ကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲ ကျင်းပပြီးစီးခြင်း
By ဖူ့ဍ်ါက၀်
August 26, 2012
ယမန်နေ့ August 26,2012 တနင်္ဂနွေနေ့တွင် ကရင့်ရိုးရာခြည်ဖြူဖွဲ့ အခမ်းအနားကို ကရင့်ရိုးရာ ဓလေ့ထုံးစံအ တိုင်း Karen Buddhist Society of Minnesota မှ ကြီးမှူး၍ စိန့်ပေါမြို့ရှိ အမှတ် 1554 Timber Lake Rood, Macdonough Recreation Center ၌နံနက် ၁၀း၀၀နာရီမှ ညနေ ၃း၀၀နာရီအထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ
ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
အဆိုပါ အခမ်းအနားသို့ အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဌာနမှ တာဝန်ရှိသူတဦးက ကျေးဇူးတင်အမှာစကား
ပြောကြားသွားသည့်နည်းတူ၊ ခွဲကဘောင် ပညာဒါနအသင်း၏ နာယကဖြစ်တော်မူသော ဆရာတော်ကုဝေရ မှလည်း သြ၀ါဒမြွက်ကြားသွားကြောင်း သိရှိရပါသည်။
ဆရာတော်၏ သြ၀ါဒတွင် မိမိတို့တွင်၊ ကိုယ်ပိုင်အမျိုးသားစာပေ၊ ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်အမျိုးသား ၀တ်စုံ၊ ကိုယ်ပိုင်ယဉ်ကျေးမှုအနုသုခုမ၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်းစဉ်လာများ ရှိနှင့်နေပြီးဖြစ်၍ ထိန်းသိမ်းမြှင့်တင် ရန်လိုအပ်ကြောင်း၊ စာပေသည် လူမျိုးတမျိုးအဖြစ်ရှင်သန်ရပ်တည်နိုင်ရေးအတွက် အဓိကကျကြောင်း စာပေမ ရှိသောလူမျိုးသည် ယဉ်ကျေးမှုဆိတ်သုဉ်းနေမည်ဖြစ်သောကြောင့် မိမိစာပေကို ကြိုးစားသင်ယူသွားရန် အထူး လိုအပ်လှကြောင်းအပြင် မိမိတို့၏ ခြံစည်းရိုးပျက်ဆီးနေပါက မိမိတို့ကိုယ်တိုင်သာ ပြုပြင်ကာရံရမည့်နည်းတူမိမိ တို့၏ အိမ်ခေါင်မိုး မိုးယိုနေပါကလည်း မိမိတို့ကိုယ်တိုင်သာ ဖါထေးပြုပြင်ရမည်ဖြစ်ကြောင်း ၊မိမိတို့ရိုးရာဓလေ့
ထုံးစံ ကိုလည်း မိမိတို့ကိုယ်တိုင် မထိန်းသိမ်းပါက မည်သူတဦးတယောက်ကမျှ လာရောက်ထိန်းသိမ်းပေးမည်
မဟုတ်ကြောင်းကို အသေးစိပ်မြွက်ကြားသွားပြီးနောက် လူ၂၀၀ကျော်တက်ရောက်လာသည့် အခမ်းအနားကို အှ်ဃှူ့အှ်ဃှင် တေးသီချင်းဖြင့်ရုပ်သိမ်းလိုက်ကြောင်းနှင့် လာမည့် September 1, 2012 saturday နေ့တွင် အမှတ် 942 Edmund Avenue ၌ ရိုးရာ ခြည်ဖြူဖွဲ့ပွဲကို ထပ်မံပြုလုပ်ကြဦးမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။