ငါ့ကိုယ်ငါ လျှော်ဖွပ်ကြည့်လိုက်တော့
(မင်းစိုးစံ)
ပြန့်ကျဲနေရာကနေ စုစည်း
ကာလတိုခရီးလေးမှာ
အစ္စရေးဆိုပြီး ဖြစ်လာတယ်။
ဂျူးစစ်သားတစ်ယောက်ဟာ
ယာဉ်မျိုးစုံမောင်းနှင်ရမလား။
လာထား။
လက်နက်မျိုးစုံပစ်ခတ်ရမလား။
လာထား။
ခွဲစိပ်ဖြတ်တောက် သောက်ဆေးထိုးဆေး ကုသရေးလား။
လာထား။
ဘာသာရေးလား။
ကွဲပြားခြား နားမှုမရှိ
ပကတိတစ်ခုတည်း။
အမျိုးသားရေးလား။
မျိုးချစ်စိတ်ကိုဦးထိပ်ထား
အသွေးသားကိုရှေ့တန်းမတင်
လူမျိုးခြားကို
လင်မတော် ဇနီးမတော်ဘူး။
မတော်တဆ
လူမျိုးခြားနဲ့ရသွားလျင်
ဆွေမျိုးနဲ့စုမိသားစုဝင်များ
ခေါင်းတလားတခုကိုအသင့်ပြင်ပြီး
စူးရှနာကျင်စွာ
ငိုကြွေးကြပါသတဲ့
ဒီတော့ ……။
ငါ့ရဲ့စစ်သား စွမ်းပကားအပြည့်။
ရှိတဲ့လက်နက်မျိုးစုံ
အကုန်ပစ်နိုင်တယ်။
ယာဉ်မျိုးစုံ မမောင်းနှင်နိုင်ပေမယ့်
ကရင့်ယဉ်ကျေးမှု သုခုမအနုပညာ
ကဗျာ လက်ာ အရေး အတီး
အဆို အက အကုန်ရတယ်။
ဆေးဝါးမစုံပေမယ့်
ဒါဏ်ရာရရဲဘော်နဲ့
အမိကရင်ပြည်အတွက်
နွယ်ဘက်မြက်ပင်တွေ ဆေးဘက်ဝင်စေပါတယ်။
ဘာသာကွဲပြား စာပေများပေမယ့်
နားလည်မှုနဲ့ပေါင်းစည်း မပြီးဆုံးသေးတဲ့ခရီး
ဆက်ပြီးနှင်ဘို့ကြိုးစားခိုက်။
ငါ့အမျိုးလား
လာထားအားလုံး တကမ္ဘာလုံးကိုစိမ်ခေါ်
ဘယ်သူ့ကိုမဆို လင်တော်မယ်။
ငါ့အမျိုးလား
လာထားအားလုံး တကမ္ဘာလုံးကိုစိမ်ခေါ်
ဘယ်သူ့ကိုမဆို မယားတော်မယ်
ဒါကို GLOBALIZATION တဲ့။
အဆိုးဆုံးက
လူမျိုးခြားကြား
ကရင်စကား မကြားရဲဘူး။
ကရင်သင်တိုင်း မဆင်ရဲဘူး။
ကောက်သစ်စားပွဲ မစားရဲဘူး။
ခြည်ဖြူဖွဲ့ပွဲ မနွှဲရဲဘူး။
ဒီတော့ ……….။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)





