တစ်နေ့ ခြေလှမ်း၁၀၀၀၀ (တစ်သောင်း)
By မင်းစိုးစံ
October 8, 2012
ကျုပ်ရဲ့ ဆရာဝန်က လမ်းများများလျှောက်ဘို့ ပြောထားလို့ အခုဆို ကျုပ်လမ်းလျှောက်နေတာရက်နည်းနည်း
လေး ရလာပြီဖြစ်ပါတယ်။
လမ်းလျှောက်နေရင်း ဆရာဝန်နဲ့ တွေ့တုန်းက အမေးအဖြေလုပ်ခဲ့တာလေး သတိရမိပြန်ပါတယ်။ ခင်ဗျားရဲ့ခြေထောက်တွေ ပူမနေဘူး ယောင်မနေတော့ဘူး။
နီနေတာလည်း မတွေ့ရတော့ဘူး။
ဖိလိုက်တဲ့အခါမှာလည်း အရင်တုန်းကလို အထိမခံတဲ့အထိ နာကျင်တာမျိုး မဖြစ်တော့ဘူး။
ဆေးကိုဆက်စားဘို့ လိုပါတယ်။
တနေ့ကို ခင်ဗျား ဘယ်လောက်လမ်းလျှောက်သလဲ။ လို့ဆရာဝန်ကမေးတော့ လမ်းကြားတခုစာ နှစ်ခုစာလောက် လျှောက်ပါတယ်လို့ ကျုပ်ဖြေလိုက်ပါတယ်။
ဒီတော့ ဆရာဝန်က
ခင်ဗျားဒီ ထက်ပိုပြီးလျှောက်ပါ နောက်တနှစ်ကြာလျင် ပြန်တွေ့မယ်။ ဆိုလို့ ကျုပ်ပြန်လာခဲ့ပါတယ်။
ဆရာဝန်ကို အမှန်အတိုင်းမပြောခဲ့ပါဘူး၊
ကျုပ်ဟာ အိမ်အပြင်ထွက်ပြီး လမ်းလျှောက်ဘို့နေနေသာသာ အိမ် ပေါ်ကနေ အိမ်အောက်ကိုမဆင်းခဲ့ပါဘူး။ လျှောက်လျင် လျှောက်တယ် မလျှောက်လျင် မလျှောက်ဘူးပေါ့၊ အခုတော့ ကျုပ်ရဲ့
ဝေဒနာကို ကုပေးတဲ့ ဆရာဝန်ကို ကျုပ်ညာခဲ့မိပါတယ်။
ဒီလိုအလိမ်အညာမျိုး ကျုပ်ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါလောက် ဘယ်လိုနေရာမျိုးတွေမှာ ဘယ်လိုအခြေအနေ မျိုးမှာ ဘယ်လိုလိမ်ညာပြောဆိုခဲ့ဘူးသလဲဆိုတာ ကျုပ်ကိုယ်ကျုပ်အသိဆုံးပါ။
ကျုပ်ကိုယ်ကိုရော ဘယ်နှစ် ကြိမ်လောက် လိမ်ခဲ့ဘူးသလဲ။ ပြန်စဉ်းစားလိုက်တဲ့အခါမှာ ကျုပ်ရင်ထဲဆို့လာပါတယ်။ လမ်းလျှောက်ချင်စိတ် တွေကုန်ခမ်းသွားပါတယ်၊ အိမ်ဘက်ကို ခြေဦးလှည့်လိုက်ပါတယ်။
ကျုပ်ရဲ့ဒုတ်ကောက်နဲ့ လူသွားလမ်းထိမိလို့ ထွက်လာတဲ့အသံဟာ ခါတိုင်းရက်တွေထက် ပိုပြီးကျယ်လောင်လာသ
လို ခံစားရပါတယ်။
ခဏကလေး ရပ်ပြီး စဉ်းစားကြည့်ပါတယ်၊ ကျုပ်အိမ်ကို ပြန်လာတာတော့ဟုတ်ပါပြီ အိမ်မှာ ကျုပ်ဘာလုပ်စရာရှိ
သလဲ၊ Computer ကိုဖွင့်မယ် Face book မှာ Comment တွေလျှောက်ရေးမယ် ပြီးတော့ ကော်ဖီသောက်မယ်၊ စိတ်ကြိုက် အစား တွေကို စားမယ်၊ စားပြီးတာနဲ့ Computer ရှေ့မှာ မိုးလင်းပေါက်အချိန်တွေကုန်မယ်။
ကျုပ်အဲဒီလို အချိန်တွေ ကုန်ခဲ့တာ အတော်ကိုကြာခဲ့ပါပြီ။
အလုပ်သွားနေတဲ့ဇနီး ကျုပ်ကို ဘာမျှမပြောပါဘူး၊ ကျောင်းတက်နေတဲ့ ကျုပ် သားလေး ပူညံပူညံမလုပ်ပါဘူး။ အလုပ်ကနေ ပြန်ရောက်လာတဲ့ သမီးကြီး ကျုပ်ကို မငြူစူပါဘူး။
အခုလို ကျုပ်လမ်းလျှောက်နေတာကို ကြည့်ပြီး သူတို့အားရ၀မ်းသာဖြစ်နေကြမယ်ဆိုတာ ကျုပ်သိပါတယ်။
မိသားစု စိတ်ချမ်းသာဘို့ ကျုပ်လမ်းလျှောက်ပေးဘို့ လိုပါတယ်။ ကျုပ်လမ်းဆက်လျှောက်ခဲ့ပါတယ်။
မကြာခင် မှာ နှင်းတွေကျလာတော့မယ်၊ ကျုပ်လျှောက်နေတဲ့ ဒီလမ်းကိုနှင်းတွေဖုံးသွားတော့မယ်။
အခန်းအောင်းရတော့မယ့်အချိန်က ကျုပ်အတွက်သိပ်မဝေးတော့ဘူး။ သို့ပေမယ့် မိသားစုစိတ်ချမ်းသာဘို့အတွက် ကျုပ် တခုခုလုပ်ဘို့ ကြိုတင်စဉ်းစားဘို့လိုနေပါပြီ။ ကျုပ်ဘာလုပ်ပေးနိုင်သလဲ။
ဒါကတော့ ကျုပ်မိသားစုအတွက် စဉ်းစားမိတာလေးပါ။
ကျုပ်လမ်းလျှောက်ရင်းနဲ့ တခုထပ်ပြီးစဉ်းစားမိတာက အခုကျုပ်လမ်းလျှောက်နေတာဟာ ကျုပ်မိသားစု တဒင်္ဂခ
ဏတာအတွက်လုပ်ပြနေတာလား ဒါဆိုလျင် ကျုပ်ရဲ့လုပ်ပုံကိုင်ပုံတွေက နှစ်ဦးနှစ်ဘက်တကယ်အကျိုးရှိရဲ့လား။
အဲဒီလိုပဲ ကျုပ်တို့ပြည်ထောင်စု မြန်မာနိုင်ငံ (ပြည်ထောင်စု ဗမာနိုင်ငံ) ငြိမ်းချမ်းရေး ရအောင်လုပ်နေကြတဲ့ ခေါင်း
ဆောင်တွေ တကယ်ပဲ ငြိမ်းချမ်းရေးရဘို့ အတွက်လား။ နိုင်ငံတကာက ရလာမယ့်အကူအညီအတွက်(မိသားစု
တဒင်္ဂစိတ်ချမ်းသာရေးအတွက် ကျုပ်လမ်းလျှောက်သလို) လုပ်နေကြတာများလား။
အခုဆို ကျုပ်တို့ကရင်အမျိုးသားအစည်းအရုံးအတွင်းမှာ ကွဲမလိုလိုပြဲသလိုလိုသတင်းတွေက တောမီးလိုပြန့်နေသ
လို ကရင်အဖွဲ့အစည်းအချို့ သဘောထားထုတ်ပြန်ချက်တွေထွက်လာတာ ကဗျာတွေဆောင်းပါးတွေကနေဝေဘန်
ရေးသားကြတာနဲ့ စိတ်ဓါတ်တွေကျနေကြတဲ့ အသံတွေကိုလည်း ကြားနေရ ဘတ်နေရပါတယ်။
ပထမဆုံး အမျိုးသားဆက်ဆံရေးရုံးဆိုတာလေးကနေ စပြီးကျုပ်တွေးကြည့်ပါတယ်။
ဗမာစစ်အစိုးရနဲ့ ကျုပ်တို့ ဆက်ဆံရေးရုံးဖွင့်တဲ့ရည်ရွယ်ချက်က ဘာအတွက်လဲ။ ကျုပ်အဓိကမြင်တာကတော့ နှစ်ဘက်ယုံကြည်မှုရဘို့အတွက်လို့မြင်ပါတယ်။ နှစ်ဘက်ယုံကြည်မှုဆိုတဲ့နေရာမှာ စစ်
တပ်တွေအပြောင်းအရွှေ့လုပ်တဲ့အခါ ပစ်ခတ်မှုမ ဖြစ်ဘို့တခုအတွက်ပဲဆိုလျင် တကယ်ယုံကြည်မှုရနိုင်ပါ့မလား၊ အဲ
ဒီအပစ်အခတ်ရပ်ထားရုံလေးနဲ့ ယုံ ကြည်မှုရ မယ်ဆိုလျင် ကချင်အဖွဲ့နဲ့ ဗမာစစ်အစိုးရ အခုလိုတိုက်ပွဲတွေ ဖြစ်လာ
စရာ အကြောင်းမရှိပါဘူး။
ဆက်ဆံရေးရုံးဆိုတဲ့အတွက် ကရင်ပြည်သူကောင်းကျိုးကို လိုလားတယ်ဆိုတာ ပေါ်ပေါ်ထင်ထင်ပြနိုင်ရပါလိမ့်မယ်၊
ပညာရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေး လွတ်လပ်စွာသွားလာခွင့် အဲဒါတွေကို
ပြနိုင်ပြီ အကောင်အထည်ဖေါ်နိုင်ပြီဆိုလျင် စောစောတုန်းကပြောခဲ့တဲ့ ယုံကြည်မှုတည်ဆောက်ရေးဆိုတာအဓိပ္ပါယ်
မဲ့စရာဘာအကြောင်းမျှ မရှိပါဘူး။
အခုတော့ ဆက်ဆံရေးရုံးလေးဖွင့်ပြလိုက်ပြီး လက်ဦးမှုရယူတဲ့ မရိုးသားတဲ့အလုပ်မျိုးကတော့ ကျုပ်တို့ကရင်လူထု
အတွက် ဘာဆိုဘာမျှ အကျိုးကျေးဇူးရှိလာမှာမဟုတ်ပါဘူး။ လုံးလုံးလျားလျား အကျိုးယုတ်တော့မှာပါ။
ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်က KNU ဆက်ဆံရေးရုံးဆိုင်းဘုတ်ကို ဖြုတ်ပစ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက သူ့ဆိုင်း ဘုတ်နဲ့အစားထိုးလိုက်တာကို ကြည့်လျင် KNU အပေါ် ဗမာစစ်အစိုးရက ဘယ်လိုသဘောထားတယ်ဆိုတာ သိ သင့်တာပေါ့။ အခုတော့ မဟုတ်ပေါင် ဆက်ဆံရေးရုံးဖွင့်ပေမယ့်KNU မှာ ဘာအစီအစဉ်မျှမရှိတဲ့အတွက် ကြံ့ခိုင် ဖွံ့ဖြိုးရေးက သူ့ရုံးသူပြန်တက်တာပါလို့ KNU ကိုယ်စားလှည်တယောက်က ပြောသွားခဲ့ပါရောလား။
အဲဒီတော့ မီးရထားဝန်ကြီးဦးအောင်မင်း သဘောတွေ့မနောခွေ့ပြီး ဘားအံမှာ KNLA တပ်မဟာများ ဆက်ဆံရေးရုံး ဆိုတာလုပ်လိုက်တော့ မခိုင်တဲ့အိုး ဒုတ်မိုးရုံနဲ့ကွဲလေသတည်းပေါ့။
KNU အတွင်းအဲဒီလိုဖြစ်တာကို မလိုလားဘူးဆိုပြီးပြော လိုက်တဲ့ ၀န်ကြီးဦးခင်ရီရဲ့အသံက ၀မ်းသာလုံးတွေဆို့နေ
ရှာတယ်။
ကျုပ်မေးကြည့်ချင်တာက ဘာဖြစ်လို့များ ဗမာစစ်အစိုးရကို ဘုရားတဆူလိုယုံလိုက်ရတာလဲဆိုတာနဲ့ ဘာကြောင့်
များ ဗမာစစ်အစိုးရဘက်က လိုက်ပြီးကာကွယ်ပြောနေရသလဲဆိုတာကိုပါ။
အပစ်အခတ်ရပ်စဲထားတာ တကယ်ငြိမ်းချမ်းရေးရဘို့အတွက်မဟုတ်ပဲ နောက်တိုက်မယ့် တိုက်ပွဲအတွက် အား ယူနေတာမျိုးသာဖြစ်တယ်လို့ ပြောတဲ့လူကလည်း ပြောနေကြပါပြီ၊ ဆက်ဆံရေးရုံးဖွင့်ထားတာ ငြိမ်း ချမ်းရေးအ တွက် ကရင်လူထုအတွက်တကယ်ဟုတ်မဟုတ် မှန်မမှန်ဆိုတာကို စမ်းသပ်ကြည့်တဲ့အနေနဲ့ နယ်စပ် ဂိတ်တွေ ကနေ တရားဝင်ကောက်ခံနေတဲ့ အကောက်အခွံကို သာတူညီမျှခွဲဝေပေးဘို့ လုပ်ကြည့်လိုက်လျင် အခြေအနေ မှန်တခုကို ရလာပါလိမ့်မယ်။
နောက်တခုက ကျုပ်တို့ကရင်တော်လှန်ရေးအဖွဲ့က ငွေတောင်းတာကို ဆက်ကြေး၊ ဗမာစစ်အစိုးရက ငွေတောင်း
တာကိုကျတော့ အခွံငွေ၊ ဆိုတဲ့အမြင်သဘောထားမျိုး ပြည်သူတွေမှာ ကင်းစင်သွားစေမှာဖြစ်ပါတယ်။
လူတယောက်ကျန်းမာကြံ့ခိုင်ဘို့ လမ်းလျှောက်တဲ့အခါမှာ သတ်မှတ်ထားတဲ့ ခြေလှမ်းအရည်အတွက်ရှိပါတယ်၊ လူတယောက်အနေနဲ့ တနေ့ကို ခြေလှမ်းပေါင်း ၁၀၀၀၀(တစ်သောင်း)လျှောက်ရပါမယ်။
ဒါဆိုလျင် ကျုပ်လည်း မိသားစုတဒင်္ဂစိတ်ချမ်းသာရေးအတွက် လမ်းလျှောက်ပြနေတာမဟုတ်ဘူးဆိုလျင် သတ်မှတ်
ထားတဲ့ တနေ့စာခြေလှမ်းကို ပြည့်အောင်လျှောက်မှ ကျုပ်တို့မိသားစု စစ်မှန်တဲ့စိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်း
နဲ့ ပြည့်စုံကြမှာဖြစ်ပါတယ်။
ကျုပ်ဟာ လမ်းလျှောက်တဲ့သူဖြစ်တဲ့အတွက် ကျုပ်ရဲ့ခြေလှမ်းတွေဟာ ပြည့်မှီမှန်ကန်မှုရှိဘို့ ကြိုးစားအားထုတ် ရမှာ
ဖြစ်ပါတယ်။ ဒီတော့ ကျုပ်ခြေလှမ်းဘယ်လောက် လှမ်းနိုင်ခဲ့သလဲဆိုတာ မိသားစုကိုပြောပြရမှာဖြစ်သလို ကျုပ်ခြေ
လှမ်းအရေအတွက်ကို မိသားစုတွေ စစ်ဆေးနိုင်ဘို့ ဘယ်နေရာကနေ ဘယ်အထိဆို ခြေလှမ်းပေါင်းက ဒီလောက်ရှိ
တယ်၊ အဲဒီကနေ အဲဟိုအထိလျှောက်ခဲ့တယ်၊ တိုးတက်မှုရှိလျင် ရှိတဲ့အလျှောက် မိသားစုတွေဝမ်းသာမယ်။
တိုးတက်မှုမရှိသေးဘူးဆိုလျင်လည်း မိသားစုတွေက သူတို့နည်းသူတို့ဟန်နဲ့ သူတို့အမြင်တွေ အတွေ့အကြုံတွေကို အကြံပေးလာတဲ့အပေါ် ကျုပ်ကကြိုးစားပြီးဆက်လျှောက်သွားမယ်ဆိုလျင် ကျုပ်တို့မိသားစုတတွေ စစ်မှန်တဲ့စိတ်၏
ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းကို နှစ်ဦးနှစ်ဘက်ပြည့်ပြည့်စုံစုံ ခံစားကြရမှာပါ။
ဟော တွေးရင်းတောရင်းနဲ့ အိမ်ရှေ့ကို ပြန်ရောက်တော့မှာပါလား။
ကျုပ်ခြေလှမ်းပေါင်း ဘယ်လောက်လှမ်းခဲ့ပါလိမ့်။
ကျုပ်မိသားစု ကျုပ်ကိုအကြံပေးနိုင်ဘို့ ကျုပ်ရဲ့ခြေလှမ်းအရေအတွက် အတိအကျကို သိဘို့လိုအပ်နေပါတယ်။
ကျုပ်တို့မိသားစု စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းအစစ်အမှန်ရဘို့ လမ်းလျှောက်တဲ့ကျုပ်မှာ တာဝန်ရှိတယ်
လို့ခံယူထားတာဆိုတော့ ကျုပ်ခြေလှမ်းအမှန်ရဘို့ နောက်ထပ်တခေါက်ပြန်လျှောက်သင့်ပါသလား။
ဒါမှမဟုတ် နားသင့်ပါသလား။
ဘာကြောင့်ပါလဲ။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)