တနင်္သာရီမြစ်ဖျားပိုင်းတစ်နေရာအား တွေ့ရစဉ်
တနင်္သာရီမြစ်ဖျားပိုင်းဒေသတွင် ရွှေရှာသည့်ရေငုပ်ဆိုင်း ၈၀၀ ကျော်အထိ ရှိလာနေပြီး တနင်္သာရီမြစ်ကြောင်း ပြောင်းလဲမှုများလည်း ဖြစ်ပေါ်နေ
Thursday, 05 January 2012
တနင်္သာရီမြစ်ဖျားပိုင်းဒေသများတွင် ရွှေရှာရာတွင် အသုံးပြုသည့် ရေငုပ်ဆိုင်း ၈၀၀ ကျော်အထိ ရှိလာနေပြီး ယခုနှစ်အတွင်း တနင်္သာရီမြစ်ကြောင်း ပြောင်းလဲမှုများလည်း ဖြစ်ပေါ်လာနေကြောင်း သိရသည်။
တနင်္သာရီမြစ်ဖျားပိုင်း ဒေသများတွင် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း ရွှေထွက်သည်ဟု သတင်းများကြောင့် လာရောက်လုပ်ကိုင်သည့် လုပ်ငန်းရှင်များနှင့် ရွှေ့ပြောင်းလုပ်သားများလည်း ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။
တနင်္သာရီမြစ် အထက်ပိုင်းဒေသ၊ အောင်သာဝရအောင်ပိုင်းဒေသများတွင် လာရောက်ရွှေရှာသူများမှာ တစ်စတစ်စ များပြားလာကာ အထူးသဖြင့် မြန်မာပြည်မြောက်ပိုင်းဒေသမှ လာရောက်လုပ်ကိုင်သူများ ပြားလာကြောင်း သိရသည်။ ပြီးခဲ့သည့် ခြောက်လခန့်အတွင်း ရွှေ့ပြောင်းလုပ်သား တစ်ထောင်ကျော်နှင့် ရေငုပ်ဆိုင်း ၁၀၀ ခန့်မှ ယခု ၂၀၁၁ ခုနှစ်ကုန်ပိုင်းတွင် ရေငုပ်ဆိုင်း ၈၀၀ ကျော်နှင့် ရွှေလာရောက်ရှာသူ တစ်သောင်းကျော်အထိ ရှိလာနေကြောင်းသိရသည်။ ''အောင်သာဝရအောက်ပိုင်းဒေသတွေမှာရှိတဲ့ မြစ်ကြောင်းတစ်လျှောက်မှာ အရင်ကတည်းက ရွှေထွက်တာပါ။ ဒီနေရာတွေက သွားလာလို့ မလွယ်တဲ့ဒေသဖြစ်ပြီး လုံခြုံရေးအရ သွားလာလို့ မလွယ်တာပါ။ ဒီကဒေသခံတွေကတော့ အရင်ကတည်းက လက်နှင့်ရွှေရှာသွားလေ့ရှိကြတယ်။ သာရဘွင်ချောင်းဖျားပိုင်းလောက်ကနေ အနည်း ဆုံး သုံးရက်လောက်သွားမှ ရောက်တာပါ။ ရေလမ်းခရီးနှင့်ပဲ သွားလို့ရပြီး ရေနည်းကာလတွေမှာ သွားလာဖို့ အရမ်းခက်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ မြစ်ကြောင်းတစ်လျှောက် အသွားအလာတွေ များလာပါတယ်။ အခုဆိုရင် ရွှေမှော်ထဲမှာ ရေငုပ်ဆိုင်း ၈၀၀ကျော်နဲ့ ရွှေရှာသူတစ်သောင်းလောက်အထိ ရှိလာနေပြီ'' လို့ တနင်္သာရီမြစ်ကြောင်းအတွင်း သွားလာနေသူတစ်ဦးက ပြောကြားသည်။
တနင်္သာရီမြစ်ဖျားတစ်လျှောက်တွင် ရွှေရှာသူများပြားလာသည့် အလျှောက်မြစ်ကြောင်း ပြောင်းလဲမှုအချို့ ဖြစ်ပေါ်လာနေကြောင်း ဒေသခံများက ပြောကြားခဲ့သည်။ ''ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာ တနင်္သာရီမြစ်ရေဟာ နောက်ကျိလာပြီး အနေထားတွေ ပြောင်းလာတာတွေ့ရတယ်။ မြစ်ကြောင်းတစ်လျောက်မှာရှိတဲ့ ရွာတွေကိုလည်း ပြဒါးအဆိပ်တွေနှင့်ပတ်သက်ပြီး သတိပေးမှုတွေ လုပ်ခဲ့တယ်လို့ သိရတယ်။ တနင်္သာရီ မြစ်ကြောင်း တစ်လျှောက်မှာရှိတဲ့ ရွာတွေဟာ တနင်္သာရီမြစ်ရေကိုပဲ အသုံးပြုကြတာများပြီး ရွှေမှော်ထဲမှာသုံးတဲ့ ရွှေဖမ်းတဲ့ပြဒါးတွေကြောင့် မြစ်ကြောင်းတစ်လျှောက် ရေထုညစ်ညမ်းမှုတွေ ဖြစ်လာတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကဆို တနင်္သာရီမြစ်အတွင်း ရေချိုးကြတဲ့သူတွေဟာ အမှုန်တွေအများကြီး များလာတာ တွေ့ရတယ်။
တနင်္သာရီမြစ် မြစ်ဖျားခံရာဒေသဖြစ်တဲ့ ထားဝယ်ဘက်ကလည်း အလွန်အကျွံ သစ်ခုတ်လာတာကြောင့် မြစ်ကြောင်းပြောင်းလဲမှုတွေဖြစ်ပြီး လာမယ့်မိုးရာသီအတွင်းမှာ တနင်္သာရီမြစ်ဘေးတွင် တည်ရှိနေတဲ့ ရွာတွေအနေနဲ့ စိုးရိမ်မှုဖြစ်နေတာ တွေ့ရတယ်''လို့ ဒေသခံ တစ်ဦးမှ ပြောကြားခဲ့သည်။ ရွှေမှော်ထဲသို့ ယခုနှစ်ကုန်ပိုင်းအထိ ကချင်ပြည်ဘက်မှ ရွှေ့ပြောင်းလုပ်သားများသွား ရောက်လျက်ရှိပြီး ရွှေရှာသူများအနေဖြင့် တစ်ရက်လျှင် ရွှေ ၅ မူးမှ ၄ ကျပ်သားအထိ ရကြောင်း သိရသည်။ ရွှေမှော်ထဲတွင်လည်း ရောင်းချသည့် ကုန်ဈေးနှုန်းများမှာ ဈေးနှုန်းမြင့်မားကာ ဒီဇယ်တစ်ဂါလန်လျှင် ကျပ်တစ်သောင်း၊ မုန့်တီလှော်၊ ခေါက်ဆွဲလှော် တစ်ပွဲလျှင် ကျပ် တစ်ထောင်ဈေးရှိကြောင်း သိရသည်။ ရေငုပ်ဆိုင်းများကို မြန်မာပြည်အထက်ပိုင်းဒေသများမှ ယူဆောင်လာကြပြီး ရေငုပ်ဆိုင်းတစ်ဆိုင်းလျှင် လုပ်သား ၄ ဦးမှ ၆ ဦးအထိ ၀င် ရောက်လုပ်ကိုင်နေကြောင်း သိရသည်။
Copy from http://www.news-eleven.com/





