ခေတ်သီချင်းနဲ့ ခေတ်စကား
By မင်းစိုးစံ
April 18 2012 Wednesday
ကျုပ်တို့ငယ်ငယ်တုန်းက သတင်းနဲ့ပတ်သက်လို့ အခုလို ထောင့်စုံ နေရာစုံကနေ အမြင်မျိုးစုံ ကြားရဘို့ဆိုတာ မရှိခဲ့ဘူးဗျ။ မြန်မာ့အသံက မောင်ပိုင်စီးထားတာပေါ့။
သူတို့လွှင့်တာကိုပဲ နားထောင်နေရတယ်၊ ဟုတ်တာမဟုတ်တာ အပထား။
နားထောင်စရာက သူ့တခုထဲရှိတာကိုး။
အဲဒီတုန်းက မဆလ ခေတ်လေ။ ကွန်မြူနစ်ကို အပြတ်တိုက်နေတဲ့အချိန်ဆိုတော့ ညနေ ၈ နာရီလောက်ဆို
ရေဒီယိုရှိတဲ့ အိမ်နားသွားပြီး စုပေါင်းနားထောင်ကြတာ၊ အိမ်ပေါ်တော့မတက်ကြပါဘူး။
အိမ်ဘေးပတ်ပတ်လည် အမှောင်ထဲမှာ နားထောင်ကြတာ။
သတင်းကျေငြာပြီးသွားတာနဲ့ သူ့အိမ်သူပြန် ကိုယ့်အိမ်ကိုယ်ပြန် အားလုံးပုံမှန်ပဲ။
အဲဒီတုန်းက ခေတ်စားတဲ့ သီချင်းတပုဒ်ရှိခဲ့ဘူးတယ်။
စာမလာ သတင်းမကြားရသည်မှာ ကြာပြီဖြစ်ပါ၍ အောင်းမေ့သတိရမိနေသူပါ။
ဘယ်သူဆိုခဲ့တာလဲဆိုတာကိုတော့ မမှတ်မိတော့ဘူး။
အဲဒီလိုပဲ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ မြန်မာ့ဆိုရှယ်လစ်ပါတီတို့ တိုက်ကြခိုက်ကြတဲ့ တိုက်ပွဲတွေမှာလည်း
ခေတ်စားခဲ့တဲ့ စကားလုံးလေးတလုံးရှိခဲ့ဘူးတယ်။
အဲဒီစကားလုံး အကြောင်းမပြောပြခင် တိုက်ပွဲမှာ နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရတဲ့ ကျုပ်ဦးလေးပြောတာလေး နည်းနည်းလောက်ရေးပြချင်ပါတယ်။
တိုက်တော့မယ်ဆိုလျင် ဗမာပြည်ကွန်မြူနစ်ပါတီက အသံချဲ့စက်နဲ့ အော်ပြောတာတဲ့ဗျား။ ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ စခန်းကို လာတိုက်မှာဖြစ်တဲ့အတွက် စခန်းအတွင်းရှိ အကြပ်စစ်သည်များအားလုံး လိုအပ်တာ
တွေ အသင့်ပြင်ဆင်ထားစုဆောင်းထားဘို့ မေတ္တာရပ်ခံပါတယ် ဆိုပြီး ပြောတဲ့အတိုင်း စခန်းကို ဗကပ တွေက တက်သိမ်းတာတဲ့။
ကျုပ်ကတော့ ကျုပ်ဦးလေးပြောတာကို မယုံပေါင်။
ကျုပ်ဦးလေးကြွားတယ်လို့ပဲ မှတ်ထားတာ၊ သူကတော့ ဗကပ ရဲ့ မိုင်းဒါဏ်ကြောင့် မျက်လုံးနှစ်ဘက်စလုံး ကွယ်ခဲ့ပါတယ်။
ဒီလိုနဲ့ ၁၉၈၃ လောက်မှာ KNU စခန်းကို ဗမာ့တပ်မတော်က ထိုးစစ်ဆင်တိုက်ခိုက်တဲ့အခါမှာ အင်မတန်အသေအပျောက်များပြီး အတုန်းအရုန်းဒါဏ်ရာတွေ ရခဲ့ကြပါတယ်။
သင်္ဃန်းညီနောင်ကနေ ကော့ကရိတ် အဲဒီကနေ မော်လမြိုင်စစ်ဆေးရုံကိုပို့သလို အကောင်ကြီးတွေဆိုလျင် မင်္ဂလာဒုံပေါ့ဗျာ။
အဲဒီမှာ ကျုပ် ၆၆ ဒုတပ်ကြပ်တယောက်နဲ့ ကားပေါ်မှာ စကားလက်ဆုံကျတယ်ဗျ၊ သူဘာပြောသလဲဆိုတော့ ငါ....ငပွေးတွေ သတ္တိရှိလျင် ဗကပ လို ပေါ်တင်တိုက်တာမဟုတ်ဘူး သူခိုးကြမ်းပိုးတွေ ဟိုနေရာကချောင်း ပစ်လိုက် ဒီနေရာကချောင်းပစ်လိုက်နဲ့ အလကားစကြောက်တွေ အဲလိုပြောရင်း တက်တခေါက်ခေါက်ဖြစ်နေ
တာ။ (ငါနဲ့ငပွေးတွေအကြားက အစက်ကလေးတွေနေရာမှာ အမေနဲ့တိုင်းပြီး ဆဲထားတာ)
ဒီတော့မှ ကျုပ်ငယ်ငယ်တုန်းက ကျုပ်ဦးလေးပြောခဲ့တဲ့ ဗကပနဲ့တိုက်ခဲ့တဲ့တိုက်ပွဲအကြောင်းကို ယုံတော့တယ်။
သြော် မေ့တော့မလို့ အဲဒီခေတ်အဲဒီအခါတုန်းက ခတ်စားခဲ့တဲ့ စကားတခွန်းကိုပြောပြဦးမယ်။
မိမိတို့တပ်မတော်မှ စစ်သည်များ၏ စွန့်စားစွန့်လွှတ်မှုများကြောင့် ရန်သူ့အလောင်း ........ကိုရရှိခဲ့ပြီး လက်နက်မျိုးစုံ........တို့ကိုရရှိခဲ့ပါသည်၊ ထို့နောက် မြန်မာ့တပ်မတော်မှ အောင်မြင်စွာပြန်လည်ဆုတ်ခွါလာခဲ့ပါသည် တဲ့။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
April 17 2012 Tuesday evening
Source Audio from http://www.bbcburmese.com
April 17 2012 Tuesday evening
Source Audio from http://www.dvb.no
April 17 2012 Tuesday evening
Source Audio from http://www.voanews.com/burmese
April 18 2012 Wednesday morning
Source Audio from http://www.rfanews.org/burmese






