ခြည်ဖြူဖွဲ့ခြင်း နှင့် ချည်ဖြူဖွဲ့ခြင်း
(မင်းစိုးစံ)
ဘာလိုလိုနဲ့ ခြည်ဖြူဖွဲ့ပွဲတောင်ရောက်တော့မှာပါလား။
ဒီကရင့်ရိုးရာခြည်ဖြူဖွဲ့ပွဲတော်ကို အကြောင်းပြုလို့ အချို့လူငယ်လေးတွေ လွမ်းစရာတွေဖြစ်ရသလို အချို့လူငယ်တွေ
ကျပြန်တော့လည်း ရင်ခုံစရာတွေနဲ့ပေါ့လေ။
အချို့လူကြီးတွေခမျာလည်း အမျိုးမျိုးကြံဖန်နေကြရှာတာပေါ့ဗျာ။
အချို့လူကြီးတွေကျပြန်တော့ နားအေးပါးအေးလေးနဲ့ ကိုယ့်မိသားစုအ၀န်းအ၀ိုင်းလေးအတွင်းမှာပဲ ခြည်ဖြူဖွဲ့ပြီး ရိုးရာပွဲကိုသိုသိုသိပ်သိပ်လုပ်ကြတာလည်း ရှိပါတယ်။
ကျုပ်တို့ကရင့်ရိုးရာ ခြည်ဖြူဖွဲ့ပွဲဆိုတာ အင်မတန်ပျော်စရာကောင်းတာ၊ ပျော်ဆိုဗျာ သပြေသီးမှည့်ချိန်ဆိုတော့ သ
ပြေသီးမှည့်ကောက်ရင်း သံယောဇဉ်ဇာတ်လမ်းလေးတွေ ဖြစ်ကုန်တာမျိုးရှိတဲ့ အဖြစ်ကလေးတွေက မရိုးနိုင်ပဲကိုး။ ဒါကြောင့် ခြည်ဖြူဖွဲ့ပွဲကို အမြန်ရောက်စေချင်တဲ့ လူငယ်လေးတွေရှိသလို ခြည်ဖြုဖွဲ့ပွဲရောက်လာတော့မှာပါလား
ဆိုပြီး လူမမြင်ရာမှာ တိတ်တိတ်ကလေး ငိုရှိုက်နေကြသူတွေလည်း ရှိနိုင်ပါတယ်။
အခမ်းအနားတွေမှာ စင်မြင့်ပေါ်ကနေ လူကြီးတွေက ရိုးရာဖြစ်ပေါ်လာပုံအကြောင်းတွေ ခြည်ဖြုဖွဲ့ရာမှာ ပါဝင်တဲ့ တန်ဆာပလာ တွေအကြောင်း အာပေါက်အောင်ပြောနေပေမယ့် အောက်ကလူငယ်လေးတွေကတော့ တခစ်ခစ်နဲ့ ရယ်(ရီ)တဲ့လူကရယ်၊ ခေါင်းကလေးငုံ့ပြီး ပြုံးနေတဲ့သူကပြုံး၊ ကောင်လေးနဲ့ကောင်မလေး တစ်ယောက်လက်ကို တစ်ယောက်က မိမိသင်တိုင်းမှာ အစီအရီလေးတွယ်ကျနေတဲ့ ရောင်စုံခြည်မျှင်လေးတွေကို တထုတ်ထုတ်ဆွဲဖြုတ်
ရင်း အကြိမ်ကြိမ်ရစ်ပတ်ဖွဲ့နှောင်ပေးနေလိုက်ကြတာများ မျက်စေ့ကိုနောက်ရောပဲ။
ဒီလိုနဲ့ပဲ ကျုပ်တို့ရိုးရာပွဲတော်လေးဟာ ပျော်ပွဲရွှင်ပွဲဘက်ကို ရောက်မှန်းမသိရောက်သွားလိုက်တာ အခုဆိုလျင် ခြည်
ဖြူဖွဲ့ပွဲကို အမြတ်တနိုးတန်ဘိုးထားပြီးလုပ်ဘို့ အတွေးတွေမရှိတော့ပဲ လုပ်ချင်တဲ့အချိန်မှာ ထလုပ်ကြတဲ့အပြင် လုပ်
ချင်တဲ့အခြား အခန်းအနားတွေနဲ့ပေါင်းစုလုပ်ဆောင်နေကြတာကဖြင့် အင်မတန်ဝမ်းနည်းကြေကွဲစရာကောင်းသလို
နောင်အနာဂါတ်မှာ လူဖြစ်လာမယ့် မျိုးဆက်သစ်တွေကို ကျုပ်တို့ပေးခဲ့မယ့် အမွေအနှစ်ဆိုတာ ကျုပ်တို့ဘိုးဘေး
တွေ ရည်မှန်းထားတဲ့ ဦးတည်မျှော်မှန်းထားတဲ့ အရာတွေနဲ့ညီမှညီပါ့မလားဆိုတာတွေး လိုက်မိတဲ့အခါမှာတော့ မျိုးဆက်သစ်တွေအတွက် စိတ်မကောင်းဖြစ်မိတာအမှန်ပါ။
စိတ်မကောင်းတော့ ခင်ဗျားဘာလုပ်ချင်သလဲ လို့မေးလာလျင် လုပ်ချင်တာကတော့ အမျိုးမျိုးပေါ့ဗျာလို့ပဲဖြေလိုက်ရုံ
က လွဲလို့ ဘာများတတ်နိုင်မှာလဲ။
အားလုံးလိုလိုက ကိုယ့်နဲ့ပုလဲနံပ သင့်တဲ့လူတွေနဲ့ အုပ်စုကလေးတွေဖွဲ့ပြီး ဒီမိုကရေစီစနစ်ကွ လူ့အခွင့်အရေးဟ ဆိုပြီး ကကြီးကို ယပက်လက်လုပ်တဲ့လူကလုပ်၊ ခကွေးကို သဝေထိုးလို့ သတ်မှတ်တဲ့သူကသတ်မှတ် ဂငယ်ကို လည်း ပစောက်လို့ပြင်သူပြင်နဲ့ ကြာလာလျင်တော့ ကျုပ်တို့ကရင်တွေရဲ့ဘ၀ဟာ ရေတိမ်ချောင်းထဲက ငါးလို၊ မရှု
မလှပျက်ဆီးမှာ တွေးပူမိတာအမှန်ပါ။
အင်းပေါ့လေ ကျုပ်က မိုးပြိုမှာကိုကြောက်ပြီး ခြေနှစ်ချောင်းကို မိုးပေါ်ထောင်အိပ်တဲ့ တစ်တီတူးငှက်၊ အသံမသာမ ယာနဲ့ လဒ် တိတ်တဲ့ မကောင်းဆိုးဝါးငှက်ဆိုပြီး သတ်မှတ်ကြမယ့်လူတွေရှိမယ်ဆိုလျင် တစ်တီတူးငှက်ဟာ အသံ
ဆိုးကောင်းဆိုးနိုင်ပေမယ့် သူ့အော်သံကို နားစွင့်တဲ့သတ္တ၀ါတွေအတွက် ကျရောက်မယ့်ဘေးကနေ လွတ်စေတယ်
ဆိုတာကိုလည်း မေ့မထားကြပါနဲ့။
အသံမချိုတဲ့အတွက် ကျုပ်ကိုရုပ်ချောမယ်များထင်သလား။ မင်းကုသက သူရဲ သူရဲလို့အော်ပြီးလန့်ပြေးရမယ့်ရုပ်။
ချစ်စရာတော့ အကောင်းသား။
ငရမန်ကန်းဆိုတဲ့ လူကြီးက ချိုးပစ်တာအင်မတန်ဝါသနာပါတယ်ဆိုပဲ ချိုးကူသံကိုကြားရလို့ မနေနိုင်မထိုင်နိုင်ဖြစ်
ပြီး လှေပေါင်းမိုးထဲကအထွက် လေးစာမိသွားလို့ မျက်လုံးတဘက်ကန်းသွားတာ ကြားဘူးကြပါလိမ့်မယ်၊ ခင်ဗျား
တို့နားမှာ ချိုးငှက်လိုအသံမျိုးနဲ့ ဒီလိုလုပ်မယ် ဟိုလိုလုပ်ကြတာပေါ့ဆိုတာကို နားယောင်ပြီး ရှေ့နောက် ၀ဲယာ မကြည့်နိုင်ဖြစ်သွားပြီး ဘာတခုမျှမဆင်ခြင်မသုံးသပ်ပဲ ခေါင်းငြိ့မ်ပြီးရင်းငြိမ့်ရင်း ဆက်လုပ်နေမယ်ဆိုလျင်တော့ ငရမန်ကန်း ကန်းတာကတစ်ယောက်တည်း တစ်လုံးတည်း(မျက်လုံး)၊ ခင်ဗျားတို့ကျုပ်တို့ကန်းမှာက တမျိုးလုံးစုံ
ကန်းမှာ။
အဲဒါတွေကို ပြုပြင်ဘို့ ထိန်းသိမ်းဘို့ မဆိုထားနဲ့ ခြည်ဖြူဖွဲ့ပွဲ ဆိုတဲ့စာလုံးပေါင်းကိုတောင် ကိုယ့်ဆရာတွေက မပြင်
ချင်ကြဘူး၊ ကရင်ဘလော့ဂ်အတော်များများကိုကြည့်လိုက်လျင် ချည်ဖြူဖွဲ့ပွဲဆိုတာကို အရေးများကြတာတွေ့ရပါ
လိမ့်မယ်။
ပြင်ကြပါခင်ဗျားလို့ ကျုပ်ဘလော့ဂ် စရေးတဲ့နှစ်ကနေ ဒီကနေ့အထိ ပြောလာလိုက်တာ ပြင်တဲ့သူတစ်ယောက်မျှ
မရှိဘူး။ ပြင်ရကောင်းမှန်းမသိတာပဲလား။ မပြင်ချင်တာပဲလား။ ဆိုတာကိုတော့ ကျုပ်လည်းမပြောတတ်ဘူး။ ဒါဆိုကျုပ်ရောအစကတည်းက မှန်သလားဆိုတော့ မမှန်ပါဘူး။ အစပိုင်းမှာ အမှားကိုမှားမှန်းမသိလို့ မှားခဲ့တယ်။ မှားတယ်ဆိုတာသိတာနဲ့ ပြင်လိုက်တယ်။ ပြင်သင့်တာကိုး ပြင်တာပေါ့။
တစ်ယောက်မှ မပြင်တာတော့မဟုတ်ဘူးဗျ။ ကိုးရီးယားက လူငယ်လေးတစ်ယောက်ကတော့ ချက်ခြင်းပြင်လိုက် တယ်ဗျ။ ကျုပ်စာကိုဖတ်ပြီးပြီးချင်းပေါ့လေ။ ကျုပ်ကလည်း အဲဒီဗမာစာလုံးကို ကောင်းကောင်းသိလို့မဟုတ်ဘူးဗျ။ ဗမာဝေါဟာရနဲ့ပတ်သက်တဲ့ ကျမ်းစာအုပ်တစ်အုပ်ကိုဖတ်ပြီး အဲဒီပညာရှင်ရေးတဲ့အတိုင်း ပြန်ရေးပြထားတာ။ ပြီးတော့ အဲဒီစာအုပ်ကလည်း နှစ်ပေါင်းတော်တော်လေးကြာနေပြီဗျ။
ကျမ်းပြီးတဲ့နှစ်က ၁၁၃၁ ခု၊အဲဒါက ဒုတိယအကြိမ်ထုတ်တာတဲ့။ ကျုပ်ဆီမှာက လွတ်လပ်ရေးရပြီးမှ ထပ်ပြီးပုံနှိပ် တာဆိုတော့ တွက်ကြည့်ပေါ့နော။
ခြည် ဆိုတဲ့ ဗမာလိုအဓိပ္ပါယ်က ခြည်မျှင်။ ခြည်ခင်။
ချည် ဆိုတဲ့ အဓိပ္ပါယ်က ဖမ်းဆီးချည်နှောင်ခြင်း။ ချည်တိုင်(နွားချည်တိုင်)။
ဒါဆိုလျင် ခြည်ဖြူ ဆိုပါစို့ အဖြူရောင်ခြည်မျှင်။အဖြူရောင်ခြည်ခင်။
ပြီးတော့ ချည်ဖြူ ဆိုပါစို့ အဖြူရောင်ဖမ်းဆီးချည်နှေင်ခြင်း။ အဖြုရောင်ချည်တိုင်။ အဖြူရောင်နွားချည်တိုင်။ ကျုပ်လည်း ရေးတတ်သလိုသာလျှောက်ရေးနေတာ အဲဒါတွေက အပြင်မှာလည်း ဘယ်လိုအဓိပ္ပါယ်မှရှိတာမဟုတ်
ဘူး။
ကျုပ်ရဲ့လေ့လာမှုအားနည်းလို့ မသိတာဖြစ်ကောင်းဖြစ်မှာပါ။
သေသေခြာခြာ တွေးကြည့်လိုက်လျင် အဖြူရောင်ဖမ်းဆီး ချည်နှောင်ခြင်းဆိုတာ ဘာကိုဆိုလိုတာပါလိမ့်။ အဖြူရောင်နွားချည်တိုင်ဆိုတာကလည်း နွားချည်တိုင်ကို ဘယ်နွားရှင်တွေက အဖြူရောက်သုတ်မှမို့လဲ။
လယ်အလုပ်နဲ့တောင် မအားတဲ့ကြားက နွားချည်တိုင်ကို အဖြူလုပ်ရဦးမယ်ဆိုတော့ မဟုတ်သေးပါဘူး။
အဲဒါတွေပြီးပြန်တော့ ခြည်ဖြူဖွဲ့ပွဲဆိုပါစို့ အဖြူရောင်ခြည်မျှင်ဖြင့်ဖွဲ့သည့်ပွဲ။
အဖြူရောင်ခြည်ခင်ဖြင့်ဖွဲ့သည့်ပွဲ။
ဒီတော့ဗျာ ချည်ဖြုဖွဲ့ပွဲဆိုတော့ အဖြူရောင်ဖမ်းဆီးချည်နှောင်ခြင်းဖြင့် ဖွဲ့သည့်ပွဲ။
ဒီလိုမဟုတ်ဘူးဆိုလျင်အဖြူရောင်ချည်နှောင်ပွဲ။ ဘယ်လိုပြောရမှန်းတောင်မသိဘူး။
သေခြာတာတခုကတော့ ကျုပ်တို့တတွေပြင်သင့်တာပြင်ကြပါ။ မပြင်ခင်မှာလည်း အသေအခြာ လုံးစေ့ပတ်စေ့ထဲ
ထဲဝင်ဝင် ခရေစေ့တွင်းကျ အပြန်ပြန်အလှန်လှန် ထပ်ခါတလဲလဲ လေ့လာသုံးသပ်ပါ။
ဟေ့ငါတို့က ကရင်ကွ ဗမာလိုမရေးတတ်တာ ဘာဆန်းလို့လဲ ဆိုလျင်တော့ ကျုပ်ပြောတဲ့အတိုင်းကရင့်ရိုးရာ ခြည်
ဖြူဖွဲ့ပွဲ လို့သာရေးပေတော့ဗျို့။ ကျုပ်ရော ဗမာလိုရေးတတ်လို့လားဆိုတော့ ခင်ဗျားတို့လိုပါပဲ မတတ်ပါဘူး။ကရင်စစ်စစ်လေ။ ဘယ်လိုလုပ်ပြီး ဗမာစာကို ဗမာလိုရေးတတ်မှာတုန်း။ ကရင်စာလား သိပိမတတ်ဘူး၊ ဒါဆို ဘာတတ်သလဲ သူများအမှားတွေပဲ လိုက်ပြောတတ်တယ်။ အဟီး မရှက်ပေါင်။
ဗမာစာကို ကောင်းကောင်းတတ်တဲ့ ကရင်တွေအနေနဲ့ ဘာကြောင့် ပြင်သင့်တယ်ဆိုတာကို မပြင်ချင်တဲ့ ကရင်
တွေ၊ ပြင်ရကောင်းမှန်း မသိတဲ့ကရင်တွေကို နားလည်သဘောပေါက်အောင် စာပေနဲ့ဖြစ်စေ၊ ဂီတအနုပညာနဲ့ဖြစ်
စေ အသိပေးဘို့ ဆော်သြဘို့ အထူးပဲမေတ္တာရပ်ခံ ပန်ကြားလိုပါ တယ်။
ရိုးရာကို ထိန်းသိမ်းကြမှာလား၊ ဖျက်ဆီးကြမှာလား၊ စာလုံးပေါင်းတွေပြင်ကြမှာလား၊မပြင်ကြဘူးလား၊ ဆိုတာထက် မိမိရိုးရာ ယဉ်ကျေးမှု အဓွန့်ရှည်တည်တံ့ရေးအတွက် အဓိကထားကြတဲ့ ကရင်တွေကတော့ ပွဲတော်အတွက် အခုလို ကလေးတဘက်နဲ့ မအားမလပ်တဲ့ကြားက မမောနိုင်မပမ်းနိုင် သီချင်းတိုက်နေကြတာကတော့ နှစ်စဉ်နှစ်တိုင်းပါပဲ။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရော်က ကရင်ဒုက္ခသည်တဦး)