားလုံးကို ဂုဏ်ပြုလိုက်ပါ
သည်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Sunday, July 13, 2014

ငါ........အကောင်

Source photo from http://www.google.com/images

ငါ … အကောင်

ဆောင်းလူ၊
ဇူလိုင် ၁၁၊ ၂၀၁၄

ဟိုတခေတ်
တော်လှန်ကြတယ်ဆိုတုန်းက
သူပုန်ကြီးတွေရဲ့
လက်တိုလက်တောင်း
အခိုင်းခံရတဲ့ကောင် …။

အခု
တော်လှန်ခေတ်ကုန်
ပြန်ပေါင်းထုတ်ကုန်ကြပြန်လေတော့
မိဝေး ဖဝေးနဲ့
အိမ်မဲ့ ယာမဲ့ကောင် …။

ဒါ့ကြောင့်ပြောတယ်
အိမ်မဲ့ ယာမဲ့ပေမယ့်
ဒါ့ကြောင့် ပြောတယ်
စာမတတ် ပေမတတ်ပေမယ့်
ငါ … အကောင်ပါလို့ …။

Copy from http://moemaka.com/archives/38671

Saturday, June 21, 2014

အဲဒါ ဖါးသား


အဲဒါ ဖါးသား

June 21, Saturday

By မင်းစိုးစံ

နွေကို မိုးလို့မြင်ကြောင်းပြော
ဆောင်းဝင်ပါလျှက် နွေရက်ထက်ပိုပူပြ
ဒါမှလည်း အစားချောင်
နှာစေးချင်ယောင်ဆောင်နေတဲ့ ဖါး။

ခြင်္သေ့နဲ့ ငြိမ်းချမ်းရေးလုပ်
ရေငုတ်ဘို့ ရာထားလို့
ကြေအေးစကား ပြောသလားဖါးသူငယ်
မှားပြီပေါ့ကွယ်။


မင်းအဘခြင်္သေ့က
ရေကန်အတုနဲ့ မင်းကိုမျှား
သူစားချင်တဲ့အချိန် စားနိုင်အောင်
ဟန်ဆောင်သီလတွေ ပြ
မင်းကတော့ စိတ်ကြီးဝင်
ဖင်ကသွေး နားထင်ရောက်။

ခြင်္သေ့ဟိန်းဟောက်ရင်
ရေအောက်ဆင်း နေလိုက်ရုံနဲ့
ခြင်္သေ့မင်း ရင်ကွဲ
သေပွဲဝင်မယ် ထင်စဲကိုး။

ခြင်္သေ့သွားကြားထဲက အသားစ
နှာစေးပြရတာ ၀ါသနာပါလို့
အနံ့ခံတာမှားနေရင် မှတ်ထား
တခြားအသားမဟုတ်ဘူး
ဖါးသားကွ ဖါးသား။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
 


Thursday, May 29, 2014

" လွန်ဆွဲပွဲ "

လွန်ဆွဲပွဲ

By ( ရာဝဏ )

မေမေ
သားကိုမွေးစားဖို့ မပေးလိုက်ပါနဲ့
သား မေမေနဲ့ပဲ နေချင်တယ်။

အရုပ်လှလှလည်း မလိုချင်ဘူး
တိုက်ကြီးကြီးလည်း မနေချင်ဘူး
ကားကြီးကြီးလည်း မစီးချင်ဘူး
လိုက်မသွားပါရစေနဲ့ မေမေရယ်။

တလောကလုံးမှာ
သွေးသားဆိုလို့ အမေ နဲ့ သားပဲ ရှိတာပါ။

သားလက်ကို မေမေစွဲ
ဈေးဗန်းတင် ရောင်းခဲ့တာပဲ
သား မရှက်ပါဘူး မေမေရယ်။

စုန်ရေ နဲ့ ဆန်ရေ လွန်ဆွဲတဲ့ပွဲ
အမေကလည်း သားအတွက်
သားကလည်း အမေ့အတွက်။

သားကို ပညာတတ်ကြီးဖြစ်စေချင်တာ
သားသိတယ်
အဲဒီလိုပဲမေမေ
မေမေချောင်းဆိုးတိုင်း သွေးပါတာလည်း သားသိနေတယ် မေမေ။

သား မပူစာတော့ပါဘူး
တအားမဆော့တော့ပါဘူး။
မေမေ့ကို ငိုအောင်လည်း မလုပ်တော့ပါဘူး။

တက်ကျိုးတိုင်း မရှုံးပါဘူး
လက်တွေ ရှိသေးတယ်
သား ကြိုးစားမယ် မေမေရယ်။

သား ၃တန်းအောင်ပြီလေ
ပိုက်ဆံ ရေတတ်ပြီ
ရေခဲထုပ်ရောင်းတတ်တယ်
စံပယ်ပန်း လိုက်ရောင်းမယ်
မေမေ့ အကြော်ဝိုင်းကြော်ပေးမယ်လေ
မေမေ့ရင်ခွင်မှာပဲ သား အိပ်မယ်လေ
သား မေ့မေ့ကို ဆေးကုဖို့ ငွေရှာမယ်
မသွားပါရစေနဲ့ မေမေရယ်။

ရိုက်ပါ မေမေ
ဆူပါ မေမေ
ဒါပေမယ့် မလိုက်သွားပါရစေနဲ့
သားမရှိရင်
မေမေ့ကို ဘယ်သူ နှိပ်ပေးမှာလဲ
ဘယ်သူ နင်းပေးမှာလဲ
ဖယောင်းတိုင် ဘယ်သူ သွားဝယ်မလဲ
ဆေးသောက်ရင်ကော ဘယ်သူက ရေခပ်ပေးမှာလဲ။

အန်တီ ရယ် သား မလိုက်ပါရစေနဲ့
မေမေ နဲ့ ခွဲပြီး မအိပ်ဖူးလို့ပါ။
ဦးဦးရယ် ဝိုင်းပြောပေးပါ
မေမေက ဆေးသောက်ချိန် တအားမေ့တတ်လို့ပါ။

မေမေရယ်
သားကို ကြိုက်တာပြောပါ
ကြိုက်သလိုရိုက်ပါ
"နင် , ငါ့သား မဟုတ်ဘူး လို့ တော့ မပြောပါနဲ့ မေမေ ရယ်"

( ရာဝဏ )

Copy from https://www.facebook.com/kidsofcry?filter=3

Thursday, February 20, 2014

သေခြင်း မကြောက်တရား ဟောတော်မူခန်း

ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

သေခြင်း မကြောက်တရား ဟောတော်မူခန်း

By ကျော်ဟုန်း

ပါဠိတွေ သိစရာမလို
ဘာသာစကားတွေ သိစရာမလို
အနက် သိဖို့တော့ လိုတယ်၊
အချက် သိဖို့တော့ လိုမယ်။

မင်း ...ဘာသာမဲ့နေရင်လဲ ဖြစ်တယ်။
မင်း ...ဘုရားမရှိရင်လဲ ဖြစ်တယ်။

မင်း ...တရား ရှိဖို့တော့ လိုမယ်။
မင်း ...တရား - မတရား
ခွဲခြား သိဖို့ လိုတယ်။

အတိမ်အနက် ကိုယ့်ဥာဏ်အလိုက်
ဝေးဝေး မကြည့်နဲ့ ဦး၊
ကိုယ့်ဝန်းကျင် ကိုယ်ကြည့်
ကိုယ့်ကိုယ်ကို ပြန်ကြည့် ။

အများအတွက်
နှောင်းနောင် အတွက်
စာနာတတ်ရင်
လုပ်သင့်တာ လုပ်ရင်
ဘယ်ဘုံရောက်ရောက်
ဘယ်ဘ၀ ဖြစ်ဖြစ်

သေမှာ မကြောက်ဘူး။ ။

ကျော်ဟုန်း
ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

Read more http://moemaka.blogspot.com/2014/02/blog-post_2287.html

Saturday, January 25, 2014

အဓမ္မ အဝယ်ခံရတဲ့ နှစ်ဆယ့်ငါး

အဓမ္မ အဝယ်ခံရတဲ့ နှစ်ဆယ့်ငါး

မောင်စိုးချိန်
ဇန်န၀ါရီ ၂၅၊ ၂၀၁၄

ဝယ်တယ်ဟေ့ သိတ်ဝယ်တယ်
အရမ်းကို ဝယ်ယူနေတယ်
ပစ်စလက်ခတ် ဝယ်ယူနေတယ်ဟေ့
ဘဝသိက္ခာ ဖျက်ဆီးပစ်ဖို့
အညွန့်ချိုး ဘဝဖျက်ဖို့
ခွေးကတက် (ခွေးခုန်တက်) မှာ အစေအပါးဖြစ်ဖို့
ကလိန်ကကျစ်တွေက ဝယ်နေတယ်ဟေ့။

အဲ အဝယ်ခံရတဲ့လူဟာ
ဟို ယခင်တုန်းက တောက်ပ စိန်ကြယ်ပွင့်
ယခုအခါ နံဟောင်နေတဲ့ လက်ခုတ်ပွင့်
ဟိုစဉ်က ပြည်ရွာတဆုံး နေတလုံး
ယခုအခါ စွမ်းအင်မဲ့ဆုံး မီးသွေးတုံး
ဟိုယခင်က လှပခန့်ငြား ပတ္တမြား
ယခုအခါ မိစ္ဆာနဲ့တွဲ ပုလင်းကွဲ
ဟိုစဉ်တုန်းက လူထုရှေ့က သူရဲကောင်း
ယ္ခုအခါ ရန်သူ့နောက်လိုက် အူဟောင်းလောင်း။

ဝယ်ယူသူ မိစ္ဆာ
သူ့လက်ထဲမှာ အာဏာ သေနတ်
ယုတ်ကန်းကန်း ပဉ္စလက်
နည်းပညာ အထပ်ထပ် ပေါင်းစပ် ညှို့ငင် ဝယ်ယူတယ်
အိတ်စိုက်စရာ ဘယ်မှာလိုလို့လဲ
တိုင်းပြည် သယံဇာတ ဘဏ္ဍာနဲ့ဝယ်ယူတယ်
မြေကွက် ငါးစာနဲ့ မျှားဝယ်တယ်
ရာထူးကုလားထိုင် အကျိုးအပဲ့ ငါးစာနဲ့ မျှားဝယ်တယ်။

နယ်ချဲ့ ဗြိတိသျှခေတ်က
ငါးထောင်စားအမတ် လက်ပါးစေ
အရိုင်းအရင်း ကြွေး ဝယ်ယူသလိုပေါ့
စိုက်ခင်းထဲက ကုလားထိုင် ငါးစာနဲ့ မျှားဝယ်တယ်
စီးပွားရေးလုပ်ပိုင်ခွင့် ငါးစာ နဲ့မျှားဝယ်တယ်
ချော့တခါ ခြောက်တလှဲ့ ကြောသပ်ရင်သပ်
ဆယ့်ငါးကျပ်နဲ့ မျှားဝယ်တယ်။

အနဲဆုံး ကားဝယ်ယူဖို့ ခွင့်ပြုချက်ပါမစ်
အနဲဆုံး သစ်ထုတ်လုပ်ခွင့် ပါမစ်
အနဲဆုံး အိမ်ဆောက်ခွင့် ပါမစ်
အနဲဆုံး အိမ်ခန်းရဖို့ ပါမစ်
အနဲဆုံး တယ်လီဖုန်းဝယ်ယူခွင့် ပါမစ်
အနဲဆုံး အရက်ဆိုင်ဖွင့် ပါမစ်
အနဲဆုံး အရိုးအရင်းကိုက်ခွင့်ရ ပါမစ်
အနဲဆုံး ကပ်တီးမူးလဲလုပ်ခွင့် ပါမစ်
အနဲဆုံး ကိုယ်ကျိုးစီးပွား သို့မဟုတ်
သိန်းသန်းကုဋေ အတွက် ခွင့်ပြုချက် ပါမစ်
ပါမစ် ငါးစာနဲ့ မျှားဝယ်တယ်။

မိစ္ဆာတို့ နန်းပလ္လင် ဖင်ပြဲဖို့
မိစ္ဆာတို့ အကျိုးစီးပွားအတွက်သာ
တိုင်းပြည် လူထုအတွက် ဘာအတွက်မှ မဟုတ်ဖူး
မက်လုံး........မက်လုံး……..မက်လုံး
မက်လုံး ငါးစာနဲ့ ချိတ်တယ် ဝယ်တယ်။

နိုင်ငံရေးသမား အဖို့
မက်လုံးငါးစာ ငါးမျှားချိတ်ဟာ
နိုင်ငံရေး သင်္ချိုင်း ဂိတ်ဆုံးပါ
ငါးမျှားချိတ် ကို မြိုပြီးတဲ့နောက်မှာ
နိုင်ငံရေး သတ်ကုန်းထက်မှာ အသက်ဇီဝိန် ချုပ်ရရှာ။

ဝယ်တယ်ဟေ့ သိတ်ဝယ်
အရမ်းကိုဝယ်ယူနေတယ်
ပစ်စလက်ခတ် ဝယ်ယူနေတယ်ဟေ့။
အဝယ်ခံမယ့်သူများ ဒီရပ်ကွက်ထဲမှာရှိပါသလား
သေမယ့်ကျား တောပြောင်းမလား။

မိစ္ဆာတို့
ကိုယ့်မြင်းကိုယ်စိုင်းဖို့ နှစ်ဆယ့်ငါးနှစ် ကို
အဓမ္မ ဝယ်ယူခဲ့
လူ့အသက်သွေးနဲ့ ပေးဝယ်ခဲ့
လူတို့ ငတ်မွတ်ခြင်းနဲ့ ဝယ်ယူခဲ့
လူတို့ကျဆုံးခြင်းနဲ့ ဝယ်ယူခဲ့
နောက်ထပ်…..
နောက်ထပ်ဝယ်ယူဖို့ နှစ်ကာလတချို့
မိစ္ဆာတို့ လက်ထဲရောက်လာဆဲ
ဘယ်လောက်ဖြစ်မလဲ ငါမသိ။ ။

 မောင်စိုးချိန်
ဇန်န၀ါရီ ၂၅၊ ၂၀၁၄

Read more http://moemaka.blogspot.com/2014/01/blog-post_1896.html

Wednesday, January 22, 2014

ဒုက္ခသည်တဦးရဲ့ အတွေး

January 23, 2014
Thursday

ဒုက္ခသည်တဦးရဲ့ အတွေး

By မင်းစိုးစံ

ငါ့ရဲ့ငယ်ဘ၀,
ပြေးခဲ့ရ,လွှားခဲ့ရ,
မျက်ရည်လည်း ကျခဲ့ရ,
ငါ့သွေးတွေကိုလည်း ငါမြင်ခဲ့ရ,
လူတွေငိုကြွေးသံကိုလည်း ငါကြားခဲ့ရ,
ငါ့အသည်းနှလုံးမှာ
မကျက်တတ်တော့တဲ့ အနာတွေ
ဒါဏ်ရာဗလပွနဲ့ ကျန်ရစ်ခဲ့ရ,တယ်။

မီးလောင်ပြာကျသွားတဲ့
ငါတို့ရွာ ဇနပုဒ်ဟာ
မည်းကြုတ်ကြုတ်အိမ်တိုင်တွေသာ
မီးခိုးနဲ့ပြာမှုန့်တွေကြား
ငါ့နှလုံးသားအထက်
အကင်းမသေနိုင်တဲ့
အနာရွတ်သက်သက်နဲ့
မှတ်ကျောက်တင်ရစ်ခဲ့တယ်။

ဘုန်းကြီးမကြွနိုင်တဲ့
အသုဘ,တွေ။
ကြည်း(ကြေး)စည်သံကင်းတဲ့
သေဆုံးရ,ခြင်းတွေ။
ဖျာလိပ်နဲ့တောင် မသိပ်နိုင်တဲ့
မိုးကာလိပ်နဲ့အလောင်းတွေ။
အချိန်မရ,လို့
မြေမမြှုပ်လိုက်ရ,တဲ့
လူသေတွေ။
ဒီလိုတွေ ဒီလိုတွေနဲ့
အိမ်နီးချင်းနိုင်ငံရဲ့မြေမှာ
ငါ.......ဒုက္ခသည်ဖြစ်နေရ,ပါတယ်။

အခုတော့
နှစ်ကာလ,ကလည်း ကြာလာ
ရိက္ခာကလည်း နည်းသွား
ငြိမ်းချမ်းရေးစကားကလည်း ပေါ်ပျူလာဖြစ်
ရွှေပြည်တော်ပြန်ဖြစ်ဘို့အရေး
အလေးပေးရ,တော့မယ်ပါ့။

တခုတော့ရှိပါရဲ့
ငြိမ်းချမ်းရေးမပျက်ရုံမှေးနေပြီး
အုံကြွမှုတွေပြန်ဖြစ်ခဲ့လျင်
ငါပုန်းခဲ့ဘူးတဲ့တော
ချောင်းတွေကောလို့
သစ်တောတွေပြုဉ်း
ဗုံးတွေကအောထ,
စားလို့ရ,တဲ့ကြွေဥ
အင်ဥနဲ့ မျှစ်တွေသာမက
ပဒတ်စာပါမပေါက်နိုင်တော့တဲ့နောက်
နယ်စပ်ပြန်ရောက်ဘို့အရေး
ဆက်မတွေးရဲဘူး။

တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးနဲ့
တနိုင်ငံလုံး ထာဝရ,ငြိမ်းချမ်းရေးတဲ့
ခံတွင်းတွေ့လှတဲ့စကားလုံး
ပြည်သူတွေအားလုံးရဲ့ဘ၀,ကိုမဆိုထားနဲ့
မလှပ,တဲ့ဒုက္ခသည်ဘ၀,ကို
ပြည်ဖုံးကားလေးမျှ
ချမှ ချပေးနိုင်ပါ့မလားနော်။



ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)


 

Saturday, January 18, 2014

ပုံပြင်လေးကတော့ ဒါပါပဲကွယ်

ပုံပြင်လေးကတော့ ဒါပါပဲကွယ်

By မင်းစိုးစံ
January 27 Sunday

ကျောက်ခဲနဲ့သဲ
နိုင်းချင်းထ,နေတဲ့ မြေတလင်းပေါ်
ထမင်းကြမ်းခဲကိုချပြရင်း
ဝါးရင်းတုတ်ကိုကျစ်ကျစ်ဆုပ်
အရေခွံမစုတ်ပဲ မီးဖုတ်ဘို့ပြင်သမျှ
သေပန်းပွင့်ချင်တဲ့ ဂုတ်ကြားများ
ဟပ် ၀ါး လွေး ဘို့ အတွေးနယ်ချဲ့
အပြေးအလွှားတ၀က်နဲ့ ဗျာများနေတဲ့ကာလ။

ငါးစာကိုမြင်သလို
ငါးမျှားချိတ်ကို မြင်နေလျှက်
ရာဇ၀င်မှာ
ခွေးဖင်ကပ်နေတဲ့ ထမင်းစေ့လေးတစ်စေ့ကိုသာ
မဟာအာဟာရ,လို့ယူဆ,နေခဲ့သူတွေလို
အလံဖြူတွေ ဝေနေအောင်ထောင်
ကမ္ဘာမီးမလောင်ပေမယ့် သားသမီးအရင်းကိုနင်းခြေ
ရေတိမ်ငါးမင်းတွေရဲ့ အောင်မြေနင်းချိန်။

နူရာ ၀ဲစွဲ
လဲရာ သူခိုးထောင်း
ဘ၀က,ဟောင်းလောင်း
ဒုက္ခက,အထောင်အသောင်း
ဆာလောင်မှုအပေါင်းက,များမြှောင်
တောင်ကြားတောချို မြောင်လျှိုတလွှား
နေ့လား ညလား
သေရွာလားရ,မှာစောင့်စားရင်း
အသက်တောင် မျှင်းမျှင်းလေးမရှူရဲ
ပါရမီဖြည့်ပွဲလေးများက တရားကျစရာ။

သြော်..........
ပုံပြင်လေးကတော့ ဒါပါပဲကွယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

မှတ်ချက်
ကဗျာဟောင်းလေးကို Facebook ထဲကတွေ့လို့ ပြန်တင်ပေးလိုက်တာဖြစ်ပါတယ်။

Wednesday, November 27, 2013

တစ္ဆေနှစ်ကောင်ရဲ့ အမှောင်


တစ္ဆေနှစ်ကောင်ရဲ့ အမှောင်


သစ်ကောင်းအိမ်

နိုဝင်ဘာ ၂၇၊ ၂၀၁၃

မင်းက
ညတွေမှာ သွပ်မိုးပေါ်လမ်းလျှောက်တဲ့ကြောင်တကောင်
ငါက
ညရောက်မှ အသက်ဝင်ခွင့်ရတဲ့ ဖုတ်ကောင်တကောင်
အမှောင်မှာပဲတွေ့ကြတယ်။

မင်းက
သင်္ဘောပျက်ပြီးမျောလာတဲ့ လူတယောက်
ငါက
သင်္ဘောပျက်ပြီးမျောလာတဲ့ ပျဉ်တချပ်
မုန်တိုင်းဖြတ်တုန်းမှာပဲတွေ့ကြတယ်။


မင်းက
မင်းအခန်းတံခါးကိုလာခေါက်မယ့်
ဧည့်သည်တွေရဲ့တံခါးခေါက်သံကိုနားစွင့်တယ်။
ငါက
ငါတို့ ခေတ်ကိုခေါင်းနဲ့ တိုက်ဖွင့်မယ့်
တံခါးခေါက်သံတွေကို နားစွင့်တယ်။

မင်းက
‘အမေရိကား’လည်း စိတ်မ၀င်စားဘူး
မင်းပိုင်တဲ့ အမိမြေက မင်းအမေအိမ်ရှေ့မှာ
ကုန်စုံဆိုင်လေးတဆိုင်သာဖွင့်ချင်ရှာသူ။
ငါက
လူအများအတွက် တိုက်ပွဲဝင်ရဲသူမဟုတ်ဘူး
လူတယောက်အနေနဲ့ လူတယောက်ရဲ့အခွင့်အရေးဆိုတာကိုပဲ
တိုက်ပွဲဝင်ရဲသူ။

ဟီရာကလီးတပ်စ်ရဲ့ အဆိုအရဆို
မြစ်တွေဟာလည်း တခါသုံးပစ္စည်းပဲ
ငါတို့ခေတ်ရဲ့အလိုအရဆို ‘ရိုမန်တစ်’ဆိုတာလည်း
တခါသုံးပစ္စည်းတခုရဲ့ ကုန်အမှတ်တံဆိပ်တမျိုးပဲ။

လူတွေက
ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့ နာမည်ကိုသိတယ်
ကိုယ်ဟန်ပြမယ်တွေရဲ့ ခန္ဓာကိုယ်အချိုးအစားကိုသိတယ်
ဒ်ါလာဈေးအတက်အကျကိုသိတယ်
ဘုရားမှာဆုတောင်းဖို့ကိုသိတယ်။

အဲဒီလူတွေရဲ့အလိုအရဆို
 ရေနံနဲ့စစ်ပွဲကြီးတွေဟာ တွင်းထွက်ပစ္စည်းပဲ
ငါတို့အချစ်ရဲ့အလိုအရဆို
 မေတ္တာတရားနဲ့ ယုံကြည်ချက်ဟာ တွင်းထွက်ပစ္စည်းပဲ။

မထူးဆန်းပါဘူးကွယ်
ခပ်နက်နက်ထိုးစိုက်ထားတဲ့အမှောင်မှာ
ခပ်စိပ်စိပ်စိုက်ပျိုးထားတဲ့အမှောင်မှာ
အမှောင်များမဆုံးသရွေ့အမှောင်မှာ။

ငါက
ပိုးစုန်းကြူးတကောင်
မင်းကတော့
အမှောင်မှာတောင်မှ ကြောင်နက်မလေးတကောင်ပါပဲ။

မင်းမျက်လုံးစိမ်းတွေနဲ့ အမှောင်ကို မဲ့ပြတဲ့အခါ
ငါ့အတောင်စိမ်းတွေနဲ့ အမှောင်ကိုရွဲ့ပြမယ်။

မထူးဆန်းပါဘူးကွယ်
မင်းမဖွင့်နိုင်သေးတဲ့ ‘ဈေးဆိုင်လေးတဆိုင်’အကြောင်း
မင်းစဉ်းစားနေချိန်မှာ
ငါကလည်း
ငါ့ဆီရောက်မလာသေးတဲ့ ‘တရားမျှတမှု’တွေအကြောင်း
ငါစဉ်းစားနေလိမ့်မယ် ။ ။

သစ်ကောင်းအိမ် (၂၀၀၆)

See more at: http://moemaka.com/archives/39510#sthash.8YKutrDU.dpuf

Thursday, November 14, 2013

ကြေကွဲစိတ်ကို လေထဲချိတ်မိခြင်း

Source photo from Phu young Hat

ကြေကွဲစိတ်ကို လေထဲချိတ်မိခြင်း ?

By ဆောင်းယွန်းလ

နိုဝင်ဘာ ၁၄၊ ၂၀၁၃

စာရွက်ဝါ၀ါတွေပေါ်
ဖိတ်စင်လွင့်ကျသွားတဲ့ စိတ်တွေကို
တရွက်ချင်း ပြန်ကောက်စီရင်း
တကိုယ်စာ အခန်းကျဉ်းထဲမှာ
ကဗျာနဲ့သီနေလိုက်မိတယ်။

Source photo from Phu young Hat
 မေမေ..အပျင်းဖျားတဲ့အခါမှာတော့
ညီလေးနဲ့ ညီမလေးတို့
အနားမှာရှိနေပေးပေါ့။


Source photo from Phu young Hat
 မေမေ..ဘုရားသွား ကျောင်းတက်လုပ်ချင်တဲ့အခါကျရင်
ဖေဖေ အနားမှာရှိနေပေးစေချင်ပါတယ်။

Source photo from Phu young Hat
 တိုးသာဆုတ်သာရှိအောင်
ခပ်ဟဟစေ့ထားတဲ့ အဲဒီ…..တံခါးရွက်တွေကို
အလွမ်းသက်သက်နဲ့တော့
တွန်းလည်းဖွင့်မိမှာမဟုတ်သလို
ဆွဲလည်းဖွင့်ကြည့်မှာမဟုတ်ဘူး။

Source photo from Phu young Hat
 ကမ္ဘာမကုန်သရွေ့တော့
တနေ့နေ့ တချိန်ချိန်ရဲ့ တနေရာရာမှာ
အိမ်အသစ်တလုံးပြန်ဆောက်ပြီး
ငြိမ်းချမ်းရေးစာတမ်းကို
မိသားစုတံခါးဝမှာ ချိတ်ကြမယ်…..။

ဆောင်းယွန်းလ
See more at: http://moemaka.com/archives/39317#sthash.rfsZgsFn.dpuf

Monday, October 21, 2013

တပ်ချင်ရာတပ်လို့ရတဲ့ ခေါင်းစဉ်

ကာတွန်းစောငို – ဗုံးတို့၏ မာယာ
 အောက်တိုဘာ ၁၈၊ ၂၀၁၃


တပ်ချင်ရာတပ်လို့ရတဲ့ ခေါင်းစဉ်

ရန်လင်းအောင်၊
အောက်တိုဘာ ၂၁၊ ၂၀၁၃

ဖွဲ့စည်းပုံ ပြင်ဖို့ပြောသံ တစ်လုံး
ပေါက်ပြန်ပြီး ဗုံးတစ်လုံး

ငြိမ်းချမ်းရေး ရေးဖို့ ဆိုသံတစ်လုံး
ခွဲပြန်ပြီး ဗုံး တစ်လုံး ပြီးတစ်လုံး
ဒါနဲ့ . . . ဒါနဲ့ . . . ဟာ ဒါပါပဲ

မူလအသံလည်း ထွက်မရ
မူကွဲအသံလည်း ထွက်မလာ
ကြားကြားသမျှ ညှော်လို့ ညှီလို့
မိုးလင်းတိုင်း သတင်းနာကျလို့
ဘယ်မှမရောက်တဲ့ခရီးကို ကျောချင်းကပ်လို့
လမ်းနာမည်တော့ မေးမနေပါနဲ့ ဆိုတော့
တိုက်တိုက်ဆိုင်ဆိုင် မီးဝင်မီးထွက်ကြီးဗျာနော့

သန်လျက်တော်သူခိုးခေတ်က ပိုးမသေသေးဘူးဟ ! ! !
ဘယ့်နှယ် ဒီမို က ဘယ်နားသွားပြီး
ကရေစီ တော့မလဲ ကိုယ့်လူတို့ရယ် . . . . ။ ။

ရန်လင်းအောင်၊
အောက်တိုဘာ ၂၁၊ ၂၀၁၃

 Copy from
http://moemaka.com/archives/38829

Friday, October 18, 2013

များတို့နိုင်ငံ ?


များတို့နိုင်ငံ ?

ကျော်ဟုန်း
စက်တင်ဘာ ၁၆၊ ၂၀၁၃

ဒီနိုင်ငံမှာ
ခေတ်ပျက်သူဌေးတွေလဲများ
ခေတ်ပျက်ညဥ့်ငှက်တွေလဲများ။


ဒီနိုင်ငံမှာ
လူကုန်ကူးသူတွေလဲများ
လူကုန်ကူးခံချင်သူတွေလဲများ။



ဒီနိုင်ငံမှာ
ကျည်ကွယ် မျက်ကွယ် သူရဲကောင်းတွေလဲများ
ကျည်လွယ် အမျက်လွယ် သူရဲကောင်းတွေလဲများ။


ဒီနိုင်ငံမှာ
တမိုးလုံး ဖျောက်ဆိတ်တွေလဲများ
တမိုးသုဉ်း ကြောက်စိတ်တွေလဲများ။


ဒီနိုင်ငံမှာ
အခမ်းအနားတွေလဲများ
မခမ်းမနားတွေလဲများ။

ဒီနိုင်ငံမှာ
သတင်းထောက်တွေလဲများ
သတင်းပေါက်တွေလဲများ။

ဒီနိုင်ငံမှာ
ငြိမ်းချမ်းရေး စေ့စပ်ပွဲတွေလဲများ
မငြိမ်းချမ်းရေး စစ်ခင်းလိုသူတွေလဲများ။


ဒီနိုင်ငံမှာ
တချပ်မှောက် ရှိုးသမားလိုလူတွေလဲများ
တချက်ပေါက် အကြံသမား ငဖန်တွေလဲများ။


ဒီနိုင်ငံမှာ
ဘုရားထက်ကြီးတဲ့ ဘုရားလူကြီးတွေလဲများ
ဘုန်းကြီးကပြန်ကြောက်ရတဲ့ ဂေါပကတွေလဲများ။


ဒီနိုင်ငံမှာ
ဒုက္ခသည်တွေလဲများ
ဒုက္ခသည် ဗန်းပြ လုပ်စားသူတွေလဲများ။


ဒီနိုင်ငံမှာ
အဖွဲ့ အစည်း ဖွဲ့ သူတွေလဲများ
အဖွဲ့ အစည်း ဖျက်သူတွေလဲများ။


ဒီနိုင်ငံမှာ
အရေးပါချင်သူတွေလဲများ
အရေးရှာချင်သူတွေလဲများ။


ဘယ်လောက်အထိ များသလဲဆိုရင်
ပြည်ပရောက်နေတာတောင်
ဒီနိုင်ငံက ဒီလူ၊ ဒီမူ ဒီအကျင့်ဆိုး၊ ဒီအဖြစ်ဆိုးတွေက
ကမ္ဘာပတ် မင်းမူနေအောင်ကို (များ) ။

(ကျော်ဟုန်း)

Copy from http://moemaka.com/archives/38105
Source photos from http://www.google.com/images

Friday, October 4, 2013

သစ်ရွက်ပြသော တရား

Source Photo from http://www.google.com/images

October 04, 2013
Friday

သစ်ရွက်ပြသော တရား

By မင်းစိုးစံ

သစ်ရွက်တွေက အပင်ပေါ်မှာဝေ
တချို့ အပင်အောက်မှာကြွေ။

တချို့ အ၀ါဆီကူး
အချို့ကျ နီရော်ရာ်
တချို့ လိမ္မော်ရောင်သန်း
တချို့ကျ ပန်းရောင်ဖြစ်
ရိုးတံတွေကို ချန်ရစ်ခဲ့။

မျိုးဆက်သစ်အတွက် သူတို့ကြွေ
လေပြေက, ချွေချ
ကမ္ဘာမြေကြီးက, ဆီးကြို
ရှည်ကြာလိုက်တဲ့ သံသရာခရီးမှာ
ဘယ်အရာမျှမမြဲ
ပြောင်းလဲနေတဲ့လောက,
သံဝေဂ,တွေ ဗလပွ
နောင်တ, ရ,သူ ရ,
အမှောင်ဘက် ဆက်သူဆက်
နောက်ဆုံးထွက်သက်အထိ။

မက်မောမှုအတိ
ခလုတ်ထိလို့အမိတ,
အဖြေမရှိတဲ့မေးခွန်းကို ရင်မှာပိုက်
သူ့နောက်ကို ငါလိုက်
ငါ့နောက်ကို မင်းလိုက်ရင်းနဲ့
အတ္တတွေ အတင်းပွေ့ပိုက်ခဲ့ကြတယ်။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Source Photo from http://www.google.com/images

Thursday, October 3, 2013

သံဆန်ကာ အပြင်ဘက်မှ မီးတိုင်

Photo by Phu Young Hat
October 03, 2013
Thursday

သံဆန်ကာ အပြင်ဘက်မှ မီးတိုင်

By မင်းစိုးစံ

သံဆန်ကာအပြင်ဘက်မှာ
ငါရောက်နေတယ်။

ရောက်ချင်လို့ ရောက်နေတာမဟုတ်
အတွေးနုတ်နဲ့လူအချို့
တွန်းပို့လို့များလား။

ဒါမှမဟုတ်
သေးသိမ်စုတ်နုတ်တဲ့ မီးတိုင်မို့
တွန်းထုတ်လိုက်ကြတာလား။

မေးခွန်းများဇဝေဇ၀ါ
မရေမရာမသေမခြာ
ကာလတွေရှည်ကြာခဲ့။

ငါဟာ မီးတိုင်
မီးတိုင်ဟာ ငါ
ငါ့မှာတာဝန်ရှိ
ငါ့အသိနဲ့ ငါ
အပြင်စည်းမှာပဲရှိရှိ
အတွင်းစည်းမှာပဲနေနေ
ငါ့တာဝန် ငါကျေရမယ်။

အမှောင်မင်းမူနေတဲ့
မဟူရာညတွင်း ကာလတွေမှာ
နှင်းခဲတွေ ကြွေချင်ကြွေမယ်
မိုးပွင့်တွေ စွေချင်စွေမယ်
ရွက်သစ်တွေ ဝေချင်ဝေမယ်
ပန်းပွင့်တွေ လန်းစွင့်ချင်လန်းစွင့်မယ်
သူတို့တတွေရဲ့ ပစ္စက္ခတ်အခြေအနေကို
သံဆန်ကာအတွင်းပိုင်းကနေ
စောင့်ကြည့်ချင်သူတိုင်းအတွက်
သံဆန်ကာအပြင်ဘက် ရောက်နေတဲ့ငါ
တာဝန်ကျေနေပါတယ်။

ဒါပေမယ့်
သံဆန်ကာအတွင်းပိုင်းကနေ
အပြင်စည်းဝိုင်းကိုကျော်
မော်မကြည့်ချင်သူတွေသာ
တုံနှိဘာဝေနဲ့ နေချင်သလိုနေကြ
ဆိုချင်သလိုဆိုကြပါစေ
အဲဒီလိုလူတွေအတွက်ပါ
သံဆန်ကာအပြင်ဘက်မှာ
ငါရောက်နေတယ်။

မတော်တဆ
အပြင်လောက ရောက်လာခဲ့လျင်
ခနော်နီခနော်နဲ့နိုင်လွန်းတဲ့
သူတို့တတွေရဲ့ ယိုင်နဲ့နဲ့ခြေထောက်တွေ
ခွေခေါက်ပြီး ကျိုးကျေမသွားစေဘို့ပါ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး) 


Sunday, August 11, 2013

မျက်တောင်တစ်ခတ်


မျက်တောင်တစ်ခတ်

မင်းညွှန့်လှိုင်
သြဂုတ် ၁၁၊ ၂၀၁၃

မျက်တောင်တစ်ခတ်အတွင်းမှာ
လဲနေတဲ့အပင်က
အပွင့် ပွင့်တယ် ။

မျက်တောင်တစ်ခတ်အတွင်းမှာ
ဒီရေမြင့်သစ်တွေ
လှိုင်းဖုံဖုံဝိုင်းအုံကြွတယ် ။

မျက်တောင်တစ်ခတ်အတွင်းမှာ
သရဖူဟောင်းတွေ
မြေခကုန်တယ် ။

ရာဇဝင်အိုကြီး
၂၅ နှစ်တိတိ
မျက်တောင်မခတ်စတမ်း
ငေးယူရတဲ့အထိ ။ ။

မင်းညွှန့်လှိုင်
သြဂုတ် ၁၁၊ ၂၀၁၃

See more at: http://moemaka.com/archives/37203#sthash.zotB8VBx.dpuf

Monday, August 5, 2013

၈၈ မိုင် ရှုခင်း

Source photo from http://moemaka.com

၈၈ မိုင် ရှုခင်း

သစ်ကောင်းအိမ်

သြဂုတ် ၄၊ ၂၀၁၃

မြင်ကွင်းကို
နတ်သံနဲ့
ရီမစ်လုပ်ထားတဲ့
စစ်ချီသီချင်းနဲ့ စဖွင့်တယ်

မြင်ကွင်းက
လက်ဖျံရိုးထဲက
ဖောက်ထွက်လာတဲ့
လောက်တကောင်နဲ့ စဖွင့်တယ်

မြင်ကွင်းက
မင်းနန္ဒာကြိမ်လုံးသံကြားရင်
ချစ်သူ့ရင်ခွင်ထဲကတောင်
အလန့်တကြားနိုးထ
အရှင့်ခြေတော်ရင်းဆီ
ဦးခိုက်ဖို့အရောက်သွားတဲ့
ငမိုးရိပ်ရဲ့
သစ္စာစောင့်သိမှုနဲ့ စဖွင့်တယ်

၈၈ မိုင်ရှုခင်းမှာ
ခံစစ်ကုန်းတွေတလုံးပြီးတလုံး
အပေါင်ဆုံးလို့
၈၈ မိုင်ရှုခင်းမှာ
နာယကပလ္လင်ထက်
အောင်နက်တောင်
နတ်လမ်းဂွေ့ခ်ျနဲ့ ဟောင်လို့

၈၈ မိုင်ရှုခင်းမှာ
ကွင်းပြင်ထဲ
ငြိမ်းချမ်းရေးလင်းတတွေဝဲလို့

၈၈ မိုင် ရှုခင်းမှာ
ကျီးကန်းတအုပ်
ခွေးသေကောင်ပုပ်ကို
ရေစုန်မှာ ဖောင်လုပ်စီးလို့

၈၈ မိုင်ရှုခင်းမှာ
ရန်သူက ဝါရှင်တန်ဒီစီအထိ
တက်သိမ်းထားပြီး
သူရဲကောင်းတွေက
ကမ္ဘာလှည့်လို့
သူတော်ကောင်းတွေက
ရွှေတိဂုံဘုရားဖူးထွက်လို့

၈၈ မိုင်ရှုခင်းမှာ
တောင်ကွယ်နေစွယ်ချိန်
တိမ်အိုတိမ်မင်းတွေ
လူသတ်ကုန်းကို
ပြခန်းစောင့်လုပ်လို့

ဂျော့ဆိုးရောစ်နဲ့ သားများကုမ္ပဏီမှာ
သုမနကျောက အရေပြားကို
တလက်မချင်းလှီးဖြတ်
ဆယ်လီဗျစ်တီတွေက
လက်မှတ်ထိုးရောင်းလို့

ဆိုင်းသံဗုံသံတွေအောက်မှာ
အတိတ်ကို လူသတ်အလောင်းဖျောက်လို့
ပစ္စုပ္ဗန်ငရဲပျက်ကို တိတ်တိတ်ပုန်း ကိုယ်ဝန်ဖျက်လို့

အနာဂတ်ကို လက်ပြန်ကြိုးတုပ်
အနောက်မုခ်ကထုတ်လို့
 ၈၈ မိုင် ရှုခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့
ဖက်ဆစ်တော်လှန်ရေးသမားတွေကနေ
ဖက်ဆစ်တပ်မတော်ကြီး

အများပြည်သူသဘောမတူ
အမိန့်အာဏာဟူသမျှ ဖီဆန်ကြကနေ
မီးလောင်ဗုံးမဟုတ်ဘူး
မီးခုံးဗုံး
၈၈ မိုင်ရှုခင်းကနေ
တပ်တော်ဦးဆီမျှော်ကြည့်တော့

မျှော်ရလှချည်လား
ညောင်ရမ်းမင်းမှသည်
ဒေါ်အောင်ဆန်းစုကြည်
မျှော်ရလှချည်လား
ရေနန်းယာဉ်သာသင်္ဘော ပြီးတော့
စကြာဝတေးဘုရင်ရဲ့ဗုံးကြဲလေယာဉ်

မျှော်ရလှချည်လား
၁၉၉၀ မှသည်
၂၀၁၅

မျှော်ရလှချည်လား
စုတ်ဖြဲထားတဲ့ လက်ထပ်စာချုပ်တစောင်လို
ကျကွဲသွားတဲ့ ထွေးခံတလုံးလို
အစိတ်စိတ်အမွှာမွှာ

၈၈ မိုင်ရှုခင်းရဲ့
အနာတရမြေပုံကို
တစချင်း ဆက်စပ်ကြည့်မိတော့
သမိုင်းပါမက
ပထဝီပါကွေးလို့။

သစ်ကောင်းအိမ်
(၃ သြဂတ်စ်။ ၂၀၁၃)

See more at: http://moemaka.com/archives/37026#sthash.fdkxPRFe.dpuf

Thursday, July 18, 2013

လုပ်ကြံမှုများ၏ ခြားနားချက်


လုပ်ကြံမှုများ၏ ခြားနားချက်

နေလင်းညီ်
ဇူလိုင် ၁၈၊ ၂၀၁၃

ဂဠုန်ဦးစောနဲ့
အပေါင်းအပါတွေက
ဗိုလ်ချုပ်အောင်ဆန်းတို့
ပြည်သူ့ခေါင်းဆောင်တွေကို
နာရီပိုင်းအတွင်း
လုပ်ကြံခဲ့
အသက်သေသွားကြပေမဲ့
အမည်မသေခဲ့ …။

အာဏာရူးတွေနဲ့
စစ်အပေါင်းအပါတွေက
ပြည်သူလူထု အများစုကို
နှစ်ပေါင်းငါးဆယ်ကျော်ကျော်
လုပ်ကြံခဲ့
အသက်မသေပေမဲ့
အသိတွေ သေသွားခဲ့
ဘဝတွေသေသွားခဲ့
အလှတွေ သေသွားခဲ့ …။


(နေလင်းညီ်)

Copy from http://moemaka.com/archives/36580

Thursday, July 11, 2013

ဘာဆိုဘာမျှမသိတဲ့ ငါ


ဘာဆိုဘာမျှမသိတဲ့ ငါ

By မင်းစိုးစံ

July 11, 2013 Thursday

ငါ့ကို
မြေကြီးက ဆွဲချလိုက်တာလား?
ငါက
မြေကြီးပေါ် လှဲချလိုက်တာလား?

ရဲရဲနီနေတဲ့ မီးခဲကို
အသားတွေ တိုးတိုက်လို့လား?
အသားတွေကို
မီးခဲတွေက လောင်မြိုက်လိုက်လို့လား?

ဝါးလုံးတိုင်ကို
မီးတောက်တွေက ပြေးဖက်နေတာလား?
မီးတောက်တွေကြား
ဝါးလုံးတိုင်က ၀ပ်တွားနေတာလား?

တစ်ခုခု ဖြစ်နိုင်သလို
နှစ်ခုလုံးလည်း ဖြစ်နိုင်တယ်။

မဖြစ်နိုင်တာတွေက ဖြစ်နိုင်တာထက်
အဆပေါင်းရာထောင် ပိုသာနေတာကိုသိနေလျက်နဲ့
ငါ
မဖြစ်နိုင်တာကို ဖြစ်ချင်ခဲ့မိတယ်။

ဒီလိုနဲ့
ပြက္ခဒိန်အချပ်ပေါင်း ခြောက်ဆယ်ကျော်လာတော့
ပထမဆုံးပြက္ခဒိန် ဟာ
အောက်ဆုံးမှာနေရာယူပြီး
နောက်ဆုံးပြက္ခဒိန် ဟာ
အပေါ်ဆုံးကို ရောက်နေတယ်။

အပေါ်ဆုံးကနေ အောက်ဆုံးအထိ
မှတ်မိသမျှ
မဖြစ်ချင်တာဖြစ်ရပြီး
ဖြစ်ချင်တာတွေကျ မဖြစ်ခဲ့ရ,လေဘူး။

ငါဖြစ်စေချင်တာက တမျိုး
ဖြစ်နေတာက အချိုးမပြေ
မပြေဆို
ကိန်းတွေက တူမှမတူကြပဲလေ။

ကိန်းပြည့်နဲ့ အပိုင်းကိန်း
ဒဿမကိန်းနဲ့ ကိန်းပြည့်
မညှိပဲအချိုးယူတော့ သပွတ်အူလိုရှုတ်ထွေး
အဖြေက
ဝေးသည်ထက် ဝေးခဲ့။

Joe mc Carthy
ဂျိုးမက်ကာသီ လား?

Edward R Murrow
အက်ဒ်ဝပ်အာမူရိုး လား?

အဲဒီလိုလူစားတွေ အချိုးအစားမညီလို့
အများကောင်းစားရေးအတွက် ဦးတည်တဲ့အလုပ်
ငါ
ဝင်ရှုတ်မိခိုက်
ဂျိုးမက်ကာသီ လို လူသိုက်
ငါ့ကို
တောထုတ်လိုက်ကြတယ်။

ငါ့နှာဖျား ၀,ရဲ့ တည့်တည့်ကို
အသားစညှော်နံ့
လြင့္ပံ့်လာတာလား?
ငါ့နားထဲမွာ
စူးဝါးခက်ထန် အမိန့်ပေးသံများလား?
ညည်းတွားသံလေလား?
ဝိုးတ၀ါးဆူပွက်
ဝေခွဲရ ခက်သွားတယ်။

မသိစိတ်ကို သိစိတ်က
အနိုင်ရ,သွားတဲ့ နောက်မှာတော့
ငါဟာ
လှပ,သာယာတဲ့ မြို့တမြို့ရဲ့


Park ဆိုတဲ့နေရာကို ရောက်နေသလို
ရ,သာရည်နဲ့ စပ်ထားတဲ့အသားတွေ
အလျှံငြိမ်းသွားတဲ့ မီးခဲရဲရဲနဲ့ဖိုပေါ်တင်
အကျအန,ကင်ရင်း မိုးကောင်းကင်ကိုမျက်နှာပြု
အနုအလှလေးတွေ
မြူးပျော်နေတဲ့ ရေကန်ဘေးမှာ
သောက်စရာအအေးတခွက်
ဘေးတဘက်တချက်က သီချင်းသံသဲ့သဲ့ကြား
စည်းဝါးလိုက်ရင်း
ငါသိပ်ကြိုက်တဲ့
စိုင်းထီးဆိုင်ရဲ့ မင်းခ,ယောက်ျား တေးတပုဒ်
အပြန်ပြန်ဆုတ်ပြီး နားထောင်မိတယ်။

တကယ်တော့
ရေပေါ်ဆီမဟုတ်တဲ့ငါဟာ
ဒုက္ခသည်ဘ၀မှာ
အခြေကျနေခဲ့ရတာ ကြာလှပါပြီ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)