ချစ်သမီးသို့ ပေးသည့်စာ
သမီးလေး။
နေကောင်းရဲ့လား။
စိတ်ရော ချမ်းသာရဲ့လား။
တနယ်တကျေးက သမီးလေးကို ဖေကြီးသိပ်လွမ်းတာပဲကွယ်။
သမီးလေးကို ဖေကြီး အစစ အရာရာစိတ်ချမနေနိုင်တာကိုတော့ သမီးလေး ဖေကြီးနေရာကိုရောက်မှနားလည်မှာ
ပါ။
သမီးရဲ့ မေကြီးလည်း အလုပ်နားထားရတယ်။
မေကြီးရဲ့ ပုခုံးရိုးကို လွန်ခဲ့တဲ့လက ခွဲလိုက်ရတယ်လေ။
သမီးရဲ့ဖွါးဖွါးကတော့ လွန်ခဲ့တဲ့ ဇွန်လတုန်းက ဆုံးသွားပြီသမီး။
သမီးလေးရေ သမီးလေး ပို့ပေးတဲ့ ဆေးတွေ၊ ပြက္ခဒိန်တွေအားလုံးကို ရပါတယ်။
သမီးလေး အခုလိုမိဘကို တတ်နိုင်တဲ့ဘက်က ဂရုတစိုက်ပံ့ပိုးတဲ့အတွက် ဖေ့သမီးလေး ကျန်းမာချမ်းသာပြီး ဘေး
အန္တရာယ်အပေါင်းကနေ ကင်းဝေးပါစေလို့ ဖေကြီးရောမေကြီးပါ ဆုတောင်းပေးပါတယ်။
ဖေကြီးအခုစာရေးလိုက်တာက သမီးလေးကို ဖေကြီးအိပ်မက်မက်သလို၊ မေကြီးလည်း အိမ်မက်လို့ပါ။ တိုက်ဆိုင်လိုက်တာ သမီးလေးရယ်။
ဖေကြီးအိပ်မက်ထဲမှာ သမီးလေးက အရမ်းကို ဒေါသတွေဖြစ်ပြီး ငိုနေတယ်တဲ့။
မေကြီးကလည်း သမီးလေးနေမှ ကောင်းရဲ့လားမသိဘူး အိပ်မက်ထဲမှာ သမီးလေးလေ ဒေါတွေပွပြီး သူ့ Leg top ကို တဖြောင်းဖြောင်းနေအောင်နှိပ်ပြီး စာရေးနေတာမက်တယ် အဲဒါ စာလေးဘာလေး အဆက်အသွယ်လေးလုပ်
ပါလား ဆိုပြီးဖေကြီးတို့ ပြောဖြစ်ကြတယ်။
ဘုရားဝတ်ပြုပြီးတော့ Computer ကိုဖွင့်လိုက်တဲ့အခါ သမီးလေးရေးတဲ့စာကို ဖေကြီးဖတ်လိုက်ရတယ်။
တိုက်ဆိုင်လိုက်တာနော်။
သမီးလေး ဘာတွေအားငယ်နေလဲ၊ ဖေကြီးကိုပြော။
သမီးပြောလိမ့်မယ်။
ဖေကြီး သမီးကလေ ဖေကြီးလို အတန်းပညာမဲ့တဲ့လူမဟုတ်ဘူး၊ ပြီးတော့ ကိုယ့်ခြေထောက်ပေါ်ရပ်နေတဲ့လူ ဘယ်သူ့ကိုမှ အားကိုးနေတဲ့လူမဟုတ်ဘူး၊ ဖေကြီးစိတ်အေးအေးထား သမီးဘယ်တော့မျှအားမငယ်တတ်ဘူး လို့လေ။
ဖေကြီးသမီးက ဖေကြီးကို ဒီလိုမပြောရက်ပါဘူး။
သမီးလေးက လိမ္မာရေးခြားရှိပြီး လူကြီးသူမတွေကို ကြင်နာသနားတတ်တဲ့ မိန်းကလေးပဲလေ။
ဖေကြီးသိတာပေါ့။
တကယ်လို့များ ဖေကြီးသမီးရဲ့ စိတ်ထဲမှာ အဲဒီလိုလေးများ ဖြစ်သွားမယ်ဆိုရင်ပေါ့နော်။
သမီးလေးဘာပဲပြောပြော ဖေကြီးတို့က သမီးလေးကိုခွင့်လွှတ်ပါတယ်၊ ဖေကြီးရဲ့အိပ်မက်ထဲမှာ သမီးလေးကဒေါ
သတွေထွက်ပြီး ငိုနေသလို မေကြီးရဲ့ အိပ်မက်ထဲမှာလည်း သမီးလေးက Leg top ကို ဒေါကြီးမောကြီးနဲ့ စာရိုက်
နေတော့ ဖေကြီးလေ ဟိုးအဝေးကြီးကသမီးလေးကို အားပေးချင်လိုက်တာ။
တကယ်လို့များ သမီးလေးသာ ဖေကြီးရှေ့မှာရှိနေမယ်ဆိုလျင် ဖေကြီးရဲ့အရိုးပြိုင်းပြိုင်းထနေတဲ့ ရင်ခွင်ထဲထည့်ပြီး မငိုနဲ့တော့နော် တိတ် တိတ် သမီးလေးတိတ်တော့ လို့ပြောရင်း အရိုးပေါ်အရေတင်နေတဲ့ တုံချိချိလက်တွေနဲ့ဖေကြီး
လေ သမီးရဲ့ ခေါင်းကလေးကိုပွတ်ရင်း အငိုတိတ်အောင် အားငယ်စိတ်ကလေးတွေလျော့သွားအောင် အားပေးချင်
ချော့ချင်လိုက်တာကွယ်။
အခုတော့ ဖေကြီးတို့နဲ့သမီးလေးက အဝေးကြီးမှ တကယ့်အဝေးကြီး။
ဆိုတော့လေ………………။
သမီးလေးကို ပြောရဦးမယ် ဖေကြီးမှာလိုက်တဲ့ စာအုပ်တွေ၊ နောက်ပြီး သင်္ဘောရွက်တွေ မပို့နဲ့တော့လို့ပြောတာ သမီးလေးပင်ပမ်းနေမှာ စိုးလို့ပါ။
ဘယ်မိဘမျှ သားသမီးပင်ပမ်းနေတာစိတ်မချမ်းသာတာတွေကို ဖြစ်စေချင်ကြတာမဟုတ်သလို မြင်ချင်ကြတာမ
ဟုတ်ပါဘူး။
ဒါကြောင့် ဖေကြီးပြောတာပေါ့ သမီးလေး ဖေကြီးတို့နေရာကိုရောက်မှ နားလည်မယ်လို့လေ။
အဲဒါတွေကို သမီးလေးနားလည်ဘို့အတွက် ဖေကြီးတို့ရဲ့ သမီးလေးအပေါ်ထားတဲ့မေတ္တာတွေကို ခံစားတတ်ဘို့အ
တွက် သမီးလေးကို မပြောသင့်တာဖေကြီးပြောမယ်နော်။
သမီးလေးရေ အမျိုးသမီးတွေ အိမ်ထောင်သည်ဘ၀လိုနေတာထက် အပျိုကြီးဘ၀နဲ့နေတဲ့က ပိုပြီးအသက်ရှည်
တယ်တဲ့။ အမျိုးသားတွေကျ တော့ အမျိုးသမီးတွေနဲ့ ဆန့်ကျင်ဘက်လို့ပြောတယ်။ သမီးလေးသဘောပေါက်ပါတယ်နော်။
ဒါက ဖေကြီးအနေနဲ့ သမီးလေးကို မပြောသင့်တဲ့ စကားပါ။
မိဘဆိုတာ သားသမီးက အဖေလို့ ခေါ်လိုက်တဲ့အသံ အမေလို့ခေါ်လိုက်တဲ့အသံ အဲဒီလိုအသံလေးကြားလိုက်ရရုံ
လေးနဲ့ ငါ့သမီးလေး ဘာဖြစ်နေတယ် ဘာလိုချင်နေတယ် ငါ့သားလေး ဘာပြောချင်နေတယ် ဘာလုပ်ချင်နေတယ်
ဆိုတာကို အလိုလိုသိနေတတ်အောင် သဘာဝက ဖန်တည်းထားတယ်လို့ပဲဆိုမလား၊ သမီးလေးရေးတဲ့စာကို ဖေ
ကြီးဖတ်လိုက်ရုံနဲ့ သမီးလေးရဲ့ရင်ထဲမှာ ဘာဖြစ်နေသလဲဆိုတာ ဖေကြီးသိနေတယ် သမီး……။
ဖေကြီးလေ အတန်းပညာမရှိပေမယ့် ဖေကြီးဖတ်ဘူးတဲ့စာကြောင်းနှစ်ကြောင်း သမီးလေးကိုရေးပြမယ်နော် သေ
သေခြာခြာဖတ်ပါ ပြီးတော့ အဲဒီစာ အတိုင်းကျင့်ကြံနေထိုင်ပါ ဘယ်သူမပြု မိမိမှု တဲ့ နောက်တကြောင်းက အချစ်ဟူ
သည် ချစ်နိုင်သလောက်ချစ်ပြီး မေ့ပစ်အပ်သောအရာ ဖြစ်၏ တဲ့။
သမီးလေးရေ နောက်မှ ဖေကြီး စာထပ်ရေးလိုက်မယ်နော်။
သမီးလေးရဲ့မေကြီး ဆေးခန်းသွားဘို့ ရေချိုးနေတာ သွားကူလိုက်ဦးမယ် ဟုတ်လား။
ဖေကြီးတို့ရဲ့သမီးလေး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကွယ်။
သမီးလေးရဲ့
ဖေကြီးနဲ့ မေကြီး
အ၀းရောက် သမီးငယ်အထောင်အသောင်းကို ရည်ရွယ်ရေးသားပါသည်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)