• မိုးလေးမျိုး၊ လူလေးမျိုး၊ မြင်းလေးမျိုး၊ သစ်ပင်လေးမျိုး နှင့် ဒုက္ခသည်လေးမျိုး
  • အပစ်အခတ်ရပ်စဲရေးစာချုပ်အပေါ် KNU၏သဘောထား ဆက်သွယ်မေးမြန်းချက်
  • ကရင်လူမျိုးတို့ သိသင့်သိထိုက်သော လဆန်း လဆုတ် အခေါ်အဝေါ်များ
  • ဖေါဟ်အ်ုတါ ယဲါမိင်
  • လာခုဂ်ခါင်ၟစူး ဟှံင်ယုဂ်

Wednesday, September 26, 2012

လက်ပံတောင်း သင်ခန်းစာ



လက်ပံတောင်း သင်ခန်းစာ

 ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

လက်ပံတောင်းတောင် လူထုလှုပ်ရှားမှုဟာ ကျနော်တို့ကို သင်ခန်းစာတွေ အများကြီးပေးတယ်။
လက်ပံတောင်း အဖြစ်အပျက်ကို ကျနော်တို့ လေ့လာဖို့ သင်ခန်းစာယူဖို့နဲ့ နောက်နောင်မှာ ဒီလိုအမှားမျိုး ထပ်ပြီး မကြုံတွေ့အောင် ပြင်ဆင်ကြဖို့ လိုပါမယ်။

လက်ပံတောင်းမှာ ရှုံးခဲ့သလား

လက်ပံတောင်းလှုပ်ရှားမှုမှာ လူထုဘက်က ရှုံးနိမ့်တယ်။
အပြီးအပိုင် ပြတ်ပြတ်သားသား ရှုံးနိမ့်သွားပြီလားဆိုတာ ပြောဖို့စောသေးပေမယ့် အနည်းဆုံး ယာယီတော့ ရှုံးနိမ့်
သွားတယ်။ ဘာ့ကြောင့် ရှုံးသလဲ။ နောင်မရှုံးအောင် ဘယ်လိုလုပ်မလဲ။
ဒီအဖြေကို ဖြေဖို့အတွက် လက်ပံတောင်းဖြစ်စဉ်ကို ပြန်သုံးသပ်ကြည့်ချင်ပါတယ်။

လက်ပံတောင်းလူထုလှုပ်ရှားမှု ဘာ့ကြောင့် ရှုံးတယ်လို့ ကျနော် ပြောသလဲ။
ဒါကို အရင်ဆုံး ရှင်းချင်ပါတယ်။

လက်ပံတောင်းမှာ လယ်တွေ ဧကတသောင်းကျော် (ကုမ္ပဏီဘက်က အတည်ပြုတဲ့အရေအတွက် ဧက ၇၈၀၀) ကို
 ဦးပိုင်နဲ့ ဝမ်ပေါင် ဖက်စပ်ကုမ္ပဏီက လှည့်ဖျားသိမ်းယူခဲ့တယ်။
စတင်သိမ်းယူစဉ်တုန်းက ၃ နှစ်ပဲ သိမ်းမှာပါလို့ပြောပြီး သုံးနှစ်စာသီးနှံလျော်ကြေး ငါးသိန်းကျော် ပေးသိမ်းခဲ့တယ်။
 ခုတော့ နှစ် ၆၀ သိမ်းမယ်လို့ ပြောတယ်။ ဒါဟာ ဂုဏ်သိက္ခာမဲ့ လိမ်ညာလှည့်ဖျားခြင်းဖြစ်သလို အာဏာအလွဲသုံးစားလုပ်ပြီး အဓမ္မလုပ်တာလည်း ဖြစ်တယ်။

ကုမ္ပဏီက စီမံကိန်း စတင်ပြီး ၇ လ ၈ လအကြာမှာ ဒေသခံပြည်သူတွေသောက်သုံးတဲ့ တွင်းရေတွေတောင် ငန်
လာတယ်။ မြေအောက်ရေကြောထဲအထိ ဓာတုအဆိပ်အတောက်တွေ စိမ့်ဝင်လာတယ်။
ဒေသတခုလုံးရဲ့ ကျန်းမာရေး ပျက်စီးယိုယွင်းမယ့် အန္တရာယ်ကို ရင်ဆိုင်လာရတယ်။ လက်ပံတောင်းတောင်ကြီးတခုလုံး ပျက်ပြုန်းမယ့်အန္တရာယ်ကို ရင်ဆိုင်ရတယ်။ ဓာတုအဆိပ်သင့် မြေစာတွေကို လယ်တွေထဲမှာ ပုံတယ်။ ဒါတွေကြောင့် လယ်သမားတွေက ဆန္ဒပြကြတယ်။ ကန့်ကွက်ကြတယ်။ အရေးဆိုကြ
တယ်။

“ကြံ့ဖွတ်အစိုးရ မင်းသားမျက်နှာဖုံးကွာချိန်ကျမှ သူတို့ ဇာတ်ရေလည်လာကြလိမ့်မယ်။
အဲဒီအချိန်ဟာ သူတို့အနေနဲ့ ဘာမှ လုပ်လို့မရတော့တဲ့အချိန်အစစအရာရာ နောက်ကျသွားတဲ့အချိန်လည်း ဖြစ်
နေပေလိမ့်မယ်။”

လယ်သမားတွေလိုချင်တာက သိမ်းထားတဲ့ လယ်တွေ ပြန်ရဖို့နဲ့ လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ပေးဖို့။
ဒါဟာ အဓိက အချက်နှစ်ချက် ဖြစ်တယ်။ အခု ဒီအဓိကအချက်နှစ်ချက်မှာ ကိုယ်တောင်းဆိုတာ တပြားတချပ်မှ မရ
ဘဲ လူထုလှုပ်ရှားမှု ရပ်တန့်သွားတယ်။
ဒါ့ကြောင့် လက်ပံတောင်းအရေး ရှုံးနိမ့်တယ်လို့ ကျနော် ပြောတာ ဖြစ်ပါတယ်။

လူထုဘက်က အခု ဆုတ်ပေးလိုက်ရတဲ့ ပုံစံဟာ ၈၈ လူထုလှုပ်ရှားမှုတို့၊ ၂၀၀၇ သံဃာ့အရေးတော်ပုံတို့နဲ့ ပုံစံမ
တူဘူး။
၈၈ တို့ ၂၀၀၇ တို့ ဟာ ရှုံးတာ မဟုတ်ဘူး။
စစ်တပ်က မတန်တဆ အင်အားသုံး သတ်ဖြတ်လို့ ယာယီ နောက်ဆုတ်ပေးလိုက်ရတာသာ ဖြစ်တယ်။ အရေးအခင်းတွေ ပြီးတဲ့အချိန်မှာ စစ်အာဏာရှင်တွေဟာ ကြောက်ဒူးတုန်ပြီး ကျန်ခဲ့တယ်။ နောက်ထပ် အချိန်မရွေး လူထုလှုပ်ရှားမှု ထပ်ဖြစ်နိုင်တယ်ဆိုတဲ့ အသိနဲ့ မအိပ်နိုင်၊ မစားနိုင်ဘဲ ကျန်ရစ်ခဲ့ကြတယ်။
လူထုဘက်ကလည်း အခွင့်အခါရတာနဲ့ နောက်တခါ ထပ်ချဖို့ အဆင်သင့်ဖြစ်နေတယ်။
ဒါကို သူတို့လည်း သိတယ်။ ၈၈ ပြီးတဲ့နောက်မှာ ၉၀ ရွေးကောက်ပွဲ လုပ်ပေးရတယ်။
၂၀၀၇ ပြီးတဲ့ နောက်မှာ ၂၀၁၀ ရွေးကောက်ပွဲ လုပ်ပေးရတယ်။ ဒီလှုပ်ရှားမှုတွေကို ရှုံးတယ်လို့ မခေါ်ဘူး။ အင်အားမမျှလို့ ယာယီ နောက်ဆုတ်ပေးလိုက်ရတာသာ ဖြစ်တယ်။

အခု ဒီလက်ပံတောင်းအရေးမှာတော့ လယ်သမားတွေကိုယ်တိုင်က အားလျှော့ပြီး နောက်ဆုတ်သွားကြတယ်။ လက်နက်နဲ့ ချေမှုန်းလို့ အားမတန် မာန်လျှော့လိုက်ရတာမျိုး မဟုတ်ဘဲ စိတ်ပျက်ပြီး နောက်ဆုတ်သွားတဲ့ အခြေ
အနေမျိုးဖြစ်နေတယ်။
ဒါ့ကြောင့် ဒီပွဲရှုံးတယ်လို့ ကျနော်ဆိုတာ ဖြစ်ပါတယ်။
(နောက်တကြိမ် ပြန်စနိုင်ရင် အခုအရှုံးကို ယာယီအရှုံးလို့ သတ်မှတ်ရမှာဖြစ်ပြီး နောက်တခါ ပြန်မစနိုင်တဲ့အထိ စိတ်ဓာတ်ပါ အညွန့်ကျိုးသွားခဲ့ရင်တော့ အပြီးအပိုင် ရှုံးနိမ့်သွားပြီလို့ ဆိုရမှာ ဖြစ်ပါတယ်။)

လူထုလှုပ်ရှားမှုတရပ်ဟာ ဘယ်လိုအခြေအနေမှာ ရှုံးတတ်သလဲ


လူထုလှုပ်ရှားမှုတခုဆိုတာ တော်ရုံတန်ရုံနဲ့ ရှုံးခဲလှတယ်။
လက်နက်အင်အား မတန်တဆနဲ့ ဖိနှိပ်ရင်တောင် ယာယီပဲ အရေးနိမ့်တယ်။ အမြဲမရှုံးဘူး။ စိတ်ဓာတ်မသေဘူး။ စိတ်ဓာတ်မသေရင် ယာယီ နောက်ဆုတ်ပေးလိုက်ရပေမယ့် နောင်အခါမှာ ပြန်ရှင်သန်တာပဲ။ လှုပ်ရှားမှု ရှေ့ဆက်ချီတက်တာပဲ။ ဗမာပြည်မှာ ဒီလို ဥပမာတွေ အများကြီးရှိတယ်။ သမိုင်းတလျှောက် ကျောင်းသားလှုပ်ရှားမှုတွေဟာ ဒီလိုနည်းနဲ့ လက်ဆင့်ကမ်း ချီတက်ခဲ့ကြတာပဲ။ ဖဆပလခေတ် အောက်တိုဘာ ကျောင်းတလပိတ် အရေးအခင်းတုန်းကလည်း ဖြိုခွဲနှိမ်နင်းတာ ခံခဲ့ရတာပဲ။ ဒါပေမယ့် စိတ်ဓာတ်သေမသွားဘူး။ စစ်အစိုးရ အာဏာသိမ်းတဲ့အချိန်မှာ ရှေ့ဆုံးကပဲ ပြန်ထွက်ကန့်ကွက် ဆန့်
ကျင်ခဲ့တာပဲ။
အဲဒီ ဇူလိုင် ၇ ရက် အရေးတော်ပုံကြီးမှာဆိုရင် ကျောင်းသား ရာကျော် သတ်ဖြတ်ခဲ့တယ်။ သမဂ္ဂအဆောက်အဦကြီးကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲပစ်တယ်။ လက်နက်အင်အားကို မတန်တဆ အစွမ်းကုန် သုံးပြလိုက်
တာပဲ။
အရက်စက်ဆုံး ချေမှုန်းနှိမ်နင်းတာပဲ။ ဒါပေမယ့် လူသာ ရာကျော် သေအောင် သတ်နိုင်လိုက်တယ်။ ခွပ်ဒေါင်းစိတ်ဓာတ်ကို မသတ်လိုက်နိုင်ဘူး။

ခွပ်ဒေါင်းစိတ်ဓါတ်ကို မသတ်နိုင်လို့ နောင်အခါမှာ အလုပ်သမားအရေးအခင်း၊ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့် ... စတဲ့ ကျောင်းသားလှုပ်ရှားမှုကြီးတွေ ဆက်လက် ပေါ်ထွက်လာခဲ့တယ်။
ဘာ့ကြောင့် ဒီလို ဆက်လက် ပေါ်ထွက်နေသလဲ။ စိတ်ဓာတ်ကို မသတ်နိုင်လို့။ မတရားမှုကို ခေါင်းငုံ့မခံဘူးဆိုတဲ့ စိတ်ဓာတ်ကို မသတ်နိုင်လို့။

၈၈ အရေးတော်ပုံကြီးမှာလည်း ကြည့်ပါ။
တနိုင်ငံလုံး နေရာအနှံ့အပြားမှာ လူတွေ အမြောက်အမြားကို ရက်ရက်စက်စက် သတ်တာပဲ။
အဲသလို သတ်ပြီးတဲ့နောက် နှစ်ပေါင်း ၂၀ ကျော်ကြာအောင် နည်းမျိုးစုံနဲ့ သတ်ဖြတ်တာတွေ၊ ထောင်ချတာတွေ၊ အဆိုးဝါးဆုံး နှိပ်စက်ညှင်းပန်းတာတွေ ရက်ရက်စက်စက် လုပ်တာပဲ။
လူထုက အလျှော့မပေးဘူး။ နှိပ်စက်တဲ့ကြား၊ သတ်ဖြတ်တဲ့ကြား၊ ထောင်ချတဲ့ကြားကနေ ဆက်လက်ပြီး တိုက်ပွဲ
ဝင်တော့ ၈၈ အရေးတော်ပုံကြီးရဲ့ နောက်ဆက်တွဲဟာ ဒီနေ့အထိ နိဂုံးမချုပ်နိုင်ဘဲ တိုက်ပွဲရေရှည်ခဲ့တယ်။

ဒီဥပမာတွေက ဘာကို ပြသလဲဆိုတော့ စိတ်ဓာတ်ကိုသေအောင်မသတ်နိုင်ရင် လူထုလှုပ်ရှားမှုတခုဟာ ဘယ်တော့
မှ မရှုံးဘူးဆိုတာကို ပြတယ်။

ဒီတော့ လူထုလှုပ်ရှားမှုတခုဟာ ဘယ်လိုအခါမှာ ရှုံးတတ်သလဲ။
လူထုကိုယ်တိုင်က အရှုံးကို လက်ခံသွားတဲ့အခါမျိုးမှာ ရှုံးတတ်ပါ တယ်။ လူထုကို အညံ့ခံ စိတ်ဓာတ်သွတ်သွင်းပေး
တာကို ခံရရင် ရှုံးတတ်ပါတယ်။
လူထုက သူတို့ လုပ်နေတဲ့ အလုပ်ဟာ မှန်မှမှန်ရဲ့လား တရားမှ တရားရဲ့လား။
ငါတို့ကို ကျန်တဲ့ ပြည်သူတွေကို ထောက်မှထောက်ခံရဲ့လား ဆိုပြီး ဇဝေဇဝါဖြစ်လာရင် တွေဝေလာရင် ရှုံးတတ်ပါ
တယ်။

အခု လက်ပံတောင်းဖြစ်စဉ်ကို ကြည့်ရင် ပထမ အစော်ကားခံရတယ်၊ အဓမ္မ မြေသိမ်းခံရတယ်။
ဒုတိယ မကျေနပ်လို့ ဆန့်ကျင်တောင်းဆိုတယ်။
တတိယအဆင့် အာဏာပိုင်ဘက်က ဖိနှိပ်၊ ဖမ်းဆီးညှင်းပန်းတယ်။
စတုတ္ထအဆင့် ဖမ်းထားတဲ့လူ ပြန်လွှတ်တယ်။

စာရင်းချုပ်ကြည့်ရင် လယ်သမားတွေဘက်က အလုပ်ပျက်တာ၊ အချုပ်ထဲ သွားအိပ်လိုက်ရတာ၊ လူပင်ပန်းတာ၊ ဆံ
ပင်ဆောင့်ဆွဲ ရိုက်နှက်တာတွေ ခံလိုက်ရတာတွေသာ အဖတ်တင်တယ်။ ဘာတခုမှ မရလိုက်ဘူး။
ဒါပေမယ့် ဒီမှာတင် ပွဲက ရပ်သွားတယ်။
ဒါ့ကြောင့် ဒီပွဲ ရှုံးတယ်။

လက်ပံတောင်း ဘာ့ကြောင့် ရှုံးရသလဲ


ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် လူထုဆန္ဒပြပွဲတွေမှာ အောင်ပွဲခံခဲ့တာတွေ အများကြီးရှိတယ်။
အထင်ရှားဆုံး အောင်ပွဲက မြစ်ဆုံအောင်ပွဲပါ။ ပြည်သူလူထုက သိပ်ညီညွတ်ကြတယ်။
စာပေအနုပညာ အသိုင်းအဝိုင်း၊ ပညာတတ်အသိုင်းအဝိုင်း၊ တိုင်းရင်းသားလူမျိုးစုအားလုံး ညီညီညွတ်ညွတ် အရေး
ဆိုနိုင်ခဲ့ကြလို့ မြစ်ဆုံ အောင်ပွဲခံနိုင်ခဲ့ကြတယ်။

တိုင်ယီ အလုပ်သမားသပိတ် အောင်ပွဲခံခဲ့တယ်။
တောင်းဆိုချက်အကုန်လုံး တခါတည်း မရပေမယ့် တော်တော်များများကို အလုပ်ရှင်ဘက်က လိုက်လျောခဲ့ရတယ်။ ဒါ အောင်ပွဲခံတာပါပဲ။ တောင်းဆိုချက်အားလုံး အကုန်တပြိုင်တည်း ရသွားတယ်ဆိုတာ ရှားပါတယ်။ အခုလောက်ရတာဟာ အောင်ပွဲခံတာပါပဲ။

မိုးထိမိုးမိ ရွှေလုပ်ငန်း ဆန္ဒပြပွဲ အောင်ပွဲခံခဲ့တယ်။
အလုပ်သမားတွေ၊ တပိုင်တနိုင်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်နဲ့ အာဏာပိုင်တွေဘက်က လိုက်
လျောခဲ့ရတယ်။
အခု စာချုပ်ချုပ်ပြီးမှ ကတိဖျက် သစ္စာမဲ့ပေမယ့် ဒါကို ဆက်တိုက်ပွဲဝင်ရင် နောက်ထပ် အောင်မြင်ဦးမှာပဲ။ ဒီလိုပွဲတွေဟာ အောင်ပွဲတွေဖြစ်ပါတယ်။

ဒါဆိုရင် သူများတွေ အောင်ပွဲခံပေမဲ့ လက်ပံတောင်း ဘာ့ကြောင့် ရှုံးရသလဲ

ကိုယ့်တပ်ကိုယ် ပြန်နင်းခံရလို့ လက်ပံတောင်းလှုပ်ရှားမှု ရှုံးရတယ်။
ခေါင်းဆောင်တွေ သစ္စာဖောက်လို့ လက်ပံတောင်းမှာ ရှုံးတယ်။
ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့စာချိုးနဲ့ ပြောရရင် ရန်သူကို ရန်သူဟူ၍ မမှတ်တဲ့အပြင်၊ ကိုယ့်တပ်ကို ပြန်ကာ
နင်းချင်တဲ့ ကမြင်းမ အကောင် ဗိုလ်တချို့ရယ်ကြောင့် ရှုံးနိမ့်ခဲ့ရတာပါ။

လယ်သမားတွေဟာ အားကြီးတဲ့သူက ဖိနှိပ်စော်ကားတာကို ခေါင်းငုံ့မခံဘဲ ရဲရဲတောက် စိတ်ဓာတ်နဲ့ ဆန့်ကျင်အာခံ
ခဲ့တာပါ။
သူရဲကောင်းစိတ်ဓာတ်မျိုးနဲ့ မတရားမှုကို တွန်းလှန်ခဲ့တာပါ။
ဒီလို လယ်သမား ဒီလိုလူထုမျိုးကို လွယ်လွယ်နဲ့ အရှုံးပေးခိုင်းလို့ မရဘူး။
ဒါပေမယ့် သူတို့ကိုယ်တိုင် လေးစားကြည်ညိုတဲ့ ခေါင်းဆောင်တွေက အရှုံးပေးခိုင်းတဲ့အခါ လယ်သမားတွေထဲ
မှာ တွေဝေသွားတယ်။
ဂျင်မီတို့ လာပြီး တရားရေအေးတိုက်ကျွေးပြီးနောက်မှာ လယ်သမားတချို့ အိမ်ပြန်သွားကြတယ်။ စည်းလုံးညီညွတ်မှု ပြိုကွဲသွားတယ်။ ရှေ့ဆက်တိုးချင်သူနဲ့ မတိုးချင်သူ အုပ်စုကွဲသွားတယ်။
ဒါ့ကြောင့် ဒီပွဲ ရှုံးသွားတာဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီပွဲအရှုံးရဲ့ နံပါတ်တစ် တရားခံဟာ ဂျင်မီ ခေါင်းဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ဖြစ်တယ်။ နံပါတ်နှစ် တရားခံဟာ ပုလဲမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင် ဖြစ်တယ်။ ဒီခေါင်းဆောင်တွေ သစ္စာဖောက်ပြီး လယ်သမားတွေကို ခင်ဗျားတို့ လုပ်တာမှားနေတယ်၊ နောက်ပြန်ဆုတ်ပါလို့
ပြောတဲ့အတွက် ဒီပွဲ ရှုံးရတာဖြစ်တယ်။
ရန်သူရဲ့ ဖိနှိပ်မှုကြောင့် မဟုတ်ဘဲ ကိုယ့်ခေါင်းဆောင်တွေ သစ္စာဖောက်လို့ ရှုံးရတာ ဖြစ်တဲ့အတွက် ဒီအရှုံးဟာ ရှက်စရာကောင်းတယ်။ ရင်နာဖို့လည်း ကောင်းတယ်။

တကယ်တော့ လက်ပံတောင်းအရေးဟာ ဒေသတွင်းအရေးထက် ပိုတယ်။
အမျိုးသားအရေးဖြစ်တယ်။
လက်ပံတောင်းတောင်ဟာ နိုင်ငံတော်ရဲ့ သယံဇာတ၊ နိုင်ငံတော်ရဲ့ အမွေအနှစ်ဖြစ်တယ်။ တန်ဖိုးမဖြတ်နိုင်အောင် ကြီးမားတယ်။ ဒီနိုင်ငံထဲက တောင်တလုံး ပျောက်ကွယ်သွားရင် ဒီဒေသတခုသာမက တနိုင်ငံလုံးကို ထိခိုက်တယ်။ ဒါ့ကြောင့် လက်ပံတောင်းအရေးဟာ တနိုင်ငံလုံးအရေး ဖြစ်တယ်။
ဒါကို ကျန်တဲ့ ပြည်သူတွေလည်း နားလည်တယ်။ စာပေနဲ့ အနုပညာသမားတွေ၊ ပညာရှင်တွေ၊ တိုင်းပြည်ကို ချစ်
မြတ်နိုးသူတွေ သဘာဝပတ်ဝန်းကျင်ကို မြတ်နိုးသူတွေက ပူးပေါင်းပါဝင်ကြဖို့ အသင့်ဖြစ်နေချိန်မှာ အရေးတော်ပုံကို အညွန့်ချိုးခံလိုက်ရတာ ဖြစ်တယ်။
လက်ပံတောင်းအရေးဟာ တကယ်တော့ မြစ်ဆုံလို နိုင်ငံလုံးအရေးဖြစ်ပြီး မြစ်ဆုံလို အောင်ပွဲခံရမယ့် အရေးတခုပါ။

ခေါင်းဆောင်တွေ ဘာ့ကြောင့် သစ္စာဖောက်သလဲ


ခေါင်းဆောင်တွေ အညာခံရလို့ သစ္စာဖောက်ကြတာ ဖြစ်ပါတယ်။
ခေါင်းဆောင်တွေ နိုင်ငံရေး မလေ့လာဘဲ၊ ဟိုပွဲတက် ဒီပွဲတက် ရုပ်ပုံဆွဲလိုက်၊ သီချင်းဆိုလိုက်၊ ခရိုနီနဲ့ပေါင်းလိုက် ကြံ့ဖွတ်နဲ့ပေါင်းလိုက် လုပ်နေကြတော့ နိုင်ငံရေး အ နေတယ်။ တုံးနေတယ်။
ခေါင်းဆောင်တွေ နိုင်ငံရေး တုံးလွန်း အလွန်းလို့ အခုလို သစ္စာဖောက်တဲ့ အလုပ်ကို လုပ်မိကြတာ ဖြစ်ပါတယ်။

အဓိက ပြဿနာက သူတို့ ၈၈ တွေဟာ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးကို အယုံလွန်နေကြတယ်။
တိုင်းပြည် ကယ်တင်ရှင်ကြီး ထင်နေတယ်။
ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ကိုလည်း သူတော်ကောင်း၊ ဘုရားဒကာ၊ ကျောင်းဒကာကြီးတွေလောက်နီးနီး စွတ်ပြီး အထင်ကြီးနေတယ်။

တကယ်တော့ ဦးသိန်းစိန်ဆိုတာ ၂၀၀၇ ခုနှစ်မှာ သံဃာတွေကို သတ်ခဲ့တဲ့ ဗိုလ်သိန်းစိန်ပါပဲ။ ဒီဘောင်းဘီချွတ်ဦးသိန်းစိန်က ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ပါမယ်၊ ပြုပြင်ပြောင်းလဲရေး လုပ်ပါမယ် ပြောသမျှကို သူတို့ ယုံကြတယ်။
တကယ်တော့ ဦးသိန်းစိန် ဘယ်လောက်ပဲ စကားအလှတွေသုံးသုံး၊ ဘယ်လို ပြောင်းလဲမှုတွေ လုပ်ပြနေနေ သူဟာ
အရင်အာဏာရှင်လက်ထက်တုန်းကလိုပဲ ညာမြဲညာနေတုန်းဆိုတာ သက်သေပြနေတဲ့စကားတွေကို တွေ့နေရသေး
တယ်။ 
ကျနော်တို့ အစိုးရဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရပါလို့ အကြိမ်ကြိမ် လိမ်ညာပြောဆို
နေတာကို မကြားချင်အဆုံး ခဏခဏ ကြားနေရတယ်။ 
အခြေခံဥပဒေကြီးဟာလည်း ပြည်သူလူထု ၉၀ ရာခိုင်နှုန်းကျော်က ထောက်ခံမဲပေးထားတဲ့ အခြေခံဥပဒေကြီးပါလို့ ထပ်ခါထပ်ခါ ပြောနေတုန်းပါပဲ။ 
ဦးသိန်းစိန်တင်မကဘူး၊ သူ့ လက်ဝဲရံ၊ လက်ျာရံ လုပ်နေကြတဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့လည်း ဒီလိုပဲ ညာနေ
ကြတာ ခဏခဏပဲ။ 
ဒီလိုညာပုံမျိုးဟာ လူမသိအောင် ညာတဲ့ ညာလုံးမျိုးတောင် မဟုတ်ဘူး။ 
အားလုံးသိနေမှန်း သိသိကြီးနဲ့ မျက်နှာပြောင်တိုက် ညာတဲ့ ညာလုံးမျိုးပဲ။ 
ဒီလိုညာလုံးမျိုးကို ညာတဲ့သူဟာ အာဏာရှင်လည်းဖြစ်မှ အရှက်အကြောက်လည်း ကင်းမှသာ ဒီလိုညာတဲ့ စကား
မျိုး ပြောနိုင်တယ်။ 
ဘာ့ကြောင့်လဲဆိုတော့ လူတွေ သိမှန်းသိရက်နဲ့ သိသိကြီးနဲ့ ညာတယ်ဆိုတာ အရှက်အကြောက်ကင်းဖို့ လိုအပ်သ
လို ပြည်သူကို စော်ကားရဲဖို့လည်း လိုအပ်နေလို့ပဲ။ 
သူတို့ ဗြောင်လိမ်နေတာဟာ မင်းတို့ ပြည်သူတွေကို လူ မထင်ဘူးလို့ ပြောနေတာ။
ဒါကို ပြည်သူတွေက သည်းခံနေရတယ် ဆိုတာကလည်း ဒီအစိုးရဟာ အာဏာရှင်အစိုးရပဲဆိုတာ သိနေသေးလို့ သည်းခံနေရတာ။
အဲ … သည်းမခံတဲ့လူဆိုရင်လည်း ဒီအစိုးရက ပြတ်ပြတ်သားသား နှိပ်ကွပ်နေတုန်းပဲ။
အဲသလို နှိပ်ကွပ်နေတဲ့ အကောင်းဆုံး ဥပမာတခုကို ပြောပြမယ်။

အဲဒီ ဥပမာကတော့ ကိုအေးလွင်တို့ အဖွဲ့ပါပဲ။
ကိုအေးလွင်တို့ဟာ သူတို့ စစ်အာဏာရှင်တွေကို အကျိုးပြုခဲ့ဖူးသူတွေပါ။
ကိုအေးလွင်တို့ လုပ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေး လှုပ်ရှားမှုတွေဟာ စစ်အာဏာရှင်တွေအတွက် အများ
ကြီး အကျိုးရှိခဲ့ပါတယ်။
ပြီးတော့ ကိုအေးလွင်တို့ဆိုတာ ၈၈ မျိုးဆက် မင်းကိုနိုင်တို့ အဖွဲ့ထက် အရင်အာဏာပိုင်တွေနဲ့ ပေါင်းခဲ့သူတွေပါ။ ဒါပေမယ့် ကိုအေးလွင်ကို ဒီနှစ်ထဲမှာတင်ပဲ ဖမ်းပြီး ထောင်ချခဲ့ပါသေးတယ်။
ဘာ့ကြောင့် သူ့ကို ဒီလို ဆက်ဆံတာလဲ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီ ညစ်တာတွေကို ထောက်ပြပြီး တရားစွဲခဲ့လို့ပါ။
၂၀၁၀ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်က ညစ်ပတ်တာတွေကို ခေါင်းငုံ့မခံဘဲ အမှန်တရားဘက်ကနေ ခုခံတိုက်ခိုက်တဲ့
နေရာမှာ ကိုအေးလွင်တို့ ပါတီဟာ ကျန်တဲ့ပါတီတွေအားလုံးထက် သာပါတယ်။
(ကျန်တဲ့ အပိုင်းတွေကို မဆိုလိုပါ။)
အဲသလို သာတဲ့အတွက် ကိုအေးလွင်ကို အငြှိုးထားပြီး ထောင်ချတာပါ။

အကြီးအကျယ် မဲခိုးမဲညစ်ထားတာကို ပြည်သူတွေ ကျနော်တို့ကို မဲပေးထားပါတယ် ပြောနေသမျှ၊ ၂၀၀၈ မှာ သေ
နတ်နဲ့ ထောက်ပြီး နာဂစ်မုန်တိုင်းကြောင့် လူတွေ သေကြ၊ ကြေကြတဲ့ ကြားက မတရားလုပ်သွားတဲ့ အခြေခံဥပဒေ
ကို ပြည်သူတွေ ထောက်ခံတဲ့အခြေခံဥပဒေပါ ပြောနေသမျှမှာ ဦးသိန်းစိန်ဟာ လူလိမ်လူညာဆိုတာ ထင်ရှားသိသာ
နေပါတယ်။

ဒီလို သိသာနေပါလျက် မင်းကိုနိုင်တို့ ၈၈ မျိုးဆက်တွေဟာ ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ကို ဘာ့ကြောင့် အယုံကြီး ယုံနေကြတာလဲ။
လိုအပ်ရင် ဓားထုတ်ပြမယ်လို့ ကြုံးဝါးပြီး ထောင်ကထွက်လာတဲ့ မင်းကိုနိုင်ဟာ ဘယ်လိုလုပ်ပြီး အောင်မင်းတို့ စိုး
သိန်းတို့ရှေ့မှာ သွားဖြီးလေးနဲ့ ယုန်ကလေး၊ သိုးကလေး ဖြစ်သွားတာလဲ။

ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ ကြံ့ဖွတ်အစိုးရနဲ့ ပြေလည်ချင်လွန်းနေလို့ပါ။ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကြံ့ဖွတ်နဲ့ တည့်မှ ရမှာလို့ ထင်နေကြလို့ပါ။
တဖက်သတ် အလျှော့ပေး အရှုံးပေးမှ ယုံကြည်မှုတည်ဆောက်လို့ ရမယ်လို့ ထင်နေလို့ပါ။

ဒါ့အပြင် သူတို့တသက်လုံးမှာ အစိုးရက သူတို့ကို သူခိုးဓားပြ၊ တေလေဂျပိုးတွေလိုသာ ဆက်ဆံတာကို ခံလာရတဲ့
သူတွေပါ (ဒါက သူတို့တင်မဟုတ်၊ နိုင်ငံရေးသမားအားလုံးကို အစိုးရက ဒီလိုဆက်ဆံတာပါ။)
အဲသလို အဆက်ဆံခံလာရတာကနေ ဝန်ကြီးအဆင့်က လူလူသူသူ စကားလာပြောတာကို ခံရတဲ့အခါ သူတို့ သိပ်
လူရာဝင်သွားပြီလို့ စိတ်ကြီးဝင်သွားကြပါတယ်။
ကျနော်တို့ အတိုက်အခံတွေဟာ သိပ်ဈေးပေါပါတယ်။ 
ဝန်ကြီးက စကားလာပြောရင် စိတ်ပြောင်းတတ်တယ်။
နိုင်ငံခြားကနေ ထောက်ပံ့ကြေးပေးပြီး သြဇာခံမွေးရင်လည်း ဈေးချိုချိုနဲ့ လူမွေးလို့ရတယ်။ 
ဒါတွေက အတွေ့အကြုံ သိပ်နုတာကို ဖော်ပြတဲ့ လက္ခဏာတွေပါ။

ဒါ့အပြင် ၈၈ အုပ်စုထဲက တချို့ဟာ ၂၀၁၅ မှာ ရွေးကောက်ပွဲဝင်ဖို့အတွက် အပေါစား မဲဆွယ်စည်းရုံးနည်းတွေကိုပါ သုံးလာတာမျိုးတွေတောင် တွေ့လာရတယ်။
လူပြိန်းကြိုက် စကားမျိုးတွေ သုံးပြီး ပြည်သူ့အကျိုးကို မကြည့်ဘဲ ကိုယ့်ကို လူကြိုက်ရေး မဲရရေးအတွက် ကြိုတင်မဲ
ဆွယ်တဲ့ လုပ်ရပ်မျိုးတွေ လုပ်လာတာ တွေ့ရတယ်။

ပိုဆိုးတာက သူတို့ဟာ အောက်ခြေပြည်သူလူထုနဲ့ ကင်းကွာနေတယ်။
အလုပ်သမားတွေကြားမှာ တကယ်ထဲထဲဝင်ဝင် နက်နက်နဲနဲ ဝင်ပြီးလေ့လာတဲ့သူ သူတို့ ၈၈ ထိပ်ပိုင်းမှာတယောက်
မှ မရှိဘူး။
အလားတူပဲ လယ်သမားအရေးကို ထဲထဲဝင်ဝင် ဝင်ရောက်လေ့လာတဲ့သူ သုတေသနပြုတဲ့သူလည်း သူတို့ ထိပ်ပိုင်း ၈၈ ထဲမှာ တယောက်မှ မရှိဘူး။
ဘယ်နိုင်ငံရေး အဖွဲ့အစည်းဖြစ်ဖြစ် အောက်ခြေလူထုနဲ့ ကင်းကွာရင်၊ အောက်ခြေလူထုအကြောင်းကို ထဲထဲဝင်ဝင် မလေ့လာရင် ပြည်သူ့ပါတီ မဟုတ်ဘဲ၊ လူ့မလိုင် ပါတီ (Elite Party) ဖြစ်သွားတတ်တယ်။ 
လူထုနဲ့ ထဲထဲဝင်ဝင် မဆက်ဆံဘဲ၊ နိုင်ငံရေးသမားတွေ၊ ပညာရှင်တွေ၊ အစိုးရ အဖွဲ့ဝင်တွေ၊ သံတမန်တွေနဲ့ပဲ တွေ့
ဆုံပြီး နိုင်ငံရေးလုပ်တဲ့ ပါတီဟာ လူ့မလိုင်ပါတီ (Elite Party) ပဲ ဖြစ်မှာပဲ။
အဲသလိုအဖွဲ့ အဲသလိုပါတီတွေဟာ အတွေးအခေါ်မှား ဝင်လာရင် ရပ်တည်ချက်မှားတာ (ဘက်မှားရပ်တာမျိုး) ကိုလုပ်တဲ့အထိ လွဲတတ်တယ်။
အခု လက်ပံတောင်းမှာ ၈၈ တွေ မှားတာဟာ အဲသလို ဘက်မှားရပ်တာပဲ။

အခုလက်ပံတောင်းကိစ္စဟာ သူတို့ဘက်မှားရပ်တာရဲ့ အထင်အရှားဆုံး သာဓက သက်သေဖြစ်ပေမယ့် သူတို့အမှား
ဟာ အခုမှ စတာ မဟုတ်ဘူး။ စနေတာ တော်တော်ကြာပြီ။
လှိုင်သာယာစက်မှုဇုန် အလုပ်သမားအရေးတွေမှာ အလုပ်သမားနဲ့ အလုပ်ရှင်ကြား၊ အလုပ်သမားနဲ့ အာဏာရှင်အ
ကြား ကြားနေ ရပ်တည်မယ်လို့ ပြောတာဟာ သူတို့ ဘက်မှားနေတာကို ပြတာပဲ။
အလုပ်သမားမှာ ငွေမရှိဘူး၊ အာဏာမရှိဘူး။ ငွေရှိတဲ့သူ၊ အာဏာရှိတဲ့သူတွေက အလုပ်သမားတွေကို မတရား
လုပ်နေကြတာဟာ သိပ်ထင်ရှားတယ်။
အလုပ်သမားတွေရဲ့ ဘဝအခြေအနေဟာ သူတို့ ထောင်ထဲမှာနေရတဲ့ အခြေအနေထက်တောင် ဆိုးတယ်။ သူတို့လေ့လာရင် ဒါကို သိမှာပဲ။ ဒါပေမဲ့ သူတို့ မလေ့လာဘူး။ မသိဘူး။
အလုပ်သမားတွေ တဖက်သတ် ခံနေရတာကို နားမလည်ဘဲ ကြားနေမယ် သွားလုပ်တယ်။
ဒီနေ့ အလုပ်သမားတွေဟာ သူတို့ကို အားမကိုးကြဘူး။ အားကိုးရာမဲ့တဲ့ အခြေအနေကို ရင်ဆိုင်နေကြရတယ်။

သူတို့ဟာ အစိုးရကို အစစအရာရာ အလျှော့ပေးပြေလည်မှ နိုင်ငံအတွက်ကောင်းမယ်လို့ ထင်နေကြတော့ အစစအ
ရာရာ ဦးသိန်းစိန် အကြိုက်၊ ဦးအောင်မင်းအကြိုက် လိုက်လျောဖို့သာ တွေးလာတယ်။
သူတို့အတွေးအခေါ်ဟာ အညံ့ခံရေး အတွေးအခေါ်၊ ဒူးထောက်ရေး အတွေးအခေါ်ဖြစ်လာတယ်။
သူတို့ဟာ ဒူးထောက်ရေး အတွေးအခေါ်ရှိသူတွေပီပီ၊ ဟန်ဝင်းအောင်တို့ ဝေဠုတို့လို တက်ကြွလှုပ်ရှားသူတွေကို ထိပ်တိုက်ရင်ဆိုင်ချင်သူတွေ၊ အတက်ကြွလွန်သူတွေလို့ထင်လာတယ်။

ဟန်ဝင်းအောင်တို့ ဝေဠုတို့ လုပ်တာနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ပျက်တော့မှာပဲ ဆိုတာမျိုးအထိ စိုးရိမ်ပူပန်လာကြ
တယ်။ သူတို့က ၂၀၁၅ မှာ လွှတ်တော်အမတ်ဖြစ်လာမယ်လို့ မျှော်လင့်ထားကြတာကိုး။ လက်ပံတောင်းလိုကိစ္စမျိုးဟာ လယ်သမားတွေ မတရားခံရလို့ လယ်သမားတွေ မခံနိုင်လွန်းလို့ တောင်းဆိုဆန္ဒပြ
ကြတာလို့ မရှုမြင်နိုင်တော့ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပျက်စီးစေမယ့်အရာလို့ မြင်လာတယ်။ ၂၀၁၅ ရွေးကောက်ပွဲကို ဖျက်ဆီးနေတဲ့ အရာပဲလို့မြင်လာတယ်။
ဒါ့ကြောင့် သူတို့ဟာ လယ်သမားဘက်မရပ်တော့ဘဲ ဦးစိုးသိန်း၊ ဦးအောင်မင်းဘက် ရပ်လာတယ်။ ဘက်မှားရပ်တည်မိလာတယ်။

အခုအချိန်ဆိုရင် ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ဟာ ၈၈ သူငယ်နှပ်စားလေးတွေ စာမတတ်
ကြတာကို ပြောပြီး နောက်ကွယ်မှာ အားရပါးရ ဟားနေကြလောက်ပြီ။
ဒါပေမယ့် ဒီဆောင်းပါးရေးပြီးချိန်မှာလည်း ၈၈ ဟာ အမြင်မှန်ရလာဖို့တော့ သိပ်မျှော်လင့်လို့ မရသေးဘူး။ ကြံ့ဖွတ်အစိုးရ မင်းသားမျက်နှာဖုံးကွာချိန်ကျမှ သူတို့ ဇာတ်ရေလည်လာကြလိမ့်မယ်။
အဲဒီအချိန်ဟာ သူတို့အနေနဲ့ ဘာမှ လုပ်လို့မရတော့တဲ့အချိန် အစစအရာရာ နောက်ကျသွားတဲ့ အချိန်လည်း ဖြစ်
နေပေလိမ့်မယ်။

လက်ပံတောင်း သင်ခန်းစာ


ဒီတော့ လက်ပံတောင်းသင်ခန်းစာကို ပြန်ချုပ်ရင် လက်ပံတောင်းလှုပ်ရှားမှု ရှုံးနိမ့်ရတာဟာ

၁။ လူထုကြားထဲကို အညံ့ခံ၊ အရှုံးပေးဝါဒ သွတ်သွင်းလာလို့ လူထုကိုယ်တိုင်က အလျှော့ပေးချင်လာလို့ စိတ်ပျက်
လာလို့ ရှုံးရတာဖြစ်တယ်။

၂။ လူထုကြားကို အညံ့ခံဝါဒ သွင်းလာသူတွေဟာ ခေါင်းဆောင်တွေ (၈၈ မျိုးဆက်တွေ) ဖြစ်တယ်။ ၈၈ မျိုးဆက်
တွေ သစ္စာဖောက်လို့ ရှုံးနိမ့်ရတာဖြစ်တယ်။

၃။ ၈၈ တွေ သစ္စာဖောက်တာဟာ သူတို့အပေါ်မှာ အညံ့ခံဝါဒ အတွေးအခေါ်မှား ဖုံးလွှမ်းနေလို့ ဖြစ်တယ်။

ဒါဟာ လက်ပံတောင်းကနေရတဲ့ ခါးသီးတဲ့ သင်ခန်းစာဖြစ်ပါတယ်။

ဒီနေ့အချိန်မှာ ကြံ့ဖွတ်အစိုးရဟာ နာမည်ကောင်း လိုချင်နေတယ်။ နိုင်ငံတကာရဲ့ အကူအညီတွေ လိုချင်နေတယ်။ အာရှမှာရော ကမ္ဘာမှာ လူရာဝင်ချင်နေတယ်။
ဒီလိုအချိန်မှာ ထစ်ကနဲရှိ ‘ပစ်’ ဆိုတဲ့ အကျင့်ဆိုးကို ထိန်းချုပ်နေရတယ်။
ဒီလိုအချိန်မျိုးမှာ အလုပ်သမား၊ လယ်သမားတွေကို မလွှဲမရှောင်သာ စကားပြောခွင့် ပေးလာရတယ်။
နှစ်ပေါင်းများစွာ ဒုက္ခတွေကို လည်စင်းခံလာရပြီး အကျပ်အတည်း ဆိုက်နေတဲ့ အလုပ်သမား၊ လယ်သမားတွေဟာ အခွင့်အရေးလေးရလာတာနဲ့ သူတို့လိုချင်တာတွေကို ထုတ်ဖော်တောင်းဆိုလာတယ်။
မတရားဖိနှိပ်တာတွေကို ဖွင့်ချပြောဆိုလာတယ်။
ဒါ့ကြောင့် ဖိနှိပ်တာတွေ ရှိနေသေးသမျှမှာ အလုပ်သမား။ လယ်သမားတွေရဲ့ လှုပ်ရှားမှုဟာ ဆက်ရှိနေဦးမှာပဲ။ ထပ်ပြီး ဖြစ်နေဦးမှာပဲ။
ထပ်ပြီး ဖြစ်သမျှမှာ မင်းကိုနိုင်တို့ ၈၈ တွေဟာ အလုပ်သမား၊ လယ်သမားတွေကို လိုက်တားနေဦးမှာပဲ။ အစိုးရအတွက်တော့ ပုလိပ်ကို လစာပေးပြီး သေနတ်နဲ့ ပစ်ခိုင်းရတာထက်၊ မင်းကိုနိုင်တို့ကို ဆယ်သိန်းပေးပြီး လိုက်တားခိုင်းရတာက ပိုပြီး တွက်ခြေကိုက်သလို ဖြစ်နေတယ်။

ဒီတော့ ကျနော်တို့ အဓိက လုပ်ရမှာက ရေသောက်မြစ်ဖြစ်တဲ့ အညံ့ခံ၊ အရှုံးပေးရေးဝါဒကို တိုက်ဖျက်ရမှာ ဖြစ်ပါ
တယ်။
အညံ့ခံဝါဒကို ပျက်စီးပျောက်ကွယ်အောင် တိုက်ဖျက်ချေမှုန်းလို့ မအောင်မြင်သေးတဲ့အချိန်မှာ အဲဒီအညံ့ခံဝါဒ လူ
ထုရှိရာ ရောက်မလာအောင် ကာကွယ်တားဆီးရမှာ ဖြစ်ပါတယ်။
အဲဒီအလုပ်ကိုမလုပ်နိုင်ရင် နောက်ပွဲတွေမှာ ဆက်ရှုံးပါလိမ့်မယ်။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
စက်တင်ဘာ ၁၇ ၂၀၁၂ ခုနှစ်

Copy from http://drlunswe.blogspot.com/2012/09/blog-post_972.html