ဥပက္ခာတရားကို နားလည်မိခြင်း
(မင်းစိုးစံ)
June 15, 2012 Friday
ဥပက္ခာတရားဆိုသည်မှာ အဘယ်နည်း။
ဥကိုပစ်ခွါသွားသောခါငှက်ကို ဆိုလိုခြင်းမဟုတ်သည်မှာ သေခြာလှ၏။
မိမိအနေဖြင့် ဘာသာတရားကို နက်နက်နဲနဲ နှိုက်နှိုက်ချွတ်ချွတ်သိနားလည်ရန်မဆိုထားနှင့် သြကာသ ကန်
တော့ချိုးကိုပင် ဖြောင့်ဖြောင့်တန်းတန်း ရွတ်ဆိုနိုင်သူမဟုတ်သည်ကို ရိုးသားစွာဖြင့်ဝန်ခံပါ၏၊
သို့ဖြစ်ပါသော ကြောင့် အမှားအယွင်းတစ်စုံတစ်ရာရှိခဲ့သော် နားလည်ပေးသည့်အနေဖြင့် မှားယွင်းနေသည်များ
ကို ပြင်ဆင်ပေးပါရန် ဦးစွာပထမ မေတ္တာရပ်ခံအပ်ပါသည်။
ဘာသာတရားတိုင်း မကောင်းမှုကိုပြုရန် မည်သည့်ဘာသာမျှတိုက်တွန်းနှိုးဆော်ထားခြင်းမရှိချေ။
သို့ပါသော်လည်း ကမ္ဘာနှင့်အ၀ှမ်းအကြမ်းဖက်တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေးချိုးဖေါက်မှုများ၊ အနိုင်ကျင့်ဖိနှိပ် မှုများတို့သည် တနည်းနည်းဖြင့် ဖြစ်ပေါ်နေသည်မှာ နေ့စဉ်နေ့တိုင်းပင်ဖြစ်၏။
အဘယ်ကြောင့်ဖြစ်နေရသနည်း။
ဘာသာတရားအပေါ်ယုံကြည်မှုလျော့နည်းကျဆင်းလာခြင်းကြောင့်လော။
သို့တည်းမဟုတ်ဘာသာတရားအပေါ် အလွန်အမင်းကိုးစားယုံကြည်မှု လွန်ကဲလာခြင်းကြောင့်လော။
ထိုမှတ၀ ဘာသာတရား၏ အဆုံးအမကို နားလည်မှုလွဲခြင်းကြောင့်လော။
စသည်ဖြင့်တွေးတောစရာဖြစ်လာသဖြင့် မိမိ အနေဖြင့် ဤ ဥပက္ခာတရားကို နားလည်မိခြင်း ဟူသည့်ခေါင်းစဉ်
ဖြင့် တွေးမိသမျှကိုရေးလိုက်မိပါတော့သည်။
ဥပက္ခာတရားသည် ဗြမ္မာစိုရ်တရားလေးပါးတွင် တပါးအပါအ၀င်ဖြစ်၏။
ဗြမ္မာစိုရ်တရားလေးပါးဟုဆိုရာ၌
(က) မေတ္တာတရား (Living, Kindness)
(ခ) ဂရုဏာတရား (Compassion)
(ဂ) မုဒိတာတရား (Sympathetic, Joy)
(ဃ) ဥပက္ခာတရား (Equanimity)
တို့ဖြစ်ပါ၏။
ဤသို့ဗြမ္မာစိုရ်တရားကို ရေးသားလိုက်သည်ဆိုသည်နှင့် အဃာတတရားအကြောင်းကို မစဉ်းစား၍မဖြစ်နိုင်ဟု ယူဆပါသည်။ အဃာတ တရားကိုဖြေဖျောက်ပစ်နိုင်ရန် ဗြမ္မာစိုရ်တရားဆိုသည့် အမြိုက်ဆေးပေါ်ပေါက်လာရ
ခြင်းဖြစ်မည်ဟု မိမိအနေဖြင့်ထင်မှတ်မိသောကြောင့်ဖြစ်ပါ၏။
ထိုအခါ အာဃာတတရားဟူသည်မှာ အဘယ်နည်း။
အာဃာတ ဆိုသည်မှာ ရန်ညှိုးဖွဲ့ခြင်း၊ အငြှိုးအတေးထား ခြင်းဟု ဆိုပါသည်။
အလွန်အမင်းလေးလံသည့် ၀န်ထုပ်ဝန်ပိုးဖြစ်သည် ဟုလည်းဆိုကြပါ၏။
ထို့နည်းတူ လူ့ လောကလူ့ပတ်ဝန်းကျင်ကို အကျိုးမပြုနိုင်သည့်အရာဟုလည်း သတ်မှတ်ထားကြပြန်ပါသည်။
ထိုအခါ လူတစ်ဦးနှင့်တစ်ဦး လူမျိုးစုတစ်စုနှင့်တစ်စု အတူတကွငြိမ်းချမ်းစွာ အတူယှဉ်တွဲ၍မနေထိုင်နိုင်ကြရ
ခြင်းကို ပြန်လည်ဆန်းစစ်ကြည့်သောအခါ ဆိုခဲ့သည့် အာဃာတတရားကြောင့်လော၊ အလုံးစုံသည် အာဃာ တတရားကြောင့်ဟု တထစ်ချမဆိုနိုင်သော်လည်း တစ်စိတ်တစ်ပိုင်းပါဝင်နေမည်သာဖြစ်၏။
သို့ဖြစ်ပါ၍ အကျိုးမရှိသောအာဃာတတရားများလျော့နည်းစေရေးအလို့ငှာ ဗြမ္မာစိုရ်တရားသည် အလွန်ထက်
မြက်ထိရောက်သည့် ဆေးစွမ်းကောင်းတစ်လက်အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ဟန်တူ၏၊
အာဃာတတရားနှင့် ပတ်သက်၍ ပညာရှင် Maya Angelou မြွက်ဆိုထားသည်မှာ
အာဃာတဆိုတာ အတိတ်ကိုရှင်းမရအောင်လုပ်၊ အနာဂတ်ကို ဓါးကြိမ်းကြိမ်းပြီး ပစ္စုပ္ပန်ကိုလက်သင့်မခံနိုင်တဲ့
အဖြစ်ရောက်အောင် တွန်းပို့တဲ့ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုပါ
ဟုဆိုလေ၏။ထိုသို့လူ့လောက၀န်းကျင်ကို ကောင်းကျိုးမပြုပဲ ဆိုးကျိုးကိုဖြစ်စေသော အာဃာတတရားများ ကင်းစင်ရန်အတွက် မည်သို့မည်ပုံ ပြုကျင့်နေထိုင်ရမည်ကို ဘာသာရေးတရားများ၌ ဤသို့ဆိုထားပါ၏။
ယေရှုခရစ်တော် ရှင်သန်ထမြောက်လာချိန်၌ နောက်လိုက်တပည့်များအား အကြင်သူ၏အပြစ်ကို လွှတ်လျှင် ထိုသူသည် အပြစ်လွတ်လျှက်ရှိ၏၊ အကြင်သူ၏အပြစ်ကိုတည်စေလျင် ထိုသူသည်အပြစ်တည်လျှက် ရှိ၏ ဟု ဟောကြားခဲ့ပါသည်၊ ဤကားဘာသာတရားဖြင့် ပုထုဇဉ်လူသားတို့အနေနှင့် စောင့်ထိန်းကျင့်သုံးရန်ဖြစ်ပြီး
ခွင့် လွှတ်ခြင်းနှင့်အပြစ်မမြင်ရန်အတွက် ရည်ရွယ်သည်ဟု နားလည်ခံစားမိပါသည်။
ထို့အပြင် သမ္မာကျမ်းစာ၏ တခုသောကျမ်းချက်၌ စိတ်နှလုံးနှိမ့်ချသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏၊ အကြောင်းမူကား ကောင်းကင်နိုင်ငံသည် ထိုသူတို့အတွက်ဖြစ်၏ ဟုဆိုထားသောကြောင့် သည်းခံခြင်းတရား
သည် မွန်မြတ်သန့်စင်ပြီး မိမိအတွက်ကောင်းမွန်သည့်ခံစားမှုများကို ရနိုင်သည်ကို ဆိုလိုခြင်းဖြစ်မည်ထင်ပါ၏။
ဗုဒ္ဒ၏တရားတော်၌ မေတ္တာဟူသည်သတ္တ၀ါတို့အပေါ် ကောင်းကျိုးလိုလားခြင်း၊ ဂရုဏာဟူသည် သနားကြင်နာ ညှာတာခြင်း၊ မုဒိတာဟူသည် သူတပါးကောင်းစားခြင်းကိုဝမ်းမြောက်ခြင်း၊ ဥပက္ခာဟူသည် ချမ်းသာသူ ဆင်းရဲသူ ထိုသူတို့အပေါ် အညီအမျှရှုနိုင်ခြင်း ဟူ၍ဆိုပါ၏။
ဤသည်ကိုထောက်ရှု၍ လက်ရှိဘ၀၌ ချမ်းသာကြွယ်ဝ နေသူတို့သည် ယခင်အတိတ်ဘ၀က ကောင်းမှုကြောင့်
ဖြစ်သည်၊ ဆင်းရဲကြသူတို့သည်လည်း ယခင်အတိတ်ဘ၀က ကောင်းမှုကုသိုလ်နည်းပါးခြင်းကြောင့်ဟု ဆိုပါက၊ အတိတ်ကိုလည်း ပြန်မတွေးနှင့် အနာဂတ်ကို လည်း မမျှော်မှန်းနှင့် ပစ္စုပ္ပန်ကိုတည့်တည့်ရှုဟူသော စကားသည်
မည်သည်ကိုဆိုလိုပါသနည်း။
ထိုအခါ ဥပက္ခာတရားသည် သက်ဝင်လှုပ်ရှားလာပြီဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် ချမ်းသာသူ ဆင်းရဲသူ တို့အပေါ် အညီအမျှရှုနိုင်ခြင်းဆိုသည့်အတွက် ယနေ့အချမ်းသာကြီးချမ်းသာနေသော ဗမာစစ်အုပ်စုအကြီးအ ကဲများနှင့် အလွန်ဆင်းရဲသောပြည်သူလူထုအကြား စာရှုသူအနေဖြင့်မည်သို့မည်ပုံအညီအမျှ ရှုနိုင်ပါအံ့နည်း၊ မည်သည့်နည်းဖြင့် ညီညီမျှမျှရှုမြင်မည်နည်း။
ဂေါတမမြတ်စွာဘုရားသည် လေးသင်္ချေနှင့်ကမ္ဘာတသိန်းတိုင်တိုင် ဘ၀ပေါင်းများစွာကြင်လည်ခဲ့ရ၏၊
အခါတပါး၌ ၀က်ဖြစ်ခဲ့ရ၏။
ဝက်တို့၏ခေါင်းဆောင်အဖြစ်ရှိနေစဉ် ကျားသည် ၀က်များကိုကိုက်ဖြတ်စားသောက်လေသောအခါ မိမိမျိုး
ဆက်မပြုဉ်းတီးရေးအတွက် ထောင်ချောက်ဆင်၍ ကျားကိုသတ်ဖြတ်ခဲ့လေ၏။
ထိုသို့ပြုကျင့်မှုကြောင့် ခါး၌နာကျင်ကိုက်ခဲသောဝေဒနာကို ခံစားခဲ့ရသည်ဟုဆိုပါသည်။
မိမိစဉ်းစားမိသည်မှာ ထိုစဉ်ကာလ၌ ဂေါတမသည် ကျားကိုထောင်ချောက်ဆင်သတ်ဖြတ်ခြင်းမပြုပဲ ရှောင် ထွက်သွားမည်ဆိုပါက ခါး၌နာကျင်ကိုက်ခဲသည့်ဝေဒနာကိုခံစားရမည်မဟုတ်သော်လည်း ၀က်မျိုးဆက်ပြုဉ်း တီးမည့်အရေးကိုအဓိကထားရှေ့ရှုလျှက် မိမိခံစားရမည့်ဝေဒနာကို ဥပက္ခာပြုကာ အများစုအကျိုးကိုကြည့်
ခဲ့ ခြင်းသာဖြစ်၏။
လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံတော်ဟု ခေါ်ဆိုသမုတ်ထားသောနိုင်ငံအား ဗမာစစ်အာဏာရှင်များက နည်းမျိုး စုံဖြင့် ဖျက်ဆီးပစ်နေသည်မှာ ကာလအားဖြင့် ရာစုနှစ်ထက်ဝက်ရှိခဲ့လေပြီဖြစ်၏၊ ဆက်လက်၍ဖျက်ဆီးနိုင်ရန် အတွက် ပြင်ဆင်မှုများလုပ်ထားသည်မှာလည်း အထင်အရှားပင်ဖြစ်ပါ၏၊ ထိုမျှမက အာဃာတတရားများ တိုး သည်ထက်တိုးလာရန် ကြီးထွားသည်ထက် ပိုမိုကြီးထွားလာစေရန် လုပ်ဆောင်လျှက်ရှိသည်ကို ကချင်ပြည်နယ် တိုက်ပွဲဖြစ်စဉ်နှင့် ရှမ်းပြည်နယ်တိုက်ပွဲများသည် ထင်ရှားသောသာဓကများဖြစ်ပေ၏၊ ထိုစစ်အစိုးရကို ဥပက္ခာ မပြုနိုင်သမျှ ကာလပတ်လုံး မိမိတို့၏ တိုင်းပြည်နှင့်လူမျိုး မည်သို့မျှတိုးတက်ကြီးပွါးလာမည်မဟုတ်သည်မှာ ဧ ကန်အမှန်ဖြစ်၏။
မိမိအပါအ၀င် လူသားမျိုးနွယ်ကိုချစ်မြတ်နိုးသူတိုင်းတို့သည် စစ်အစိုးရအပေါ်၌ ၀က်ခေါင်းဆောင်ကယ့်သို့ မိမိရ ရှိလာနိုင်သည့် မိမိအပေါ်၌ကျရောက်လာနိုင်သည့် ဆိုးကျိုးများကိုဥပက္ခာပြုပြီးသကာလ ဗမာပြည်သူလူထု တ ရပ်လုံးအေးငြိမ်းချမ်းသာရေးအတွက် လုပ်သင့်လုပ်ထိုက်သည်ကို နည်းမျိုးစုံဖြင့်ပြုလုပ်ဆောင်ရွက်ရန်အလွန်လို အပ်နေပြီဖြစ်ပါကြောင်း…..။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)