ကရင်အမျိုးသားအစည်းအရုံးအတွင်း
စည်းရုံးရေးပြသနာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး
အပိုင်း (၁)
By အောင်းထူး (ရှေ့နေ)
ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) ၏ ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအား တာဝန်များမှ ထုတ်ပယ်လိုက် သည့် သတင်းများထွက်ပေါ်လာပြီးနောက် အဖွဲ့အစည်းအနေဖြင့် ကွဲပြဲတော့မည်လားဟူသော စိုးရိမ်ပူပန်မှုများ သည် စာရေးသူအပါအ၀င် လူထုအတွင်း အတော်ပင် ကြီးမားစွာ ဖြစ်ပေါ်လျှက်ရှိသည်။
အဘယ်ကြောင့်ပါနည်း။
ရှစ်လေးလုံးအရေးတော်ပုံကြီး ပြီးသည့်နောက် ထောင်ပေါင်းများစွာသော ကျောင်းသား၊ ပြည်သူများသည် တိုင်းရင်း
သား လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအခြေပြုရာ ဒေသများသို့လည်းကောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ
အခြေစိုက်ရာ ရှမ်းပြည်အရှေ့မြောက်ဒေသရှိ လွတ်မြောက်နယ်မြေသို့လည်းကောင်း ရောက်ရှိခိုလှုံခဲ့ကြရာစာရေးသူ
လည်း တဦးအပါဝင်ဖြစ်ခဲ့သည်။
လက်နက်ကိုင်တော်လှန်ရေးနှင့် အခြားနည်းလမ်းပေါင်းစုံသုံးပြီး စစ်အာဏာရှင်စနစ်အား ဆက်လက်တိုက်ပွဲဝင်ရန်
ကြိုးပမ်းခဲ့ကြသည်။
တော်လှန်လိုသည့် ကျောင်းသားများ၊ လူထုများအား ကောင်းမွန်စွာ လက်ခံကြိုဆို နေရာချထားပြီး တတ်နိုင်သမျှ
ကျွေးမွေးထောက်ပံ့ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအနက် ကေအင်ယူသည်
ရှေ့တန်းမှပါဝင်ခဲ့သည်။
မိမိအနေဖြင့် ကျေးဇူးရှင်သဘွယ်သဘောထားသတ်မှတ်ခဲ့သည့် အဖွဲ့အစည်းများအနက်တွင် ကေအင်ယူသည် ထိပ်တွင် ရှိသည်။
၁၉၉၉ မှ ၂၀၀၄ ခုနှစ် များတ၀ိုက်တွင် အရှိန်အ၀ါကြီးမားခဲ့သည့် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်ကို ဦးဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးမြ နှင့် တဖြေးဖြေးနှင့် အနီးကပ် ဆက်ဆန်မိရင်း ၄င်းသည် စစ်အစိုးရ အဆက်ဆက်
က ၀ါဒဖြန့်ခဲ့သလို လူဆိုး လူမိုက်ကြီး တဦးမဟုတ်ဘဲ သူရသတ္တိနှင့် ပြည့်စုံသည့် တော်လှန်ရေးသမားကြီး တဦးဖြစ်
မှန်းသိခဲ့သည်။ လေးစားချစ်ခင်ခဲ့သည်။
“ကိုယ့်လူမျိုးကို ချစ်တယ်ဆိုတာ အခြားလူမျိုးကို မုန်းဘို့မဟုတ်ဘူး ”
ဟူသည့် ၄င်း၏ ရိုးရှင်းသော လူမျိုးရေးအမြင်ဆိုင်ရာ သင်ကြားချက်ကို အမှတ်ရနေဆဲဖြစ်သည်။
အလားတူပင် ၁၉၈၉ ခုနှစ်နောက်ပိုင်းမှစ၍ ယနေ့အထိခေါင်းဆောင်လျှက်ရှိသော ကေအင်ယူခေါင်းဆောင်များ အပါအ၀င် မိမိနှင့်ဆက်ဆန်ထိတွေ့မိသမျှများမှာတနည်းမဟုတ်တနည်း လေးစားချစ်ခင်ဘွယ်ကောင်းသူများဖြစ်
ကြောင်းတွေ့ရသည်။
ကိုယ်ကျိုးစွန့်အနစ်နာခံလျှက် ကရင်အမျိုးသားအရေးသာမက မြန်မာအပါအ၀င် တိုင်းရင်းသားအားလုံးအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးတို့ အတွက် စွမ်းစွမ်း တမန် တိုက်ပွဲဝင်လျှက်ရှိသူများ ဖြစ်ကြောင်းတောက်လျှောက်လေ့လာခွင့်ရခဲ့သည်။
ယခု ဤ အစည်းအရုံးကြီးမှာ အကွဲ အပြဲဖြစ်တော့မည်လား ဟူသည့် စိုးရိမ်မှုသည် အခြားသူများထက် မလျော့နည်း
ဘဲ ခံစားမိလာသည်။ ဒေါက်တာ စင်သီယာမောင် ကဲ့သို့ နိုင်ငံရေး လုပ်ငန်းများနှင့် မစွက်ဘက်ဘဲ ဆေးပညာသန့်
သန့် ဖြင့် လူထုအကျိုးပြုလုပ်ငန်း လုပ်နေသူကပင်လျှင် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖေါ်ချက်ကို လေ့လာနိုင်ပါသည်။
ကေအင်ယူ၏ လက်ရှိ ဥက္ကဌဖြစ်သူ စောတာမလာဘောမှာ အသက်ကိုးဆယ် အတွင်းရောက်လာခဲ့ပြီး မြန်မာနိုင်ငံ သမိုင်း၏ တစိပ်တပိုင်း အဖြစ် လည်းကောင်း၊ ကရင်အမျိုးသား အစည်းအရုံးသမိုင်းတွင် အဓိကျသော နေရာများ မှ လည်းကောင်းပါဝင်ခဲ့သူဖြစ်သည်။
တိုင်းရင်းသားတော်လှန်ရေး သမိုင်းတွင် ရှားပါးပစ္စည်းဟု ပြောနိုင်သည်။
အိုကြီး အိုမ ရောက်လာသည့် အချိန်အထိ စိတ်ဓါတ်၊ ဇွဲ၊ အားမန် တချက်မျှမလျှော့ဘဲ အဖွဲ့အစည်းကို ဆက်လက် ဦးဆောင် မှုပေးလျှက်ရှိသည်။
ရုပ်ခန္ဓာကိုယ်အရ မစွမ်းသန်တော့သော်လည်း နိုင်ငံရေးအမြင်များကျယ်ပြန့်ပြီး ကောင်းမွန်ဖြောင့်မတ်စွာ စဉ်းစားနိုင်
သူလည်း ဖြစ်သည်။
ဥက္ကဌကြီး စောတာမလာဘော တရက်တာမျှ ဆက်လက် အသက်ရှည်ကျမ္မာလျှင် ကရင်အမျိုးသားများ အတွက် သာမက ပြည်ထောင်စုတခုလုံးအတွက်ပါ တရက်ပိုပြီး အကျိုးရှိသည်ဟု စာရေးသူ ခံယူပါသည်။ အထုတ်ခံလိုက်ရပြီဟု သတင်းထွက်လာသော ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးမှာလည်း ယခုလက်ရှိ ကေအင်ယူ ခေါင်း
ဆောင်များအတွင်း ဥက္ကဌကြီး စောတာမလာဘောပြီးလျှင် အသက်အကြီးဆုံးဟု ပြောရပါမည်။ အသက်ရှစ်ဆယ်မျှ ရှိနေပါပြီ။ နှစ်ပေါင်းခြောက်ဆယ်ခန့်မျှ တော်လှန်ရေးအတွက် ပေးဆပ်လာခဲ့ရသူဖြစ်သည်။ ကိုယ်ကျင့်တရား နှင့် စာရိတ္တကောင်းမွန်၊ အနေအထိုင် ရိုးရှင်း၊ အသောက်အစားကင်းရှင်းပြီး စိတ်ထား နှိမ့်ချသူဖြစ်သည်။
ယခုအသက် အရွယ်ရောက်သည်အထိ ကျမ္မာရေးကို ဒေါင်ဒေါင်မြည်အောင် ထိမ်းထားနိုင်ကာ အောက်ခြေတပ်ထု
များအကြားသို့  ခြေလျှင်ခရီး အကြိမ်ပေါင်းများစွာဆင်းပြီး အနီးကပ် ကွပ်ကဲအုပ်ချုပ်မှုပေးနိုင်သူဖြစ်သည်။
ယခု ဤခေါင်းဆောင်ကြီးများအတွင်း မည်သို့ ဖြစ်သွားခဲ့ကြပြီနည်း။
ကေအင်ယူ ခေါင်းဆောင်များ ညံ့ဖျင်း၍ ဤသို့ဖြစ်ရသည်ဟု အလွယ်တကူ ကောက်ချက်မချသင့်ပါ။
ဤဖြစ်ရပ်ကို နားလည်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ နိုင်ငံရေး နောက်ခံအကျဉ်းကို ပြန်လည်မိတ်ဆက်တင်ပြပါ
မည်။
ကရင်အမျိုးသားများအပါအ၀င် တိုင်းရင်းသားတွေ ဘာကြောင့် ခုခံစစ်ကို ဆင်နွှဲနေကြရသလဲ။
ကိုမင်းကိုနိုင် ကချင်ပြည်နယ်အတွင်း လေ့လာရေးခရီးစဉ်မှ ပြန်လာပြီးနောက်
“အမြှောက်ဆန်တလုံးကို ကျပ်သိန်းသုံးဆယ် လောက်တန်တာတွေနဲ့ တဘက်နဲ့တဘက် ပစ်နေကြသဗျာ။
အဲသည်ငွေတွေကို လူထုကျမ္မာရေးအတွက် ဆေးပေးခန်းတွေဖွင့်တာ၊ လူထုပညာရေးအတွက် စာသင်ကျောင်း
ဆောက်တာတွေမှာ သုံးရင် ဘယ်လောက်ကောင်းမလဲ”
ဟု မှတ်ချက်ပြုခဲ့ဘူးပါသည်။
ကိစ္စရပ်တိုင်းတွင် အကြောင်းနှင့် အကျိုး (Cause and Effect) ဟူ၍ ရှိသည်။
အကျိုးအရ ပြောလျှင် ကိုမင်းကိုနိုင်၏မှတ်ချက်မှာ သွေးထွက်အောင်မှန်ပါသည်။ သာမန်အားဖြင့်ကြည့်လျှင် ငွေတွေကို အလွယ်တကူ ဖြုန်းနေကြသည်ဟု မြင်နိုင်သည်။
သို့ရာတွင် အကြောင်းရင်းကို စစ်ကြောဘို့ လိုပါမည်။ ဘာကြောင့် တိုင်းရင်းသားတွေ က ဤသို့ခုခံစစ်ဆင်နွဲနေရ
သည်၊ ဘက်နှစ်ဘက် ဖြစ်ပွားနေကြသော ဤစစ်ပွဲတွင် မည်သည့်ဘက်၌ တာဝန်ရှိသည် စသည်တို့ကို လေ့လာဘို့
လိုပါမည်။
ပြည်ထောင်စုတည်ဆောက်ရာတွင် တိုင်းရင်းသားလူမျိုးများအတွင်း တန်းတူခံစားခွင့်ရရှိရေးနှင့်စပ်လျှဉ်း၍ ဗိုလ်ချုပ်
အောင်ဆန်းက “ ကရင်တကျပ် မြန်မာတကျပ် ” ဟူ၍ သုံးနုန်းသွားခဲ့ဘူးသည်။
နှစ်ပေါင်း ခြောက်ဆယ်ကျော် ခဲ့ပြီဖြစ်သော်လည်း ဤစံထားသည့် အသုံးအနုန်းလက်တွေ့ဖြစ်လာရေးမှာ အိပ်မက် အဆင့်ထက် မပိုသေးပါ။
တိုင်းရင်းသားလူမျိုးစုများသည် ၄င်းတို့ရသင့်သည့် စုပေါင်းအခွင့်အရေးဖြစ်သော “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်း
ခွင့်”အတွက် ခုခံစစ်ဆင်နွှဲနေ ကြရခြင်းဖြစ်သည်။
“ ခွဲထွက်ပြီး သီးခြားနိုင်ငံ” များ တည်ထောင်ရန်တိုက်ပွဲဝင်နေကြခြင်း မဟုတ်ပါ။
“တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ” မရမချင်းတော့ ၄င်းတို့၏ နိုင်ငံရေးအသံကို တပြည်ထောင်လုံးကြားသိစေ
မည့် ခုခံစစ်ကို ရပ်ကြမည်မဟုတ်ပါ။
အောက်တိုဘာလ ခုနှစ်ရက်နေ့တွင် ဒီမိုကရက်တစ်မြန်မာ့အသံ ရုပ်မြင်သံကြား အစီအစဉ်မှ မွန်၊ ရခိုင်၊ ချင်း အမျိုး
သားလွှတ်တော်ကိုယ်စားလှယ် သုံးဦးနှင့် အင်တာဗျူးကို ထုတ်လွှင့်သွားခဲ့သည်။
၎င်းတို့က ထိမ်းထိမ်းသိမ်းသိမ်းပြောသွားခဲ့သော်လည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင် တိုင်းရင်း
သားတော်လှန်ရေး အဖွဲ့အစည်းများ လိုလားမြှော်မှန်းသည့် “ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ” မရနိုင်ကြောင်း ရှင်းရှင်းကြီးပေါ်နေပါသည်။
တိုင်းရင်းသားတွေက သူတို့ပြည်နယ်မှာ သူတို့နေနေကြပါသည်။ စာရေးသူကဲ့သို့ လူများစု “ မြန်မာ ” လူမျိုးအ
များစုကြီးနေထိုင်သည့် နိုင်ငံအလယ်ပိုင်း မြေပြန့်ဒေသကြီး၏ “ နေပြည်တော် ” ကို သွားရောက်ထိုးစစ်ဆင် တိုက်
ခိုက်နေခြင်း မဟုတ်ပါ။
သို့ဖြစ်၍ စစ်ပွဲတွေ မဆင်နွှဲပါနှင့်တော့၊ ရပ်ပါ ဟု မည်သူ့ကို ဖိအားပေးရမည်နည်း။
“နေပြည်တော်” ကို ဗဟိုပြုပြီး ရွှေနန်းတော်ကြီးဖြစ်လာအောင် တထီးတနန်းတည်ဆောက်နေသည့် စစ်ခေါင်း
ဆောင်များကိုသာ ပြောရမည်ဖြစ်သည်။
အမေရိကန်ဒေါ်လာ သန်းထောင်ဂဏန်း တချို့ကို အသုံးပြု၍ နေပြည်တော်ကြီး တည်ဆောက်သော ငွေမှာ စစ်
ခေါင်းဆောင်များ ချွေးနည်းစာဖြင့် ရှာဖွေရရှိထားသော ငွေမဟုတ်ပါ။ တိုင်းရင်းသား ဒေသများမှ အဓိကအားဖြင့် ထွက်ရှိသည့် သဘာဝသယံဇာတ ပစ္စည်းများအားရောင်းချ၍ ရရှိငွေနှင့် တည်ဆောက်ထားခြင်းဖြစ်သည်။
ပြည်ထောင်စုအတွက် မြို့တော်ရန်ကုန်ရှိပါလျှက် မလိုအပ်ဘဲ “နေပြည်တော်” တည်ဆောက်မည့်ငွေများအား တ
ပြည်လုံး လူထုကျမ္မာရေး၊ ပညာရေးလုပ်ငန်းများတွင် သုံးမည်ဆိုပါက မည်မျှအကျိုးရှိနိုင်မည်မှာ ရှင်းနေသည်။
မြန်မာလူမျိုးအများစုအခြေပြုသည့်နေရာတွင် တည်ဆောက်သည့် မြို့သစ် “နေပြည်တော်” နှင့် ကရင်ပြည်နယ်
၏ မြို့တော် ဖါးအံကို နိုင်းယှဉ်ကြည့်ပါ။ အဆ တထောင်နှင့် တဆမျှ မက ကွားခြားနေပါသည်။
“ကရင်တကျပ် မြန်မာတကျပ် ” မူ၏ လက်တွေ့သည် အဘယ်မှာနည်း။
ယင်းသို့ဖြစ်နေသမျှ တိုင်းရင်းသားများ၏ ခုခံစစ်ကို ရပ်ကြပါဟု မည်သို့ပြောရက်နိုင်မည်နည်း။
ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်စေလိုလျှင် တိုင်းရင်းသားဒေသများသို့ စစ်ပွဲများ သွားရောက်ဆင်နွှဲနေမည့်
အစား တိုင်းရင်းသားများ တောင်းဆို နေကြသည့် “ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ” ပေးအပ်နိုင်ရေးအတွက်
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကို ပြင်လိုက်ပါ ဟု သာ နေပြည်တော်ရှိ စစ်ခေါင်းဆောင်များကို ဖိအားပေးရမည်ဖြစ်သည်။
တိုင်းရင်းသားများအတွက် စုပေါင်းအခွင့်အရေးဖြစ်သော “တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ”၊ နိုင်ငံသားများ၏ တဦးချင်း အခွင့်အရေးဖြစ်သော နိုင်ငံရေးလွတ်လပ်ခွင့်များရရှိပါက စစ်ပွဲများရပ်သွားမည် မုချဖြစ်သည်။ သို့မဟုတ်
လျှင် ပြည်တွင်းစစ်ကို ငြိမ်းသတ်နိုင်ရေးအတွက် ဗမာပြည်ကွန်မြူနစ်ပါတီက တင်စားသုံးနုန်းသွားသကဲ့သို့ “ငြိမ်းမရ
သည့် မီးတောက်မီးလျှံ ”သာ ဖြစ်နေပါဦးမည်။
ကရင်အမျိုးသားအစည်းအရုံးသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးချိန်မှစ၍ ယနေ့အထိ ခုခံစစ်ကို တောက်လျှောက် ဆင်နွှဲလျှက်ရှိသည်။ အခက်အခဲမည်မျှ ကြီးမားမည်ကို မှန်းဆနိုင်ပါသည်။
ဤနောက်ခံမှ စတင်၍ ကရင်အမျိုးသားအစည်းအရုံး၏ စည်းရုံးရေးပြသနာကို ချည်းကပ်မှသာ သိမြင်မှုရှင်းလင်း
နိုင်ပါမည်။
စစ်အစိုးရ၏ အပစ်အခတ်ရပ်စဲရေး မဟာဗျူဟာကို ကျော်လွှားနိုင်ရန် ကြိုးပမ်းခြင်း ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေး
တော်ပုံကြီး ဖြစ်ပွားနေသည့်အချိန်အထိ စစ်အာဏာရှင်စနစ်ကို စစ်ရေးအရ ထိထိရောက်ရောက် တုန့်ပြန်နိုင်ခဲ့သည်
မှာ မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းတွင် လွတ်မြောက်ဒေသတည်ထောင် ခဲ့သည့် ဗမာ ပြည်ကွန်မြူနစ်ပါတီဖြစ်သည်။
ရှစ်လေးလုံးပြီးသည့်အချိန်တွင် အဆိုပါလွတ်မြောက်ဒေသသည် ကြီးထွား ကြံ့ခိုင်ဆဲဖြစ်သည်။
ခုနှစ်တွင် ဗမာပြည်ကွန်မြူနစ်ပါတီအား ၀ တပ်များက အာဏာသိမ်းကာ မောင်းထုတ်ခဲ့ပြီးနောက် စစ်အစိုးရသည် အခွင့်ကောင်းယူကာ ၀ပြည်သွေးစည်းရေးပါတီ (၀သပ) နှင့် အပစ်အခတ်ရပ်စဲရေး လုပ်ခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ အားကောင်းစဉ်က တောင်းဆိုခဲ့သည့် ပါတီ၊ ပြည်သူ့တပ်မတော်နှင့် လွတ်မြောက်ဒေသ အား အသိအမှတ်ပြုရေး ဆိုသည်များအား စစ်အစိုးရကလက်မခံခဲ့။
ဝသပ ကိုမူ အဆိုပါ အချက်သုံးချက်စလုံးအား ပေးအပ်ကာ အပစ်ရပ်စေလိုက်သည်။ ထို့နောက်အရှေ့မြောက်ဒေသတွင် ကွန်မြူနစ်ပါတီနှင့်ဆိုင်ထားခဲ့သည့် တပ်များအနက် တပ်ရင်းအတော်များများကို ရှမ်းပြည်မှ ထုတ်နုတ်ကာ ကရင်ပြည်နယ်အတွင်းသို့ ပို့လွှတ်၍ ကေအင်ယူအမျိုးသားအစည်းအရုံးနှင့် တပ်ပေါင်းစု က ဦးဆောင်တည်ထောင်ထားခဲ့သည့် မာနယ်ပလော လွတ်မြောက်နယ်မြေကို ထိုးစစ်ကြီးများဆင်နွှဲပါတော့သည်။
လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေကြသော်လည်း တော်လှန်ရေးအဖွဲ့အစည်းများသည် စစ်လိုလားသူများ မ
ဟုတ် ပြည်တွင်းငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းလမ်းဖြင့် တည်ဆောက်လိုကြသည်။
မာနယ်ပလောကို ခုခံကာကွယ်သည့် ထိုး စစ်ကြီးများအား ရင်ဆိုင်ရင်း မြန်မာပြည်ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့
ချုပ်သည် အတုအယောင် အပစ်အခတ်ရပ်စဲရေးကို ကျော်လွှားပြီး စစ်မှန်သည့်ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်
နိုင်ရန် ၁၉၉၀ ခုနှစ်တွင် (တဖွဲ့ချင်းမဟုတ်ဘဲ) တပ်ပေါင်းစုနှင့် တွေ့ဆုံဆွေးနွေးရေးမူကို ချမှတ်ခဲ့သည်။
တဖွဲ့ခြင်း ခွဲထုတ် စည်းရုံးသွားမည့် အန္တရယ်ကို ကာကွယ်ရန် ဖြစ်သည်။
ဤမူအပေါ်တွင် တော်လှန်ရေးအဖွဲ့အစည်းများသည် ကာလအတန်ကြာမျှ တောင့်ခံရပ်တည်နိုင်ခဲ့ကြသည်။
ဝသပ အပစ်ရပ်သွားခဲ့သော်လည်း ကျန်သည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းကြီးငယ်များ အားလုံးနီးပါးမှာ မာနယ်ပလောကို အခြေပြုနေသည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစုနှင့် မြန်မာပြည်ဒီမိုကရက်
တစ် မဟာမိတ်အဖွဲ့ချုပ်တို့၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) က ကျောရိုးတရပ်အဖြစ်ပါဝင်လျှက် လွတ်မြောက်နယ်မြေကို ခုခံကာကွယ်သည့် စစ်ပွဲကြီးများအား အောင်မြင်စွာဆင်နွှဲနိုင်ခဲ့ကြသည်။
မာနယ်ပလော တပ်ပေါင်းစု၏ တော်လှန်ရေးအလံ တလူလူလွှင့်ထူနိုင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် စစ်အစိုးရ၏အရှေ့
တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှုး ဗိုလ်ချုပ်မောင်လှ က တဘက်သတ် အပစ်အခတ်ရပ်စဲရေး ကြေငြာခဲ့ရသည်။
ဤသည်မှာ ငြင်း၍မရသော သမိုင်းဖြစ်သည်။
စစ်အစိုးရသည် စစ်ရေးဖြင့် ထိုး၍မရသောအခါ နိုင်ငံရေးလှည့်ဖြားမှုကို အရှိန်မြှင့်ပြီး ချော့မြူလာပြန်သည်။
တဘက်တွင်လည်း ကြောင်ဖြူ တာ မဲတာက အဓိက မဟုတ်၊ ကြွက်သေဘို့ က အဓိက ဖြစ်တယ် ဟူသော ဥပမာ
အောက်တွင် တရုပ်ပြည်၏စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုကိုသာ ဇောင်းပေးဖေါ်ဆောင်လိုသည့်တရုတ်ခေါင်းဆောင်ကြီး
တိန့်ရှောင်ဖိန် တံခိုးထွားလာခဲ့ပြီးနောက် တရုတ်ပြည်သည် မြန်မာနိုင်ငံအား ကုန်သွယ်မှုနှင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှု များတွင်သာ စိတ်ဝင်စားမှုပိုလာခဲ့သည်။
စစ်ပွဲများကို မမြင်လိုတော့။ တရုတ်မြန်မာနယ်စပ် အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်း များအပေါ် ဖိအားများ
လည်း ကျရောက်လာပုံရှိသည်။
ဤအခြေအနေနောက်ခံများအောက်တွင် မြန်မာပြည်ဒီမိုကရက် တစ်မဟာမိတ်အဖွဲ့ချုပ်အတွင်း ဒုတိယ အင်အား
အကြီးဆုံးဟု ပြောနိုင်သည့် ကချင်အမျိုးသားအစည်းအရုံး (ကေအိုင်အို က စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး
လုပ်သွားသောအခါ တပ်ပေါင်းစုအင်အားချည့်နဲ့သွားခဲ့ရသည်။
ကေအင်ယူအတွင်းရှိ ကရင်ဗုဒ္ဓဘာသာဝင် ရဲဘော်၊ တပ်မှုးအချို့၏ ဘာသာရေးအခြေခံမကြေနပ်မှုကိုစစ်ထောက်
လှန်းရေး က အသုံးချ၍ ဒီကေဘီအေ ပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးလိုက်နိုင်ပြီးနောက် မာနယ်ပလောကို အသက်ပေး ခုခံကာကွယ်ခဲ့ကြသော ကရင်ရဲဘော်အချို့ကိုယ်တိုင် လမ်းပြခေါ်ဆောင်လာမှုဖြင့် ၁၉၉၄ ခုနှစ် နှစ်
ကုန်ပြီးနောက်တွင် စစ်အစိုးရလက်တွင်းသို့ သက်ဆင်းသွား ခဲ့ရပါတော့သည်။
သို့ရာတွင် ကရင်အမျိုးသား အစည်းအရုံးသည်ကျဆုံး မသွားဘဲ ခံစစ်သေဆင်နွှဲသည့် အနေအထားမှ ပျောက်ကြား
စစ်မဟာဗျူဟာကို ပိုမို ဇောင်းပေးကျင့်သုံးရင်း ခုခံစစ် ကို ဆက်လက်ဆင်နွှဲပြီး ကြံ့ခိုင်စွာ ရပ်တည်လာနိုင်ခဲ့သည်
မှာ ယနေ့တိုင်ဖြစ်သည်။
တချိန်တည်းတွင် ကရင်အမျိုးသား အစည်းအရုံး လက်ရှိရင်ဆိုင်နေရသော စည်းရုံးရေးပြသနာကို တပြည်လုံးပြည်
တွင်းစစ်နောက်ခံ၊ စစ်အစိုးရ အဆက်ဆက်၏ ခွဲခြား ဖဲ့ထုတ် လွှမ်းမိုးရေးမူ၊ အခြားသော တိုင်းရင်းသား လက်နက်
ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ ရပ်တည်မှု၊ ပြည်တွင်း လူထု၏ ဖိအား စသည်များနှင့် ဆက်စပ်စဉ်းစားမှသာ ရုပ်လုံး ပေါ်နိုင်မည် ဖြစ်ကြောင်း တင်ပြလိုခြင်း ဖြစ်သည်။
အပိုင်း (၂) ကို ဆက်လက်ဖတ်ရှုပါရန်
အောင်းထူး (ရှေ့နေ)
အောက်တိုဘာလ (၈) ရက် ၂၀၁၂ ခုနှစ်