• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Thursday, April 19, 2012

ပြောရေးဆိုခွင့်ရှိခြင်း


ပြောရေးဆိုခွင့်ရှိခြင်း 

 By (မင်းစိုးစံ)

April 20 2012 Friday

ပြောရေးဆိုခွင့်ရှိသူတယောက်ရဲ့ လုပ်ပိုင်ခွင့်အာဏာဟာ အင်မတန်ထိရောက်စူးရှလှပါတယ်၊ ကျုပ်တို့မိသားစု ထဲမှာတောင် ပြောရေးဆိုခွင့်ရှိသူကိုရွေးဘို့ရာအတွက် အင်မတန်ကိုဆုံးဖြတ်ရခက်လှပါတယ်။

ဘာကြောင့်လဲဆိုတော့ သူ့လုပ်ပိုင်ခွင့်က မိသားစုတခုလုံးကို ကိုယ်စားပြုနေတာမဟုတ်လား၊ မိသားစုရဲ့ ကံ ကြမ္မာက သူ့လက်ထဲမှာရှိတယ်လေ၊ တခုတော့ရှိတယ်၊ မိသားစုထဲမှာ ကုသလို့မပျောက်ကင်းနိုင်တဲ့ ရောဂါကို ခံစားနေရသူတယောက်အတွက် ပြောရေးဆိုခွင့်ရှိသူတယောက်ဆိုလျင်တော့ တော်သေးတာပေါ့နော်။

ဒီလူနာဟာ စကားပြောနိုင်စွမ်းမရှိတော့လျင် မလှုပ်ရှားနိုင်တော့လျင် ဒီလူနာရဲ့ သေရေးနဲ့နေရေးကို ဆုံးဖြတ် ချက်ချနိုင်တာက သူလေ၊ လူနာမှာတတ်ဆင်ထားတဲ့ စက်ကိရိယာတွေအားလုံးကို ဖြုတ်ပစ်နိုင်သလို တတ် ထားနိုင်တယ်၊ အဲဒါ သူ့ရဲ့လုပ်ပိုင်ခွင့်။

ဆိုလိုတာကတော့ဗျာ လူနာရဲ့ဘ၀တခုလုံးဟာ အဲဒီပြောရေးဆိုခွင့်ရှိသူ ရဲ့ စွမ်းဆောင်မှုအပေါ် တည်နေတာပေါ့။ ဒါပေမယ့် ပြောရေးဆိုခွင့်ရှိသူဆိုသော်လည်း မိမိကိုယ်စားပြုအဖွဲ့ရဲ့ မိသားစုဝင်တွေရဲ့ သဘောတူညီချက် မရပဲနဲ့၊ မိမိသဘောအတိုင်းပြောဆိုခွင့် ရှိတာတော့ မဟုတ်ပါဘူး။

ဒါကတော့ မိသားစုတစုရဲ့ အရေးကိစ္စလေးတခုကို ပြောပြတာပါ၊ ဒီကနေ့ ကျုပ်တို့ KNU ကရင်အမျိုးသားအစည်း အရုံး နဲ့ ဗမာစစ်အာဏာရှင်တို့ ငြိမ်းချမ်းရေးဆွေးနွေးဘို့အတွက် ငြိမ်းချမ်းရေးကိုယ်စားလှည်အဖွဲ့ထဲမှာ ပါဝင်ကြ သူတွေရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်ရဲ့ တာဝန်နဲ့ဝတ္တရားတွေဆိုတာကတော့ နည်းနည်းနောနော ၀န်ထုပ်ဝန် ပိုးမဟုတ်ပါဘူး။

ဒီငြိမ်းချမ်းရေးအဖွဲ့ငယ်လေးဟာ KNU ကရင်အမျိုးသားအစည်းအရုံးကိုကိုယ်စားပြုတဲ့အဖွဲ့ဖြစ်သလို KNU က ရင်အမျိုးသား အစည်းအရုံးဆိုတာကလည်း ကရင်ပြည်သူလူထုတရပ်လုံးကို ကိုယ်စားပြုတဲ့အဖွဲ့အစည်းဆို
တော့ ပြောရေးဆိုခွင့်ရှိသူတယောက်ရဲ့ တာဝန်နဲ့ဝတ္တရားကဖြင့် ဘယ်လောက်အတိုင်းအတာအထိ အရေးကြီး လဲဆိုတာကို ခန့်မှန်းနိုင်ပါလိမ့်မယ်။

အဲဒီလိုကြီးမားလေးပင်တဲ့ တာဝန်နဲ့ဝတ္တရားကို ထမ်းဆောင်ဘို့ရာအတွက် တော်ရုံအရည်အချင်းရှိရုံနဲ့ မဖြစ်နိုင် ပါဘူး၊ အဲဒီလိုနေရာမျိုးကို ကျုပ်တို့ရဲ့ ကရင်အမျိုးသမီး နော်မေဦးမူတြော်က တာဝန်ယူထမ်းဆောင်လိုက်တဲ့အ တွက် ၀မ်းသာအားရဖြစ်မိသလို လေးစားဂုဏ်ယူမိပါတယ်။

ဘာကိုပြနေသလဲဆိုတော့ ကရင်အမျိုးသမီးတွေဟာ ကိုယ့်လူမျိုးနဲ့ကိုယ့်ပြည်သူကို ဘယ်လောက်ချစ်ခင်မြတ်
နိုးမှုရှိသလဲဆိုတာကို ပြလိုက်တဲ့အပြင် နိုင်ငံရေးမှာခေသူတွေမဟုတ်ဘူးဆိုတာ ဗမာစစ်အာဏာရှင်တွေကို ရဲ
ရဲတောက် စိမ်ခေါ်လိုက်တာဖြစ်ပါတယ်။

ကျုပ်တို့ပြည်သူကိုကိုယ်စားပြုသူတွေက ကျုပ်တို့အတွက် ဘာတွေလုပ်နေတယ်၊ ဘယ်နေရာမှာ ဘယ်လိုအ ခက်အခဲတွေရှိလို့ ဘယ်နေရာကဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေကို ခံစားနေရတယ်ဆိုတာကို ကြားချင်နေ ကြသလို သိချင်နေကြတယ်ဆိုတာ ပြည်သူတွေအတွက် အင်မတန်ကို ဓမ္မဓိဌာန်ကျလှတဲ့ အဖြစ်အပျက်ပါ။

ကဲ ဒါဆိုလျင် အဲဒီလိုလုပ်နေပါတယ်၊ ကိုင်နေပါတယ်၊ အခြေအနေကတော့ဖြင့် ဒီလိုရှိနေတဲ့အတွက် ဘယ်လို ဆက်လုပ်ရမလဲဆိုတာကို အကြံပေးကြပါလို့ဆိုလျင် သူတို့နားလည်တဲ့ဘာသာစကားနဲ့ပြောဆို ရှင်းလင်းရေး သားဖေါ်ပြပေးဘို့လိုတယ်ဆိုတာကလည်း မှန်ကန်လှတဲ့ သစ္စာစကားပါ။

အကြောင်းအရာလေးတခုနဲ့ တင်စားပြီးပြောချင်ပါတယ်၊ အင်မတန်ဧစိမ့်လှတဲ့ ဒီဇင်္ဘာညတညမှာ ခရစ်ယာန် တဦးအဖြစ်ခံယူထားပြီး ထာဝရဘုရားသခင်ရဲ့ အဆုံးအမကို လိုက်နာကျင့်ကြံခြင်းမရှိတဲ့လူတယောက်ရှိခဲ့ဘူး ပါတယ်၊ ထာဝရဘုရားသခင်ဟာ အရာရာကိုဖန်ဆင်းသူဖြစ်နေလျက်သားနဲ့ သားတော်ကိုလူ့လောကထဲလာ
စေပြီး ဘာကြောင့်လက်ဝါးကပ်တိုင်မှာ အသေခံခိုင်းရတာလဲ၊ သူ့တန်ခိုးနဲ့ လူသားအားလုံးကို ကယ်တင်နိုင်ရ မှာပေါ့ဆိုပြီး ဘုရားကျောင်းလည်းမသွားသလို ခရစ်တော်မွေးနေ့အတွက် သူ့မိသားစုအားလုံး ဘုရားကျောင်း သွားပြီး ၀တ်ပြုဆုတောင်းတာတောင် မသွားပဲ အိမ်ထဲမှာ မီးလှုံနေပါရော။

အိမ်အပြင်ဘက်က နှင်းထုနှင်းခဲတွေကြားမှာ ငှက်တွေဟာ အအေးဒါဏ်ကြောင့် တဖုတ်ဖုတ်ကျပြီး သေနေတာ
မို့ သူက ငှက်တွေကို သနားလွန်းတာနဲ့ ငှက်ကလေးတို့ရေ ငါနဲ့အတူ ဒီမှာ မီးလာလှုံကြပါ၊ အပြင်မှာဆိုလျင် မင်း တို့အအေးမိပြီးသေကုန်လိမ့်မယ်လို့ပြောရင်း ပြူတင်းတံခါးတွေဖွင့်ပေးသတဲ့၊ ငှက်ကလေးတွေ တကောင်မျှဝင် မလာကြပါဘူး။

အဲဒီတော့ တော်တော်ကိုမိုက်မဲတဲ့ငှက်တွေ ငါ့မေတ္တာနဲ့စေတနာကိုနားမလည်ကြဘူး လို့တွေးရင်းတစ်ယောက် တည်း စိတ်ဆိုးနေပါတယ်၊ နောက်ဆုံးကျတော့ ငှက်ကလေးတွေက လူစကားမှနားမလည်တာ သူလုပ်ပေး တာ တွေကို ဘယ်သိနိုင်ပါ့မလဲဆိုတာစဉ်းစားမိပြီး ထာဝရဘုရားသခင်ဟာ သားတော်ကိုလူ့လောကထဲ လွှတ် လိုက်တယ်ဆိုတာ ဘုရားသခင်ရဲ့စကားကို အပြစ်သားဖြစ်တဲ့လူတွေ နားမလည်နိုင်မှန်းသိလို့ ဘုရားသခင်ရဲ့စ
ကားကိုနားလည်အောင် လုပ်တာပါလားဆိုတာ သဘောပေါက်သွားတာမို့ အ၀တ်တွေလဲပြီး သူ့မိသားစုရှိတဲ့ ဘုရားကျောင်းကို ချက်ခြင်းလိုက်သွားပါတော့တယ်။

 ဒါကိုကြည့်လျင် အုပ်ချုပ်သူလူတန်းစားနဲ့ အအုပ်ချုပ်ခံလူတန်းစားကြားမှာ ကွာဟချက်တွေမရှိစေချင်လျင် အအုပ်ချုပ်ခံတွေက အုပ်ချုပ်သူအပေါ် နားလည်မှုရှိဘို့လိုတယ်ဆိုတာ ထင်ရှားပါတယ်၊ အဲဒီလိုပဲ အုပ်ချုပ်သူ လူတန်းစားအနေနဲ့ကလည်း မိမိပြည်သူတွေအပေါ် စောင့်ရှောက်နိုင်ဘို့ရာ သူတို့တတွေရဲ့ ဘ၀ ကို မျက်ခြေ မပြတ်စေတဲ့အပြင် သဘောထားအမြင်တွေကိုကြေညက်ပြီး ထဲထဲဝင်ဝင်ရှိဘို့အရေးကြီးပါတယ်။

အခုလို KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ကိုယ်စား ငြိမ်းချမ်းရေးအဖွဲ့အတွက် ပြောရေးဆိုခွင့်ရှိသူနော်မေဦး အနေနဲ့ ကရင်ပြည်သူလူထုကြား မိမိတို့အဖွဲ့လုပ်ကိုင်ဆောင်ရွက်တာတွေမှန်သမျှ ဘာသာစကားသုံးမျိုးနဲ့ ရှင်း လင်းထုတ်ပြန်တယ်ဆိုတာကလည်း အင်မတန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေဖြစ်သလို တကယ်လည်း လိုအပ်ပြီး ထိရောက်တဲ့ စွမ်းဆောင်မှုဖြစ်ပါတယ်။

အထူးသဖြင့်ကတော့ ဘယ်သူတွေကဖြင့် တလွဲတချော်ဖြစ်နေပြီ ဘယ်သူကတော့ဖြင့် ခြေလှမ်းတွေမှားနေပြီ ဆိုတာကို ဘာသာစကားနားလည်တဲ့အတွက် လူထုကအသေအခြာသုံးသပ်သွားနိုင်တာပေါ့၊ ပါဝင်ဆွေးနွေး အကြံပြုဘို့ဆိုတာကတော့ ကျုပ်ထင်ပါတယ် ပါဝင်ဆွေးနွေးလိုစိတ်၊ ပါဝင်ဆွေးနွေးနိုင်တဲ့ အရည်အချင်းနဲ့ ပါ ၀င်ဆွေးနွေးရဲတဲ့ စိတ်မျိုးဖြစ်လာအောင် ပြုစုပျိုးထောင်ပေးဘို့ အရေးတကြီးလိုအပ်မယ်ဗျို့။
 အခြေခံ ပြည်သူ လူထုတွေခမျာ နည်းလမ်းပေါင်းစုံအဖိနှိပ်ခံဘ၀နဲ့ နေသားကျလာခဲ့တာနှစ်တွေအများကြီး
ကြာခဲ့ပြီ မဟုတ်ပါလား။

နောက်တခုက ကျုပ်တို့ကရင်တွေမှာ လူမျိုးစုလေးတွေကများသလို စာပေတွေက အများသား၊ အခုဆိုလျင် တရုတ်စာလိုလို ဂျပန်စာလိုလို ကိုးရီးယားစာလိုလို ပုံသဏ္ဍန်ခပ်ဆင်ဆင်တူတဲ့ ကရင်စာတမျိုးကို DKBA က ထွင်ထားတာရှိသေး။

 နော်မေဦးပြောသွားတဲ့အထဲမှာ ပိုးကရင်လူထုအတွက် ဗမာစကားနဲ့ဗမာစာကိုအသုံးပြုတယ်ဆိုတော့ ပိုးကရင်
မှာ ဘာသာစကားမရှိလို့လား စာပေမရှိလို့လားဆိုတာ မေးစရာဖြစ်လာပါတယ်၊ ဒါမှမဟုတ် ပိုးကရင်လူထုဟာ လူနည်း စုဖြစ်လို့ ပိုးကရင်တွေက ဗမာစာကိုတတ်ကြွမ်းလို့ ဗမာလိုပြောနေကြလို့ ဆိုတဲ့သဘောမျိုးထားနေတာ များလား ဆိုတာ သိချင်စရာဖြစ်လာပါတယ်။ ဒီထက်လည်းအင်မတန် ပေါက်ကွဲလွယ်စေတဲ့ မေးခွန်းမျိုးတွေမေးစရာရှိနေသလို သိချင်စရာတွေလည်းအများ ကြီးရှိနေပါတယ်၊ အခုတော့မမေးသေးပါဘူး၊

တိုက်ဆိုင်တဲ့တနေ့မှာ နော်မေဦးကလည်း ပြောရေးဆိုခွင့်ရှိသူ တဦးနေရာမှာရှိနေသလို ကရင်ပြည်သူလူထု
ကောင်းကျိုးအတွက်စွမ်းစွမ်းတမံ ထမ်းဆောင်နေတဲ့ အချိန်မျိုး ဖြစ်ပြီး ကျုပ်လည်း အသက်ရှင်ပြီးကျန်းမာနေဦး မယ် ဆိုလျင်တော့ အဲဒီမေးခွန်းတွေကိုမေးပါ့မယ်၊ ဘာကြောင့် လဲဆိုတော့ အသက် ရှင်တော့ရှင်နေပါရဲ့ ရှူရှူး မှန်းမသိ အီအီးမှန်းမသိတဲ့ အခြေအနေမျိုးဆိုလျင်လည်း ဘာမျှ မေးနိုင်တော့မှာမဟုတ် လေတော့ အသက်ရှင်
ပြီး ကျန်းမာနေမှ ဖြစ်မှာကိုး။ အရေးကြီးတဲ့နောက်တစ်ချက်က အခုအချိန်ဟာ ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလမဟုတ်လား။

 ကွယ်လွန်သွားပြီးဖြစ်တဲ့ ကျုပ်တို့ရဲ့ခေါင်းဆောင်ပဒိုမန်းယှားလာဖန်းပြောဘူးခဲ့တဲ့ စကားတခွန်းကို ပြန်ပြောပြ
 ပါရစေ၊ ကျုပ်တို့တတွေရဲ့ ကရင့်တော်လှန်ရေး လိုအပ်တာထက် ဖင့်နှေးနေရတဲ့ အကြောင်းအချင်းအရာတွေ ထဲမှာ ပိုးကရင်လူထုကိုစည်းရုံးနိုင်မှုအပိုင်း အားနည်းနေတာလည်း ပါတယ်ဗျ တဲ့။
နောင်လာမယ့် ကာလတွေမှာ ကရင့်အမျိုးသားရေးစွမ်းဆောင်ကြတဲ့ ကရင်အမျိုးသမီးထုထဲမှာ နော် တွေအပြင် နန်း တွေပါ ပါဝင်လာနိုင်ဘို့ ဆန္ဒပြုလိုက်ပါတယ်။


ဗွီအိုအေရဲ့ အမျိုးသမီးကဏ္ဍအစီအစဉ်မှာ နော်မေဦးရဲ့ ပြောကြားချက်အချို့



ပြည့်ပြည့်စုံစုံ နားသောတဆင်လိုတယ်ဆိုလျင်ဖြင့် အောက်ကလိပ်စာကို သွားကြပါစို့
 http://www.voanews.com/burmese/news/women/Interview-On-KNU-Peace-Talks-147736875.html

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)