Source Photo from http://www.google.com/images
ရောဂါဆန်း နဲ့ ကုထုံးဟောင်း
By (မင်းစိုးစံ)
December 28. 2012
Friday
နည်းသစ်ဆေးပညာ
မသိခဲ့ရတဲ့ အဘိုးရဲ့ခေတ်
မြွေဆိုးပဲ ကိုက်ကိုက်
ကင်းမြီးကောက်ပဲ ထိုးထိုး
ဘယ်လိုအရိုးမျိုးပဲ စူးစူး
အနံ့ဆိုးနဲ့ ပြည်တည်နာ
ချေး(ချီး)ပမ်းတာပဲ ဖြစ်ဖြစ်
မန်းရေ တစ်ခွက်ထဲနဲ့
အဘိုး ကုခဲ့တယ်။
ဆေးပညာနည်းသစ်
အဘိုးခေတ်မှာ မရှိခဲ့တော့
အရိုးကျိုးသလား
ဓါးခုတ်ဒါဏ်ရာလား
အနာစိမ်းပေါက်နေလား
မီးလောင်နာလောက်တော့ မမှု
မန်းဆီ တစ်ခုတည်းနဲ့
အဘိုး ကုခဲ့တယ်။
ဒါတင်မက,
လျှာမှာ အပူဖုပေါက်လို့
အစာစားဘို့ မဆိုထားနဲ့
ရေလေးတောင်မမျိုနိုင်တဲ့ လူနာ
ယူလာစမ်း မြေအိုးစလောင်းဖုံး
ပက်လက်လှန်ပြီး နှမ်းဆီထည့်
တတွတ်တွတ်နဲ့ မန်းချ
အဘိုး ကုလို့ရ,တယ်။
ဒီ့ထက်ကဲပိုတာ
ပြောပြပါဆိုလျင်
အာဏာလုဘက်
စီးပွါးဘက် ပြိုင်
ရည်းစားပြိုင်လု
ပြိုင်စမ်းပညာ
ဘယ်သူ့ကွမ်းယာစွမ်းလဲ
မန်းကွမ်း ဆင်ပြီး
အဘိုး ယှဉ်ပြိုင်ခဲ့တာ
လွမ်းစရာကောင်းလိုက်တာ။
အဘိုးရဲ့ခေတ်ကို အားကျလို့
ကုထုံးသစ်ကို ဘေးချိတ်
အသည်းထိတ်လိုက်ပါဘိ ငါ့မြေးတို့ရယ်။
အပြေးတ၀က်နဲ့ ကယောင်ကတမ်း
ကွမ်းမန်း ရေမန်း ဆီမန်း နဲ့ စမ်းသုံးဘို့ ပြင်နေကြတာလား
မလွယ်တော့ဘူး ထင်ပါရဲ့။
အဘိုးတို့ခေတ်က, အစားအစာတွေမှာ
အခုခေတ် အခုကာလ,လို
ဓါတုဆေးဝါးကို ထည့်စားဘို့
ဓါတုဆေးဝါးကို ထည့်သုံးထားဘို့မပြောနဲ့
စကားလုံးတောင် မကြားဘူးဘူး။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)