ထွက်ရှိသည့် မြန်မာဗီဒီယို ဇာတ်ကားများအား ပုတ်ပြတ်ဝယ်ယူသည့် စနစ်ဖြင့် ထိုင်းနိုင်ငံတွင် ဖြန့်ချိရန် ထိုင်းလုပ်ငန်းရှင် တစ်ဦးက မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တစ်ဆင့် လာရောက် ကမ်းလှမ်းခဲ့ပြီး မြန်မာ ဗီဒီယို ထုတ်လုပ်သူများနှင့် ညှိနှိုင်းမှု ပြုလုပ်နေဆဲပင် ဖြစ်သည်ဟု သတင်း ရရှိသည်။
''ကျွန်တော်တို့ကို ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ရုပ်ရှင်အစည်းအရုံးက အကြောင်းကြားလာပါတယ်။ ထိုင်းလုပ်ငန်းရှင် တစ်ဦးက မြန်မာ ဗီဒီယိုဇာတ်ကားတွေကို ပုတ်ပြတ်စနစ်နဲ့ ၀ယ်ယူမယ်။ ပြီးရင် ထိုင်းတစ်နိုင်ငံလုံးကို တစ်ဦးတည်း မူပိုင်အနေနဲ့ ဖြန့် မယ်။
တချို့ ဇာတ်ကားတွေကို ထိုင်းက ရုပ်သံလိုင်းတွေမှာ ပြသမယ်ပေါ့လေ။ ကျွန်တော်တို့ အနေနဲ့ကတော့
သူတို့ကို ရောင်းချပြီးသွားတဲ့ ဇာတ်ကားတွေကို တခြားလမ်းကနေ ထပ်ပြီး မရောက်အောင်
တာဝန်ယူရမယ်လို့ ပြောလာပါတယ်။
ကျွန်တော်တို့ကတော့ မအားလို့ အစည်းအဝေးကို သွားမတက်ဖြစ်ပါဘူး။ တကယ်တမ်း ပုတ်ပြတ်ဝယ်ယူဖို့ ကမ်းလှမ်းလာတဲ့ ဈေးကလည်း တကယ်တွက်ကြည့်ရင် နည်းနေတဲ့အခါကျတော့ အဲဒီအစီအစဉ်မှာတော့ မပါဝင်ဖြစ်ဖို့ များပါတယ်''ဟု ဗီဒီယို ထုတ်လုပ်သူ တစ်ဦးက ပြောပြခဲ့သည်။
ထိုင်းလုပ်ငန်းရှင်မှ ကမ်းလှမ်းခဲ့ရာ၌ ထွက်ရှိသမျှ မြန်မာဗီဒီယို ဇာတ်ကားများ အားလုံးအား ၀ယ်ယူသွားမည် ဖြစ်ပြီး ရန်ကုန်ရက်ချိတ်ဖြင့် ဇာတ်ကားသစ် ထွက်ရှိသည့် ညနေတွင် ဇာတ်ကား၏ မာစတာခွေ တစ်ချပ်သာပေးရန် လိုအပ်မည် ဖြစ်ကြောင်း သိရှိရသည်။
ယင်းသို့ ၀ယ်ယူရာ၌ RC ကြေးသုံးထောင်နှင့်အထက် ရရှိသည့် ဇာတ်ကားကို ငွေကျပ်သုံးသိန်း၊ RC ကြေး နှစ်ထောင့်ငါးရာနှင့် အထက် ရရှိသည့် ဇာတ်ကားကို နှစ်သိန်းလေးသောင်း၊ RC ကြေး နှစ်ထောင့်ငါးရာအောက် ရရှိသည့် ဇာတ် ကားကို ငွေကျပ်တစ်သိန်းရှစ်သောင်းပေး၍ ၀ယ်ယူရန် စီစဉ်ထားသည်ဟု သိရသည်။ ၀ယ်ယူသွားသည့် မြန်မာဇာတ်ကားများအား ထိုင်းနိုင်ငံလုံးသို့ အဆိုပါ လုပ်ငန်းရှင်၏ မူပိုင်စနစ်ဖြင့် ရောင်းချမည် ဖြစ်ပြီး ထိုင်းရုပ်သံဌာနများတွင် ပြသရန်ပါ စီစဉ်ထားပြီး အင်တာနက်တွင်မူ လွှင့်တင်ခြင်း မပြုရန် တားမြစ်သွားမည်ဟု သိရသည်။
ထိုင်းလုပ်ငန်းရှင် တစ်ဦး၏ မြန်မာဗီဒီယို ထုတ်လုပ်ရေးများသို့ ကမ်းလှမ်းထားချက်မှာ အတည်ပြု ဖြစ်၊
မဖြစ်အား ရုပ်ရှင်အစည်းအရုံးမှ အတိအကျ ထုတ်ပြန်ပြောဆိုခြင်းများ မရှိသေးဟု သိရသည်။
Source Article and Photo from http://www.news-eleven.com