အမြုတေ စာနယ်ဇင်းကောင်စီ ဟူသည်ကို
မည်သို့နားလည်သင့်သနည်း
By အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၀) ရက်
ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသစ်က သြဂုတ်လ (၉) ရက်နေ့စွဲဖြင့် အမြုတေစာနယ်ဇင်းကောင်စီကို ဖွဲ့စည်း
ပေးလိုက်ကြောင်း သိရသည်။
ယင်းကောင်စီသည် သတင်းလွတ်လပ်ခွင့်ကို ဖေါ်ဆောင်ပေးမည့် အဖွဲ့အစည်းမဟုတ် ဖိနှိပ်ရေးကိရိယာသစ်တရပ်
သာဖြစ်ကြောင်း (၂) ပိုင်းခွဲ၍ အောက်ပါအတိုင်း သုံးသပ်ပါသည်။
ပထမပိုင်း
ဖိနှိပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြားဥပဒေများနောက်ခံဖြင့် ဖွဲ့စည်းပေးလိုက်ခြင်း
(၁) ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၃၅၄ အရ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို "နိုင်ငံတော်လုံခြုံရေး” ဟူသော အကန့်
အသတ်ဖြင့် ထိမ်းချုပ်ထားမှုအား အကောင်အထည်ဖေါ်ရမည့် အဖွဲ့အစည်းဖြစ်သည်။
(၂) ဖိနှိပ်ရေး ဥပဒေ ဟူ၍ သတင်းသမားများနှင့် လူထုအများစုက လက်ခံထားသော ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဆိုင်ရာဥပဒေကိုသာ ဖေါ်ဆောင်ရမည့်အဖွဲ့အစည်းဖြစ်သည်။
(၃) လူထုများ မေးမြန်းပိုင်ခွင့် ရရှိစေမည့် သတင်းဆိုင်ရာ ဥပဒေ Information Act မရှိသဖြင့် The Right to Know ဟုခေါ်သည့် လူထု၏သိရှိပိုင်ခွင့်ကို ဖေါ်ဆောင်ပေးမည့် အဖွဲ့အစည်းမဟုတ်။
(၄) သတင်းလုပ်ငန်းနှင့် မီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်မည့် သတင်းနှင့်မီဒီယာဆိုင်ရာ ဥပဒေ မရှိသဖြင့် သတင်းနှင့် မီဒီယာ လွတ်လပ်ခွင့်ကို ဖေါ်ဆောင်ပေးမည့် အဖွဲ့အစည်း မဟုတ်။
ဒုတိယပိုင်း
ဖွဲ့စည်းမှုအရ လွတ်လပ်မှုလုံးဝကင်းမဲ့ခြင်း သတင်းဆိုင်ရာကော်မရှင်များအား လွတ်လပ်မှုအခြေခံအရဖွဲ့စည်းခြင်း၊
သတင်းဆိုင်ရာအတတ်ပညာ အခြေခံကောင်းရှိသူ ပညာရှင်များဖြင့် ဖွဲ့စည်းခြင်း၊ သို့မဟုတ် အဆိုပါအင်္ဂါရပ်နှစ်ခု
ကို ပေါင်းစည်း၍ဖွဲ့စည်းခြင်း စသဖြင့် ဖွဲ့စည်းကြလေ့ရှိသည်။
အဆိုပါကော်မရှင်မျိုးများအား အခွင့်အာဏာပိုမိုပေးအပ်စေလိုပြီး အားကောင်းစေလိုလျှင် အစိုးရ၏ပါဝင်ပတ်သက်
မှုကိုပါ ထည့်သွင်းဖွဲ့စည်းနိုင်သည်။
ဥပမာအားဖြင့် မြန်မာနိုင်ငံရှေ့နေများကောင်စီက အဆိုပြုထားသော လူထုသတင်းဖြန့်ချီရေးဆိုင်ရာ မီဒီယာဥပဒေ
မူကြမ်းတွင် အလွှာသုံးမျိုးကိုပေါင်းစည်းပါဝင်စေခြင်းဖြင့် ဖွဲ့စည်းစေရန်ဖြစ်ကြောင်းတွေ့ရသည်။
သတင်းနှင့် စာနယ်ဇင်းဆိုင်ရာ ကော်မရှင်
(က) သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း ဆိုင်ရာလုပ်ငန်း လုပ်ကိုင်လျှက်ရှိ
သော ပုဂ္ဂိုလ်များကို ကိုယ်စားပြု၍ ဖွဲ့စည်းထားသော အသင်းအဖွဲ့များမှ ရွေးချယ်စေလွှတ်သူ ၉ ဦး။
(ခ) သတင်းစာဂျာနယ်၊ မဂ္ဂဇင်း ဆိုင်ရာ တက္ကသိုလ်များမှ ပညာရှင် ၃ ဦး။
(ဂ) ပြန်ကြားရေးဝန်ကြီးဌာနမှ ခန့်  အပ်စေလွှတ်သော ပုဂ္ဂိုလ် ၃ ဦး။
စုစုပေါင်း ၁၅ ဦး။
အသေးစိပ်သိလိုပါလျှင် https://docs.google.com/open?id=0BzC8VZhwp11AWmJUY3hBeUZXMDg လင့်ခ် တွင် ရှုပါရန်။
စစ်အစိုးရ တဦးတည်းက ၄င်းစိတ်ကြိုက် ခေါင်းခေါက်ရွေးချယ်ကာ အမြုတေစာနယ်ဇင်းကောင်စီကိုဖွဲ့စည်းပေး
လိုက်သောအခါ အဖွဲ့ဝင်များအနက် သတင်းပညာရှင်တချို့ပင်ပါဝင်ပါစေဦး၊ ၄င်းတို့သည် အသုံးချခံဘ၀တွင်သာ နိဂုံးချုပ်ရမည့် အနေအထားဖြစ်သည်။
သတင်းနှင့် မီဒီယာလွတ်လပ်ခွင့်ကို ဤ အမြုတေစာနယ်ဇင်းကောင်စီသည် မည်သို့မျှဖေါ်ဆောင်နိုင်မည် မဟုတ်
ပါ။
အောင်ထူး (ရှေ့နေ)
၂၀၁၂ ခုနှစ် သြဂုတ်လ (၁၀) ရက်