သတင်းမီဒီယာလွတ်လပ်ခွင့် လူထုလှုပ်ရှားမှုနှင့်
ဥပဒေအရ အခွင့်အရေး
အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၇) ရက် ၂၀၁၂ ခုနှစ်
ပြည်တွင်းအပတ်စဉ်ထုတ် The Voice Weekly နှင့် Envoy ဂျာနယ်တို့ကို စာပေ စိစစ်ရေးဌာနက အကန့်အသတ်
မရှိ ရပ်ဆိုင်းအရေး ယူခဲ့သည့် အပေါ်ကန့်ကွက်မှုများ အားကောင်းကောင်းပေါ်ထွက်ခဲ့သည်။
ထို့နောက်၁၄ ပါတီနှင့် တွေ့ရာ၌ သမတ ဦးသိန်းစိန် က ဂျာနယ်များထုတ်ဝေခွင့်ရပ်ဆိုင်းသည့် ကိစ္စနှင့်စပ်လျှဉ်း၍ မကြာမီ အဆင်ပြေသွားမှာပါဟု ပြောကြောင်းကြားရသည်။
ယင်း ပြောကြားချက်ထွက်လာပြီး ရက်ပိုင်းမှာပင် ရက်သတ္တနှစ်ပတ်သာ ရပ်ဆိုင်းတာပါ ဟူ၍စစ်အစိုးရက ပြန်လျှော့
ပေးလိုက်သည်။
တဖက်က သူရဲကိုမွေးပြီး ခြိမ်းခြောက်၊ အခြားတဘက်က ပယောဂ ဆရာနေရာမှာနေပြီး ကုစားပြသည့် လုပ်ဟန်မျိုးကို လက်မခံသင့်တော့ပါ။
တခုခုဖြစ်လာလိုက်၊ စစ်အစိုးရ အာဏာပိုင်တွေထံ သွားရောက် ချည်းကပ်ပြီး တောင်းပန်တိုးရှိုးရသည့် သဘောဖြင့် ကုစားမှုတောင်း ခံလိုက် ပုံစံမျိုးဖြင့် ရှေ့ခရီးကို မသွားသင့်တော့ပါ။လိုတမျိုး မလိုတမျိုး ရှုံ့ချီနှပ်ချီလုပ်တတ်သည့် စစ်အစိုးရ အာဏာပိုင် များ၏ သဘောကို ကောင်းစွာနားလည်သော သတင်းသမားများက ထိုမှနောက်တဆင့်တက်ပြီး စာပေစီစစ်ရေး ဖျက်သိမ်းဘို့ အထိတောင်းဆိုလာကြပါပြီ။
ဤလှုပ်ရှားမှုသည် စစ်အာဏာရှင်စနစ် ဆန့် ကျင်ရေး တိုက်ပွဲအတွက် အရေးပါလှသည်။
အာဏာရှင်စနစ် မှ ဒီမို ကရေစီ သို့ ပြောင်း လဲရေးအတွက် နိုင်ငံပေါင်း သုံးဆယ် ကျော်တွင်လူထုလှုပ်ရှားမှုများဖေါ်
ဆောင်ခဲ့ရာ၌ လွတ်လပ်စွာ ထုတ်ဖေါ် ပြောဆိုခွင့် ရ ရှိစေ ရန် သတင်းဌာနများ၊အယ်ဒီတာများ၊သတင်းထောက်
များကိုယ်တိုင် တောင်းဆိုသည့် အတွေ့အကြုံများ ရှိခဲ့ သည်။ အလားတူပင် မြန်မာနိုင်ငံ၌ ယခုစတင် ဖြစ်ပွားလာ
ပါပြီ။
၂၀၁၁ ခုနှစ်မှစတင်ခဲ့သည့် စစ်အစိုးရ၏ အပေါ်ယံလိုက်လျောမှုများကိုအသုံးချကာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး
များတိုးတက်ရရှိစေရန် လူထုလှုပ်ရှားမှုများလုပ်ဆောင်ခဲ့ကြသည့်အနက် ဤသတင်းလွတ်လပ်ခွင့်တောင်းဆိုသည့် ကဏ္ဍအား ဥပဒေကြောင်းများနှင့်ဆက်စပ်၍ ကျယ်ပြန့်ကြီးမားအောင် လုပ်ဆောင်နိုင်လျှင် များစွာအကျိုးရှိနိုင်ပါ
သည်။
ဆိုလိုသည်မှာ သတင်းများအား လွတ်လပ်စွာစုဆောင်း၊ ထိမ်းသိမ်း၊ ဖြန့်ချီခြင်း အပါအ၀င် လူထုများ ရရှိသင့်သည့် လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အခြေခံ လူ့ အခွင့်အရေးအား သက်ဆိုင်ရာနိုင်ငံ၏ ပြည်တွင်းဥပဒေများနှင့်အ
ညီ ပြဌာန်းကျင့်သုံးနိုင်စေအတွက် ဥပဒေပါအခွင့်အရေး Legal Rights အဖြစ်သို့ ပြောင်းလဲလိုက်ရန်ဖြစ်သည်။ ဤသည်ကို လက်ခံလျှင် အောက်ပါဥပဒေလုပ်ငန်းစဉ်တို့ ကို တဆင့်ပြီး တဆင့် ဖြစ်စေ၊တပြိုင်တည်းဖြစ်စေ ဆောင်
ရွက်ရန် လိုပါမည်။
(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄ ပါ ချွင်းချက် ပြဌာန်းချက်ဖြစ်သည့် "နိုင်ငံတော် လုံခြုံရေး” ဟူသည့် စကားရပ်ကို လုံးဝ ထုတ်ပယ်လိုက်ရန် ဖြစ်သည်။ ဥပဒေစိုးမိုးရေး ရှိလျှင် နိုင်ငံတော် လုံခြုံရေး ရမည်ဖြစ်သည်။ နိုင်ငံတော်လုံခြုံရေးဟူသည်ကို အကြောင်းပြ၍ စစ်အစိုးရက ဥပဒေ စိုးမိုးရေးကို ဥပက္ခာပြုကာ ရမ်းခြင်သလိုရမ်းခဲ့
သောခေတ်ကို အဆုံးသတ်သင့်ပြီ ဖြစ်သည်။
(၂) ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက်ဖျက်ဆီးသူများ၏ ဘေးအန္တရယ်မှ ကာကွယ်သည့် ဥပဒေ၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ ဥပဒေ နှင့် ၂၀၀၄ ခုနှစ် အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေ တို့ ကို လုံးဝရုပ်သိမ်းလိုက်ရန် ဖြစ်သည်။
(၃) လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့် အခြေခံတွင် သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ သစ် တရပ် ပေါ်ထွက်လာစေရန် ဖြစ်သည်။
ဤတွင် သတိထားရမည်မှာ ဥပဒေမျက်လှည့်ပြပွဲနောက်တခုအတွင်း အကြုံးဝင်မသွားစေရန် ဖြစ်သည်။
အလုပ်သမားများ အတွက် အင်မတန်ကောင်းမွန်သည့် ဥပဒေဖြစ်သော ၁၉၂၆ ခုနှစ် အလုပ်သမား သမဂ္ဂ ဥပဒေကို ဖျက်သိမ်းပြီး အလုပ်သမားအခွင့်အရေးများပေးသယောင်နှင့် တဖက်လှည့်ဖြင့် ချုပ်ကိုင်ထားသော၂၀၁၁ ခုနှစ် အလုပ်သမား အဖွဲ့ အစည်း ဥပဒေ ပြဌာန်းပေးလိုက်ခြင်းမျိုးဖြစ်သည်။
ဤသည် ကို ကာကွယ်ဟန့်တားနိုင်ရန်မှာ သတင်းစာဆရာများ၊ အယ်ဒီတာများ၊ သတင်းထောက်များ၊ သတင်းသ
မားများကိုယ်တိုင်က မိမိတို့ လိုလားသော ဥပဒေကြမ်းတခုကို မိမိတို့ကိုယ်တိုင် စုပေါင်းဖေါ်ထုတ်နိုင်လျှင်အကျိုးရှိ
နိုင်ပါမည်။
ယင်းကို စဉ်းစားရာ၌ အထောက်အပံ့ဖြစ်ရေး အတွက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ထုတ်ပြန်ခဲ့သည့် အဆို
ပြုမူကြမ်းကို လေ့လာသင့်သည် ဟု အကြံပြုလိုပါသည်။
အောင်ထူး (ရှေ့နေ)
သြဂုတ်လ (၇) ရက် ၂၀၁၂ ခုနှစ်
ပေးပို့လာသော ဆရာအောင်ထူး(ရှေ့နေ) အားအထူးကျေးဇူးတင်ရှိပါကြောင်း။
ကျေးဇူးတင်လေးစားခြင်းများစွာဖြင့်
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)